CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆
ယူနိုက်တက်အသင်းဟာ လီဗာပူးလ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့ပေမယ့် သူနဲ့ သူ့ရဲ့အသင်းဖော်တွေဟာ ဒီရလဒ် အပေါ် ကျေနပ်မှုမရှိဘူးလို့ ယူနိုက်တက်အသင်း ခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ပြောခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “ကျနော်တို့ မကျေနပ်နိုင်ဘဲ အနည်းငယ် စိတ်ပျက်မိပါတယ်။ ကျနော်တို့ဟာ ဒီပုံစံကို ရပ်တန့်လို့ မရပါဘူး။ စိတ်ပျက်စရာတွေကို နောက်ပွဲတွေမှာ ယူဆောင်သွားရမှာဖြစ်ပြီး အန်ဖီးလ်မှာ ဒီလို လုပ်နိုင်ရင် အပတ်တိုင်း ကျနော်တို့ ဘာကြောင့် မလုပ်နိုင်ရမှာလဲ။ ဒီရာသီမှာ တစ်ခုခု ရယူနိုင်ဖို့အတွက် ကျနော်တို့ ကိုယ်တိုင်က အများကြီးပိုပြီး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ ဒီအတိုင်း ဆက်သွားဖို့ လိုတယ်”လို့ Sky Sports ကိုပြောခဲ့တာပါ။
ဒီပွဲမှာ ယူနိုက်တက်အသင်းအတွက် လီဆန်ဒရိုမာတီနက်ဇ်က ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ဂတ်ပိုနဲ့ ဆာလက်တို့က လီဗာပူးလ်အသင်းအတွက် ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်ပြီးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အာမတ်က ယူနိုက်တက်အသင်းအတွက် ချေပဂိုး သွင်းယူခဲ့တာကြောင့် ၂ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာပါ။
လီဗာပူးလ်နဲ့ယူနိုက်တက်အသင်း ယှဉ်ပြိုင်နေစဉ်
ယူနိုက်တက်အသင်းဟာ ဒီပွဲသရေ ရလဒ်ကြောင့် ပြိုင်ပွဲစုံ ၄ ပွဲ ဆက်တိုက် အရေးနိမ့်တာကနေ ရပ်တန့်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ဒီပွဲမှာ အသင်းဟာ ပြိုင်ဆိုင်လိုစိတ် အပြည့်နဲ့ ကစားသွားခဲ့ပြီး ဒီလိုမျိုး ပွဲတိုင်း ကစားသင့်တယ်လို့ မှတ်ချက်ပေးခဲ့တာပါ။
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ဟာ ပွဲအပြီးမှာ ယူနိုက်တက်အသင်းရဲ့ အရည်အသွေးတွေကို ချီးကျူးမှု ပြုလုပ်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီပွဲသရေကျခဲ့ပေမယ့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ၁ ပွဲလျော့၊ ရမှတ် ၆ မှတ်အသာနဲ့ ဦးဆောင်နေတာပါ။
ယူနိုက်တက်အသင်းကတော့ ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ ကစားအပြီးမှာ ရမှတ် ၂၃ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့်အပတ်မှာ FA ဖလား တတိယအဆင့် ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
လီဗာပူးလ်အသင်းဟာ ကြားရက်ထဲမှာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲပြီးရင် FA ဖလား တတိယအဆင့်အဖြစ် အက်ကာရင်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN