CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇
ဘာစီလိုနာအသင်းဥက္ကဋ္ဌအဖြစ် ၂၀၃၁ ခုနှစ်အထိ ပြန်လည် တာဝန်ထမ်းဆောင်ရမယ့် လာပေါ်တာက အသင်းထံ ပြန်လာဖို့ မက်ဆီအတွက် အမြဲတမ်း တံခါးဖွင့်ထားတယ်လို့ ပြောခဲ့ပါတယ်။
လာပေါ်တာက “လီယိုဟာ ဂုဏ်ပြုပွဲတစ်ပွဲနဲ့ ရုပ်တုတစ်ခု ပြုလုပ်ခံရဖို့ ထိုက်တန်ပါတယ်။ ဒါက အလွန် အရေးပါ ပါလိမ့်မယ်။ သူဆန္ဒရှိတဲ့အချိန်တိုင်း ဘာစီလိုနာအသင်းဟာ သူ့အတွက် အမြဲတမ်း တံခါးဖွင့်ထားပါတယ်။ ဒါကြောင့်သူဟာ ဒီအဖွဲ့အစည်းကို ဆက်အားကောင်းစေကာ ကြီးကျယ်ခမ်းနားမှုကို ယူဆောင်လာပေးနိုင်မှာ ပါ”လို့ TV3 ကို ပြောခဲ့တာပါ။
လာပေါ်တာဟာ ဘာစီလိုနာအသင်းဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ ပြိုင်ဘက် ဗစ်တာဖောင့်ကို မဲအပြတ်အသတ်နဲ့ အနိုင်ရပြီး နောက်ထပ် သက်တမ်းတစ်ခုကို တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
ဗစ်တာဖောင့်ဟာ လာပေါ်နဲ့ မက်ဆီရဲ့ ဆက်ဆံရေး အဆင်မပြေမှုကို အခွင့်ကောင်းယူပြီး ဘာစီလိုနာအသင်း ဥက္ကဋ္ဌ ရာထူးကို ရယူနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် မဲအပြတ်အသတ်နဲ့ အရေးနိမ့်ခဲ့တာပါ။

မက်ဆီကို တွေ့ရစဉ်
ရွေးကောက်ပွဲ မဲဆွယ်နေချိန်အတွင်းမှာ ဘာစီလိုနာအသင်း နည်းပြဟောင်း ဇာဗီက လာပေါ်တာကို လိမ်ညာတဲ့ သူလို့ခေါ်ကာ သူဟာ ၂၀၂၃ ခုနှစ်မှာ မက်ဆီအသင်းထံ ပြန်လာမှာကို ပိတ်ပင်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
မက်ဆီကတော့ ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ဘာမှထုတ်ပြောခြင်းမရှိဘဲ တိတ်ဆိတ်နေခဲ့တာပါ။
ဘာစီလိုနာအသင်းအတွက် ၇၇၈ ပွဲ ကစားခဲ့ပြီး ၆၇၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ မက်ဆီဟာ အနာဂတ်မှာ ကလပ်အသင်း ထံ ပြန်လာချင်ကြောင်း ပြောထားပါတယ်။
လာပေါ်တာက လာမယ့် ၅ နှစ်အတွင်းမှာ နည်းပြ ဟန်ဆီဖလစ်၊ အားကစားဒါရိုက်တာ ဒေကိုတို့နဲ့အတူ ကောင်း မွန်တဲ့ အသင်းတစ်သင်းကို ဆက်တည် ဆောက်သွားမှာဖြစ်သလို ပရိသတ်တွေ နှစ်သက်တဲ့ ဆုဖလားတွေလည်း ရယူသွားမယ်လို့ Mundo Deportivo ကို ပြောခဲ့ပါတယ်။
Source: ESPN
