CNI Sport News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉

ဥရုဂွေးအသင်း တိုက်စစ်မှူးဟောင်း ကာဗာနီဟာ အာဂျင်တီးနား ထိပ်သီးကလပ်ဖြစ်တဲ့ ဘိုကာဂျူနီယာအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။ 

ဒါပေမယ့် အသက် ၃၉ နှစ်အရွယ်ရှိ ကာဗာနီဟာ ကစားသမားဘဝကနေ အနားမယူချင်သေးဘဲ ဘောလုံးဆက်ပြီး ကစားချင်နေပါတယ်။ 

ကာဗာနီဟာ ဘိုကာဂျူနီယာအသင်းကို ၂၀၂၃ ခုနှစ်မှာ ပြောင်းရွှေ့ခဲ့ပြီး ၈၁ ပွဲကစားကာ ၂၈ ဂိုး သွင်းယူနိုင် ခဲ့ပါ တယ်။ 

ကာဗာနီဟာ မကြာခဏဆိုသလို ဒဏ်ရာ ရရှိနေတာကြောင့် လျော်ကြေးမရဘဲ ဘိုကာဂျူနီယာအသင်းနဲ့ စာချုပ် ဖျက်သိမ်းခဲ့ရတယ်လို့ Ole က ဖော်ပြထားပါတယ်။ 

ကာဗာနီဟာ ၂၀၂၆ ခုနှစ်ရာသီမှာ ခါးနာတာနဲ့ ကျောရိုးနာကျင်မှုကြောင့် ဘိုကာဂျူနီယာအသင်းအတွက် ၂ ပွဲသာ ကစားနိုင်ခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။ 

ကာဗာနီကို တွေ့ရစဉ်

ကာဗာနီရဲ့ ကိုယ်စားလှယ်တစ်ဦးက သူဟာ ကောင်းမွန်တယ်လို့ ခံစားရပြီး ပွဲဆက်ကစားနိုင်ဖို့ မျှော်လင့်ကြောင်းနဲ့ စာချုပ်ဖျက်သိမ်းလိုက်ပေမယ့် အနားယူမှာ မဟုတ်သေးဘူးလို့ ပြောခဲ့ပါတယ်။ 

ကာဗာနီဟာ ဘိုကာဂျူနီယာအသင်းနဲ့အတူ ဆုဖလားအောင်မြင်မှု ရယူနိုင်ခဲ့ခြင်း မရှိဘဲ အမြင့်ဆုံးအောင်မြင်မှု အဖြစ် ၂၀၂၃ ကိုပါလီဘာတေးဒိုးစ်ဗိုလ်လုပွဲ ရောက်ရှိခဲ့တာပါ။ 

ပါလာမို၊ နာပိုလီ၊ PSG၊ ယူနိုက်တက်နဲ့ ဗလင်စီယာအသင်းတို့မှာလည်း ကစားခဲ့တဲ့ ကာဗာနီဟာ ဥရုဂွေး လက်ရွေး စင် အသင်းကနေ ၂၀၂၂ ခုနှစ်မှာ အနားယူခဲ့ပါတယ်။ 

ကာဗာနီဟာ ဥရုဂွေးအသင်း အတွက် ၁၃၆ ပွဲ ကစားခဲ့ပြီး ၅၈ ဂိုးသွင်းယူကာ ၂၀၁၁ ကိုပါအမေရိကဖလား ရရှိခဲ့ပါ တယ်။

Source: Dailymail