CNI Sport News

၂၀၂၆ ခုနှစ်၊ မေလ ၉

ယူနိုက်တက်အသင်း ခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ဘောလုံးအားကစား ကလောင်ရှင်များအဖွဲ့ (FWA)ရဲ့ တစ်နှစ်တာ အကောင်းဆုံး အမျိုးသားဘောလုံးသမားဆုကို ရရှိခဲ့ပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၃၄ ပွဲ ကစားထားပြီး ၈ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု အကြိမ် ၂၀ ပြုလုပ်ထားတာပါ။ 

ပေါ်တူဂီ ကွင်းလယ်လူဟာ FWA အဖွဲ့ဝင် ၉၀၀ ကျော်ရဲ့ မဲ ၄၅ ရာခိုင်နှုန်းရရှိပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်က ဒုတိယနဲ့ မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းက တတိယရခဲ့ပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်ကို တွေ့ရစဉ်

ဘရူနိုဖာနန်ဒက်စ်ဟာ နည်းပြ ကာရစ် လက်ထက်မှာ ယူနိုက်တက်အသင်း ရလဒ်ကောင်းတွေ ရရှိအောင် အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ၂ ရာသီ ဆက်တိုက် ဆုဖလားလက်မဲ့နဲ့ ရာသီ အဆုံးသတ်ရမှာ ဖြစ်ပေမယ့် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ပြန်လည် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။ 

ဘရူနိုဖာနန်ဒက်စ်ဟာ ၂၀၁၀ ခုနှစ်က ဝိန်းရွန်နီ နောက်ပိုင်း FWA အမျိုးသားဆုကို ရရှိတဲ့ ပထမဆုံး ယူနိုက်တက် အသင်း ကစားသမား ဖြစ်ခဲ့ပါတယ်။ 

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှာ စပို့တင်းလစ္စဘွန်းအသင်းကနေ ရောက်လာခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက် အသင်းအတွက် ၃၂၄ ပွဲ ကစားထားပြီး ၁၀၆ ဂိုး သွင်းယူထားတာပါ။

FWA တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုကို မန်စီးတီးအသင်း တိုက်စစ်မှူး ဘန်နီရှောက ရရှိခဲ့ပါတယ်။ 

Source: BBC