CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဖူလ်ဟမ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် အလွန်စိတ်ပျက်နေပြီး ဒီပွဲဟာ အသင်းရဲ့ ဒီရာသီအဆိုးရွားဆုံးပွဲလို့ ပြောလိုက်ပါတယ်။

အာတီတာက “တကယ်ကို ခက်ခဲတဲ့နေ့ဖြစ်သလို ဝမ်းနည်းစရာ ကောင်းတဲ့နေ့လည်း ဖြစ်ပါတယ်။ ကျနော်တို့ဟာ အနိုင်ရဖို့ ရည်မှန်းထားတဲ့ ပွဲတစ်ပွဲကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲက အသင်းအတွက် ဒီရာသီ အဆိုးရွားဆုံးပွဲပါ။ ကျနော် တို့ဟာ ဒီပွဲမှာ လုံလောက်အောင် ကောင်းမွန်ခဲ့ခြင်း မရှိတဲ့အတွက် အနိုင်ရဖို့ မထိုက်တန်ပါဘူး။ ဒီဇင်ဘာ ၃၁ ရက် မှာ လိဂ်ရဲ့ ထိပ်ဆုံးနေရာ ဦးဆောင်နိုင်မယ့် အခွင့်အရေး ရပေမယ့် ဆိုးရွားတဲ့ ခံစားချက်နဲ့ အဆုံးသတ်သွားပါပြီ” လို့ BBC Sport ကို ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဖူလ်ဟမ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဒီရာသီမှာ ပရီးမီးယားလိဂ်ဆုဖလား ရယူနိုင်ဖို့ မျှော်လင့်နေတဲ့ အာဆင်နယ်အသင်း အတွက်တော့ ဒီရှုံးပွဲတွေဟာ ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပြီး အခုဆိုရင် အမှတ်ပေးဇယားအဆင့် ၄ နေရာအထိ ရောက်ရှိသွားခဲ့တာပါ။ 

အာဆင်နယ်အသင်း နည်းပြ အာတီတာကို တွေ့ရစဉ်

အဲ့ဒါကြောင့် အာတီတာဟာ ဖူလ်ဟမ်အသင်းနဲ့ပွဲက အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည်တွေကို အလွန် စိတ်ပျက်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကတော့ ကစားဖို့ပွဲတွေ အများကြီးရှိသေးတဲ့အတွက် အပြု သဘောဆောင် နေဖို့လိုတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဒီကလန်ရိုက်စ်က “ထိတ်လန့်စရာ မလိုပါဘူး။ ကစားရမယ့်ပွဲတွေလည်း အများကြီးရှိပါသေးတယ်။ အပြုသဘော ဆောင်ဖို့လိုပြီး အဆိုးမြင်ရမယ့် အချိန်မဟုတ်ပါဘူး။ ကျနော်တို့မှာ ကောင်းမွန်တဲ့နည်းပြ၊ ကောင်းမွန်တဲ့ ကစား သမားတွေရှိပြီး ကျနော်တို့ ဆက်သွားရမှာပါ”လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဇန်နဝါရီ ၇ ရက်မှာ FA ဖလားပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။

Source: Metro