CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃

ဥရုဂွေးအသင်းရဲ့ စံချိန်တင်ဂိုးသွင်းရှင် ဆွာရက်ဇ်က လာမယ့် ပါရာဂွေးအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအပြီး မှာ နိုင်ငံအသင်းက အနားယူမယ်လို့ ကြေညာခဲ့ပါတယ်။ 

ဆွာရက်ဇ်က “ကျနော်ဟာ ဒါကိုသေချာ စဉ်းစားခဲ့ပြီး ဒီအချိန်ဟာ အနားယူဖို့ မှန်ကန်တယ်လို့ ယုံကြည်ပါတယ်။ ကျနော်ဟာ နိုင်ငံအသင်းနဲ့ နောက်ဆုံးပွဲကို စိတ်အေးလက်အေး ကစားချင်ပြီး နိုင်ငံအသင်းအတွက် ပထမဆုံး အကြိမ် ကစားတဲ့ ၂၀၀၇ ကလိုပဲ စိတ်လှုပ်ရှားနေမှာပါ။ ကျနော်ဟာ ကစားသမားဘဝမှာ ဆုဖလားအများကြီး ရယူ နိုင်ခဲ့လို့ ကံကောင်းခဲ့ပေမယ့် နိုင်ငံအသင်းနဲ့ ကိုပါအမေရိကဖလား ရယူနိုင်ခဲ့တာဟာ အလှပဆုံး အခိုက်အတန့် ဖြစ်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။

၂၀၀၇ ခုနှစ်မှာ ဥရုဂွေးအသင်းအတွက် စတင် ပွဲဦးထွက်ခွင့်ရခဲ့တဲ့ ဆွာရက်ဇ်ဟာ ပွဲပေါင်း ၁၄၂ ပွဲ ကစားထားပြီး ၆၉ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ 

အသက် ၃၇ နှစ်အရွယ်ရှိ ဆွာရက်ဇ်ဟာ ဥရုဂွေးသမိုင်းမှာ ဒုတိယမြောက်ပွဲ အရေအတွက် အများဆုံး ကစားသမား နဲ့ ဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားအဖြစ် စံချိန်မှတ်တမ်းတွေကို တင်ရှိထားတာပါ။

ဆွာရက်ဇ်ဟာ ဥရုဂွေးအသင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး အငြင်းပွားဖွယ် လုပ်ရပ် တွေကြောင့်လည်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့သူ ဖြစ်ပါတယ်။

ဆွာရက်ဇ်ကို တွေ့ရစဉ်

ဆွာရက်ဇ်ဟာ ဥရုဂွေးအသင်းနဲ့ ၂၀၁၁ ကိုပါအမေရိကဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး ဒီပြိုင်ပွဲမှာ ၄ ဂိုး သွင်းယူ ကာ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သူပါ။ 

ဆွာရက်ဇ်ဟာ ဥရုဂွေးအသင်းအတွက် ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပါဝင်ခဲ့သလို ၂၀၁၁၊ ၂၀၁၆၊ ၂၀၁၉၊၂၀၂၁ နဲ့ ၂၀၂၄ ကိုပါအမေရိကဖလား ပြိုင်ပွဲတွေမှာလည်း ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ 

ဆွာရက်ဇ်ဟာ သူ့ရဲ့ ဥရုဂွေးအသင်း ကစားသမားဘဝ နောက်ဆုံးပွဲစဉ်ကို မွန်တီဗွီဒီယိုမှာ ကစားမယ့် အိမ်ကွင်း ပွဲစဉ်မှာ အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဥရုဂွေးအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)မှာ ရလဒ်ကောင်း ရရှိနေပြီး ၆ ပွဲ ကစား  ထားတာမှာ ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

Source: Goal