CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၉
ရီးရယ်လ်အသင်းဟာ ၂ ရက်ဆက်တိုက် ရန်ပွဲဖြစ်ခဲ့တဲ့ ကွင်းလယ်လူ ဗယ်လ်ဗာဒီနဲ့ ချူအာမန်နီတို့ကို ယူရို ၅ သိန်း စီ ဒဏ်ကြေးငွေ ချမှတ်ခဲ့ပါတယ်။
ဒီရန်ပွဲကြောင့် ဗယ်လ်ဗာဒီဟာ ဦးခေါင်းမှာ ဒဏ်ရာရခဲ့တဲ့အတွက် ဆေးရုံထံပို့ဆောင်ခဲ့ရပြီး ဘာစီလိုနာအသင်းနဲ့ လာလီဂါပွဲကို ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
ရီးရယ်လ်အသင်းဟာ သူတို့နှစ်ဦး ရန်ပွဲဖြစ်ပွားအပြီး နောက်တစ်ရက်အကြာမှာ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူ သွားမယ်လို့ ကြေညာခဲ့ပါတယ်။
သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ ရီးရယ်လ်အသင်းရဲ့ ကြေညာချက်မှာ ကစားသမား ၂ ဦးဟာ ဖြစ်ပျက်ခဲ့တဲ့အတွက် အရာအတွက် အလွန်နောင်တရနေပြီး အပြန်အလှန် တောင်းပန်ခဲ့ကြတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် သူတို့ ၂ ဦးဟာ ကလပ်၊ အသင်းဖော်တွေနဲ့ နည်းပြအဖွဲ့ဝင်တွေကိုလည်း တောင်းပန်ခဲ့ကြပြီး အသင်းက သူတို့ကို ယူရို ၅ သိန်းစီ ဒဏ်ကြေးငွေ ချမှတ်ဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဗယ်လ်ဗာဒီနဲ့ ချူအာမန်နီကို တွေ့ရစဉ်
ချူအာမန်နီဟာ ရီးရယ်လ်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပြန်ပါဝင်ခဲ့ပေမယ့် ဗယ်လ်ဗာဒီကတော့ ဒဏ်ရာ ကြောင့် အနားယူနေရတာပါ။
ဒီရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ရမယ့် ရီးရယ်လ်အသင်းရဲ့ အဝတ်လဲခန်းဟာ တင်းမာမှုတွေရှိနေပြီး မကြာသေးခင်က နောက်ခံလူတွေဖြစ်တဲ့ ရူဒီဂါနဲ့ ကာရီရက်စ်တို့ ရန်ပွဲဖြစ်ပွားခဲ့ကြပါတယ်။
ဒါ့အပြင် နည်းပြအာဘီလိုအာနဲ့ အသင်းခေါင်းဆောင် ကာဗာဟယ်လ်၊ အဆန်စီယို၊ ဆီဘယ်လော့စ်တို့အကြားမှာ အငြင်းပွားမှုတွေ ရှိနေတာပါ။
ရီးရယ်လ်အသင်းဟာ ဘာစီလိုနာအသင်းနဲ့ လာလီဂါပွဲမှာ အနိုင်ရလဒ် မရယူနိုင်ရင် ဘာစီလိုနာအသင်းကို ၂ ရာသီ ဆက်တိုက် ချန်ပီယံအဖြစ် အောင်ပွဲခံခွင့်ပေးရမှာ ဖြစ်ပါတယ်။
Source: ESPN
