CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄

ဥရုဂွေးလက်ရွေးစင်အသင်းရဲ့ စံချိန်တင်ဂိုးသွင်းရှင် ဆွာရက်ဇ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင်အမေရိက ဇုန်) ပွဲစဉ်အတွက် ထုတ်ပြန်ခဲ့တဲ့ နိုင်ငံအသင်းရဲ့ လူစာရင်းမှာ ပြန်ပါဝင်လာခဲ့ပြီး တိုက်စစ်မှူး ကာဗာနီကတော့ ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့ပါတယ်။

ကာဗာနီဟာ ဥရုဂွေးအသင်းရဲ့ လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် နယူးဝဲလ်အိုးဘွိုင်းစ် အသင်းနဲ့ ပွဲစဉ်မှာ ဘိုကာဂျူနီ ယာအတွက် ပါဝင်ကစားရင်း ကြွက်သားဒဏ်ရာ ရရှိသွားခဲ့တာကြောင့် လူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။

ဆွာရက်ဇ်ကတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ပိုင်း ပထမဆုံးအကြိမ် ဥရုဂွေးအသင်း လူစာရင်းမှာ ပြန်လည် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဆွာရက်ဇ်ကို တွေ့ရစဉ်

အသက် ၃၆ နှစ်အရွယ်ရှိ ဆွာရက်ဇ်ဟာ ဂါနာအသင်းနဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ ဥရုဂွေးအသင်းအတွက် နောက်ဆုံး ပါဝင်ကစားထားပါတယ်။

ဆွာရက်ဇ်ဟာ ဥရုဂွေးအသင်းအတွက် ၁၃၇ ပွဲ ပါဝင်ကစားထားပြီး ၆၈ ဂိုး သွင်းယူထားကာ နိုင်ငံအသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ 

ဆွာရက်ဇ်အနေနဲ့ ဥရုဂွေးအသင်းအတွက် ပြန်လည် ပါဝင်ကစားခွင့်ရမှာဖြစ်လို့ သူ့ရဲ့စံချိန်ကို ၂ ဂိုးအသာနဲ့ ကျော်ဖြတ်ခဲ့တဲ့ မက်ဆီရဲ့ သွင်းဂိုးအရေအတွက် ပြန်လည်လိုက်မှီဖို့ အခွင့်အရေး ရရှိတော့မှာပါ။ 

မက်ဆီဟာ တောင်အမေရိကဇုန်ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ သွင်းဂိုး အများဆုံး ကစားသမားအဖြစ် ဆွာရက်ဇ်ရဲ့သွင်းဂိုး ၂၉ ဂိုးကို ကျော်ဖြတ်ပြီး ၃၁ ဂိုးနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဥရုဂွေးအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ် ၄ ပွဲ ကစားထားအပြီးမှာ ရမှတ် ၇ မှတ် နဲ့ အာဂျင်တီးနားအသင်းရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ဥရုဂွေးအသင်းဟာ ခြေစစ်ပွဲတွေအဖြစ် နိုဝင်ဘာ ၁၆ ရက်မှာ အာဂျင်တီးနား၊ ၂၁ ရက်မှာ ဘိုလီးဗီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA