CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၃

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ပြီးခဲ့တဲ့ရက်ပိုင်းမှာ နူးကမ့်ကွင်းကြီးထဲကို ရောက်လာခဲ့တဲ့ မက်ဆီဟာ အသင်းကို ကစားသမားတစ်ဦး အနေနဲ့ပြန်လာဖို့ လက်တွေ့မကျဘူးလို့ ပြောခဲ့ပါတယ်။ 

လာပေါ်တာက “သူထွက်ခွာမှုဟာ ကျနော်တို့ လိုချင်တဲ့အတိုင်း မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် မက်ဆီနဲ့ ကလပ်မှာ ရှိတဲ့ လူတိုင်းအပေါ် လေးစားမှု အမြင့်ဆုံးအရ လက်တွေ့မကျတဲ့ ထင်ကြေးတွေကို ပေးနေတာက မသင့်တော်ဘူး”လို့ Catalunya Radio ကို ပြောခဲ့တာပါ။ 

ဘာစီလိုနာအသင်း ဂန္ထဝင် မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့ ပူးပေါင်းဖို့ စပိန်နိုင်ငံထံ ရောက်ရှိချိန်မှာ ပြန်လည် ပြုပြင်မှုတွေ ပြုလုပ်နေတဲ့ နူးကမ့်ကွင်းကြီးထဲကို သွားရောက် လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီက ကစားသမား တစ်ဦးအနေနဲ့ မနှုတ်ဆက်ခဲ့ရမှုအတွက် တစ်နေ့မှာ ဒီကွင်းထဲပြန်လာပြီး ဘာစီလိုနာ အသင်း ပရိသတ်တွေကို နှုတ်ဆက်ချင်တယ်လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် မက်ဆီက သူနဲ့ သူ့မိသားစုဟာ ဘာစီလိုနာကို လွမ်းဆွတ်နေကြောင်းလည်း အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာပါ။ 

မက်ဆီကို တွေ့ရစဉ်

အင်တာမိုင်ယာမီအသင်းဟာ မကြာမီမှာ မေဂျာလိဂ်ရာသီ ကုန်တော့မှာ ဖြစ်တဲ့အတွက် မက်ဆီဟာ ဘာစီလိုနာ အသင်းထံ ကာလတိုစာချုပ်နဲ့ ပြန်လာပြီး ကစားနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ 

လာပေါ်တာကတော့ ဒီထင်ကြေး သတင်းတွေကို ငြင်းဆန်ပြီး မက်ဆီအသင်းထံ ပြန်လာဖို့က လက်တွေ့ မကျဘူးလို့ ပြောခဲ့တာပါ။

ဒါပေမယ့် လာပေါ်တာဟာ နူးကမ့်ကွင်းကြီး ပြန်ဖွင့်လှစ်မယ့်အချိန်မှာ မက်ဆီ ပါဝင်တဲ့ ပွဲတစ်ပွဲကို ကျင်းပဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။ 

ဘာစီလိုနာအသင်းမှာ လူငယ် ကစားသမားဘဝ အပါအဝင် နှစ်ပေါင်း ၂၀ ကြာရှိခဲ့တဲ့ မက်ဆီဟာ အသင်းကြီး အတွက် ၇၇၈ ပွဲ ကစားခဲ့ပြီး ၆၇၂ ဂိုး သွင်းယူကာ လာလီဂါဖလား ၁၀ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၃၄ ခု ရယူနိုင်ခဲ့ပါတယ်။ 

မက်ဆီဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာပြီးနောက်မှာ PSG နဲ့ လက်ရှိ အင်တာမိုင်ယာမီအသင်းမှာ ကစားနေပြီး သူဟာ မေဂျာလိဂ်ကလပ်နဲ့ ၂၀၂၈ အထိ စာချုပ်သက်တမ်း တိုးထားတာ ဖြစ်ပါတယ်။ 

Source: ESPN