CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၄

ဥရုဂွေးကြယ်ပွင့် ကစားသမားတွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် ပြုမူခဲ့တဲ့ အပြုအမူတွေ ကြောင့် ဖီဖာရဲ့ ၆ လ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖွယ် ရှိနေပါတယ်။

ပေါ်တူဂီ၊ တောင်ကိုရီးယားနဲ့ ဂါနာတို့ ပါဝင်တဲ့ ဒီအုပ်စုမှာ ဥရုဂွေးအသင်းဟာ အုပ်စုကနေ ထွက်ခွာခဲ့ရတာပါ။

ဥရုဂွေးအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ဂါနာအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် တောင်ကိုရီးယား အသင်းက ပေါ်တူဂီအသင်းကို အနိုင်ရခဲ့တာကြောင့် အုပ်စုနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဥရုဂွေးအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ကာဗာနီနဲ့ ဂျီမီနတ်စ်တို့ဟာ ပွဲအပြီးမှာ ဒိုင်လူကြီးကို အပြင်းအထန် စောဒက တက်ခဲ့ကြတာပါ။

ဒိုင်လူကြီးကို ဖိအားပေးတဲ့ သူတွေထဲမှာ ဂိုးသမား မူဆလီယာနဲ့ အသင်းခေါင်းဆောင် ဂိုဒင်တို့လည်း ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ကာဗာနီဆိုရင် ဥမင်ထဲကိုသွားတဲ့ လမ်းမှာရှိတဲ့ VAR မော်နီတာကို တွန်းထုတ်သွားခဲ့ ပါတယ်။

ကာဗာနီကို တွေ့ရစဉ်

ဥရုဂွေး ကစားသမားတွေဟာ ဒီပွဲမှာ ဖီဖာရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် ဘောလုံးလောကကနေ အနည်းဆုံး ၆ လအထိ ပိတ်ပင်တဲ့ ပြစ်ဒဏ်ချမှတ် ခံရနိုင်တယ်လို့ AS သတင်းမှာ ဖော်ပြထားတာပါ။

ဥရုဂွေးသတင်းစာ EI Pais ကလည်း ဖီဖာအနေနဲ့ ဒီစွပ်စွဲချက်တွေကို တင်ပြဖို့ ဇန်နဝါရီလ ၉ ရက်အထိ ရက် သတ်မှတ် ထားတယ်လို့ ပြောထားပါတယ်။

ကစားသမားတွေကို ပြစ်ဒဏ်အနေနဲ့ ၁၀ ပွဲကနေ ၁၅ ပွဲအထိ ချမှတ်နိုင်တယ်လို့လည်း EI Pais က ဖော်ပြထား တာပါ။ ကာဗာနီနဲ့ ဂျီမီနတ်စ်တို့ဟာ ပြစ်ဒဏ် ကျခံရမယ်ဆိုရင်လည်း ဥရုဂွေးအသင်းမှာသာ ပွဲပယ်ခံရဖွယ်ရှိပြီး ကလပ်အသင်းတွေမှာတော့ ထိခိုက်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် ဖီဖာအနေနဲ့ သူတို့ရဲ့ အပြုအမူတွေကို “မုန်းတီးမှု ဒါမှမဟုတ် အကြမ်းဖက်လုပ်ရပ်”ဆိုပြီး စီရင် ခံမယ် ဆိုရင်တော့ ကစားသမားတွေဟာ ဘောလုံးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေကနေ အနည်းဆုံး ၆ လအထိ ပိတ်ပင် ခံရနိုင်တာ ဖြစ်ပါတယ်။

Source: The Sun