CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၇
ဘာစီလိုနာအသင်း ဥက္ကဋ္ဌရာထူးကို ပြန်လည်ရယူနိုင်ဖို့ ရေပန်းစားနေတဲ့ လာပေါ်တာက ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးကို အသင်းမှာ နောက်ထပ် တစ်ရာသီကြာ ဆက်ထိန်းဖို့ စီစဉ်နေကြောင်း အရိပ်အမြွက်ပြောခဲ့ ပါတယ်။
လာပေါ်တာက “ဘာစီလိုနာက ကစားသမားတွေ ခေါ်ယူနိုင်ပြီး ကျနော်တို့မှာ အလွန်ကောင်းမွန်တဲ့ တိုက်စစ်မှူး တွေဖြစ်တဲ့ ဖာရန်နဲ့ လီဝန်ဒေါစကီးတို့ ရှိပါတယ်။ ပြီးတော့ အော်လ်မို၊ ရက်ရှ်ဖို့ဒ်နဲ့ယာမဲလ်တို့လည်း ဒီနေရာမှာ ကစားနိုင်ပါတယ်။ ဈေးကွက်မှာ စိတ်ဝင်စားဖို့ကောင်းပြီး အသင်းလူစာရင်းကို တိုးတက်မယ်လို့ထင်တဲ့ အခွင့် အရေးကို မြင်ရင် ဒေကိုက ကျနော်တို့ကို အကြံပြုပါလိမ့်မယ်၊ ပြီးရင် ကျနော်တို့ ဆုံးဖြတ်မှာပါ”လို့ နွေရာသီမှာ တိုက်စစ်မှူး အသစ်တစ်ဦး ခေါ်ယူဖွယ် ရှိ/မရှိ မေးမြန်းမှုကို ဖြေခဲ့ပါတယ်။
လီဝန်ဒေါစကီးနဲ့ ဘာစီလိုနာအသင်း စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာ ဖြစ်ပေမယ့် သူဟာ အသင်းအတွက် သွင်းဂိုးတွေ သွင်းယူပြီး ခြေစွမ်းပြသနေတာပါ။

လီဝန်ဒေါစကီးကို တွေ့ရစဉ်
ဘာစီလိုနာအသင်းဟာ လီဝန်ဒေါစကီးရဲ့ စာချုပ်ကို နောက်ထပ်တစ်နှစ် သက်တမ်း တိုးနိုင်သလို လာပေါ်တာ ကလည်း သူအသင်းမှာ ဆက်ရှိမယ့် အရိပ်အမြွက်ကို ပြောခဲ့ပါတယ်။
မေဂျာလိဂ်နဲ့ဥရောပကလပ် အသင်းတချို့ရဲ့ စိတ်ဝင်စားမှု ခံနေရတဲ့ လီဝန်ဒေါစကီးကတော့ သူ့ရဲ့အနာဂတ်ကို အလျင်စလို ဆုံးဖြတ်သွားမှာ မဟုတ်ဘဲ လာမယ့် ၃ လအတွင်းမှာ စဉ်းစားပြီး ဆုံးဖြတ်သွားမယ်လို့ ပြောခဲ့တာပါ။
၂၀၂၂ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ရောက်လာခဲ့တဲ့ လီဝန်ဒေါစကီးဟာ ပွဲပေါင်း ၁၈၀ ကစားထားပြီး သွင်းဂိုး ၁၁၀ ကျော် သွင်းယူထားပါတယ်။
လာပေါ်တာဟာ ပြီးခဲ့တဲ့လမှာ ဘာစီလိုနာဥက္ကဋ္ဌ ရာထူးကနေ နုတ်ထွက်ခဲ့ပေမယ့် အခုလထဲ ကျင်းပမယ့် ရွေးကောက်ပွဲအသစ်ကို ဝင်ရောက်ယှဉ်ပြိုင်နေတာပါ။
လာပေါ်တာဟာ အဝတ်လဲခန်း၊ နည်းပြဟန်ဆီဖလစ်နဲ့ အားကစားဒါရိုက်တာ ဒေကိုတို့ရဲ့ ထောက်ခံမှု ရရှိထား တာကြောင့် ဥက္ကဋ္ဌအဖြစ် ပြန်လည် ရွေးချယ်ခံရဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။
Source: Sportsmole
