CNI International News

ဝါရှင်တန်၊ ဇူလိုင် ၃

Apple ကုမ္ပဏီသည် ယခုနှစ် ဒုတိယနှစ်ဝက်နှင့် ၂၀၂၇ ခုနှစ် ပထမနှစ်ဝက်တို့တွင် အနည်းဆုံး iPhone မော်ဒယ် အသစ် ၅ မျိုးနှင့် ခေါက်ဖုန်းများပါဝင်မည့် iPhone မိတ်ဆက်ပွဲ တစ်ခုကို ပြုလုပ်ရန် စီစဉ်နေကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

Apple သည် ယခင်က ခေါက်ဖုန်းအလုံးရေ ၇ သန်းမှ ၈ သန်းအထိ ထုတ်လုပ်ရန် မျှော်မှန်းထားသော်လည်း ယခုနှစ်အတွင်း iPhone ခေါက်ဖုန်းအလုံးရေ ၁၀ သန်းခန့်အထိ တိုးမြှင့်ထုတ်လုပ်ရန် ပစ္စည်းထောက်ပံ့သည့် ကုမ္ပဏီများကို ပြင်ဆင်ခိုင်းထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

Apple လှုပ်ရှားမှုသည် လက်ရှိတွင် ပြိုင်ဘက် Samsung Electronics နှင့် တရုတ်နည်းပညာကုမ္ပဏီ Huawei Technologies တို့ ဦးဆောင်နေသည့် ခေါက်ဖုန်းဈေးကွက် ဝေစုကို ရယူနိုင်ရန်အတွက် စမတ်ဖုန်း ထုတ်လုပ်သူ များကြား ခေါက်ဖုန်းအသစ်များ ပိုမိုထုတ်လုပ်ရန် အပြိုင်အဆိုင် ကြိုးပမ်းနေချိန်၌ ပေါ်ပေါက်လာခြင်းဖြစ်သည်။

iphone များကို တွေ့ရစဉ်

Apple ကုမ္ပဏီသည် မကြာသေးမီကပင် Memory & Storage ချစ်ပ်ပြား ဈေးနှုန်းများ မြင့်တက်လာခြင်းကို အကြောင်းပြ၍ Mac နှင့် iPad မော်ဒယ်အချို့၏ ဈေးနှုန်းများကို မြှင့်တင်ခဲ့သည်။

ထို့ပြင် စက်ပစ္စည်း အစိတ်အပိုင်းများ၏ ကုန်ကျစရိတ် ဆက်တိုက် မြင့်တက်နေမှုသည် နောင်တွင် ထွက်ရှိလာ မည့် iPhone ဈေးနှုန်းများအပေါ် သက်ရောက်မှု ရှိလာနိုင်ကြောင်း ကုမ္ပဏီအမှုဆောင်များက သတိပေး ပြောကြား ထားသည်။

Source: Nikkei Asia