CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈

ဂရီမီယိုအသင်းနဲ့အတူ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဘရာဇီးလ်လိဂ်ရဲ့ အကောင်းဆုံးကစားသမားဆုနဲ့ အကောင်းဆုံးတိုက်စစ်မှူးဆုကို ရရှိသွားခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ ဆွာရက်ဇ်ဟာ ဂရီမီယိုအသင်းအတွက် လိဂ်ပွဲပေါင်း ၃၃ ပွဲမှာ ၁၇ ဂိုးသွင်းယူခဲ့ပြီး အသင်းကို အမှတ်ပေးဇယားဒုတိယနေရာရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ ဆွာရက်ဇ်ဟာ ဂရီမီယိုအသင်းက ဖလူမီနက်စ်အသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဘရာဇီးလ်လိဂ်နောက်ဆုံးပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ ပြီးခဲ့တဲ့ ဘရာဇီးလ်လိဂ်ရဲ့ ထိပ်တန်း ဂိုးသွင်းရှင်စာရင်းထဲ ပါဝင်ခဲ့ပြီး အကောင်းဆုံးဆု ၂ ခုကို ရယူနိုင်ခဲ့တာပါ။

ဆွာရက်ဇ်က “ကျနော်ဟာ အသက် ၃၇ နှစ်နီးပါးရှိနေပါပြီ။ ဒါက ကျနော့်ကစားသမားဘဝမှာ အများဆုံး ကစားရတဲ့နှစ်ပါ။ ကျနော့် ဇနီး၊ သားသမီးတွေနဲ့ ဝေးကွာခဲ့ရတဲ့ နှစ်တစ်နှစ်လည်းဖြစ်ပါတယ်။ ဒီဆုက သူတို့အတွက်ပါ”လို့ ဆုယူအပြီးမှာ ပြောခဲ့တာဖြစ်ပါတယ်။

ဆွာရက်ဇ်ဟာ ဂရီမီယိုအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း ၅၄ ပွဲကစားခဲ့ပြီး ၂၉ ဂိုးသွင်းယူကာ အသင်းကနေ ထွက်ခွာခဲ့ပြီဖြစ်တာပါ။ ဆွာရက်ဇ်ဟာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ် နေတယ်လို့ သတင်းတွေထွက်နေပေမယ့် ဥရုဂွေးကစားသမားကတော့ အနာဂတ်နဲ့ ပတ်သက်ပြီး ဖြေဆိုခဲ့ခြင်း မရှိပါဘူး။ ဆွာရက်ဇ်ဟာ ဂရီမီယိုအသင်းပရိသတ်တွေတင်မဟုတ်ဘဲ သူ့ကို လေးစားတဲ့ အခြားကလပ် တွေကိုလည်း သတိရနေမယ်လို့ ပြောခဲ့ပါတယ်။

ဆွာရက်ဇ်ဟာ ဂရီမီယိုအသင်းရဲ့ သမိုင်းမှာ ဘရာဇီးလ်လိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိတဲ့ ၄ ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

Source:ESPN