CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၈

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ လေဗာကူဆင်အသင်းကို ၂ ဂိုး-ဂိုး မရှိနဲ့ အနိုင်ရရှိကာ ကွာတားဖိုင်နယ် တက်နိုင်ခဲ့ပြီးနောက် ကွင်းလယ်လူ ဒီကလန်ရိုက်စ်က သူတို့ဟာ အခုအချိန် မှာ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။ 

ဒီကလန်ရိုက်စ်က “ကျနော်တို့ဟာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပွဲတိုင်းမှာ အနိုင်ရယူနိုင်တယ်ဆိုတဲ့ ယုံကြည်မှု ရှိနေပါ တယ်။ ဒါကြောင့် ကျနော်တို့ဟာ လာမယ့် ဗိုလ်လုပွဲအတွက် အဆင်သင့်ဖြစ်နေပြီး ဒီပွဲကို စောင့်မျှော်နေပါတယ်။ ဒါက ရယူဖို့ အသင့်ဖြစ်နေတဲ့ ပထမဆုံး ဆုဖလားဖြစ်ပြီး ဒါကိုရယူနိုင်ခဲ့ရင် ရှေ့ဆက်သွားမယ့် အရှိန်အဟုန်က အလွန်ကြီးမားပါတယ်”လို့ CBS Sports ကို ပြောခဲ့တာပါ။ 

အာဆင်နယ်အသင်းဟာ ပထမအကျော့ပွဲစဉ်မှာ လေဗာကူဆင်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပေမယ့် ဒုတိယ အကျော့မှာ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတား ဖိုင်နယ်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီရာသီဆုဖလား ၄ လုံး ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ အာဆင်နယ်အသင်းဟာ လာမယ့်ပွဲအဖြစ် မန်စီးတီးအသင်းနဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာပါ။ 

အာတီတာနဲ့ ဒီကလန်ရိုက်စ်ကို တွေ့ရစဉ်

အာဆင်နယ်အသင်းဟာ ၂၀၂၀ ခုနှစ်မှာ FA ဖလား ရယူပြီးနောက်ပိုင်း ပထမဆုံး ဆုဖလားအဖြစ် ကာရာဘောင်း ဖလားကို ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဒီအချိန်မှာ ဒီကလန်ရိုက်စ်က သူ့ရဲ့အသင်းဖော်တွေဟာ ကာရာဘောင်းဖလား ဗိုလ်လုပွဲအတွက် အလွန် စိတ်လှုပ်ရှားနေကြပြီး ဒီရလဒ်က အသင်းရဲ့ လာမယ့်ပွဲတွေအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ 

ဒါ့ပြင် ဒီကလန်ရိုက်စ်က သူတို့ဟာ အခုအချိန်မှာ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်လို့ ယုံကြည်မှု ရှိနေပါတယ်။ 

အာဆင်နယ်အသင်း နည်းပြ အာတီတာက ၃ ရက်ကို ၁ ပွဲ ကစားနေရတာဟာ အလွန်ခက်ခဲပေမယ့် အသင်းတစ်သင်းလုံးရဲ့ စိတ်ဓာတ်ပိုင်းတွေ၊ သူတို့ပြသခဲ့တဲ့ စိတ်အားထက်သန်မှုတွေနဲ့ တုန့်ပြန်မှုတွေက အံ့မခန်းပဲလို့ ပြောခဲ့ပါတယ်။ 

ကာရာဘောင်းဖလား ဗိုလ်လုပွဲအဖြစ် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် မန်စီးတီးအသင်းဟာ ရီးရယ်လ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။ 

Source: metro