CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈

စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ခဲ့တာဟာ လက်ခံနိုင်စရာမရှိဘဲ ကစားသမားတွေအနေနဲ့ တာဝန်ယူဖို့ လိုအပ်တယ်လို့ ပြောလိုက်ပါတယ်။ 

ဆွန်ဟောင်မင်က “ကျနော်တို့ဟာ ပွဲကိုရှုံးနိမ့်သွားပါပြီ။ ဒါဟာ လက်ခံနိုင်စရာကိုမရှိပါဘူး။ ကစားသမားတွေ အနေနဲ့ ဒီရလဒ်ကိုတာဝန်ယူရမှာပါ။ တိုက်စစ်ကစားသမားတွေအနေနဲ့ ပွဲကိုဖြတ်ပစ်လို့ရတဲ့ အခွင့်အရေးတွေ ရှိတာကြောင့် သူတို့အနေနဲ့ ပိုပြီးတာဝန်ယူမှုရှိသင့်ပါတယ်။ ပရီးမီးယားလိဂ်မှာ ၂ ဂိုး- ဂိုးမရှိ၊ ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရနေရင်တောင် အဆုံးသတ်မှာ ဘာဖြစ်မလဲဆိုတာ ခင်ဗျားတို့ မသိနိုင်ဘူး” လို့ Amazon Prime ကို ပြောခဲ့တာပါ။

ပြီးခဲ့တဲ့အပတ်ကမှ မန်စီးတီးအသင်းနဲ့ ၃ ဂိုးစီသရေကျခဲ့တဲ့ စပါးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ အဖြစ် ကစားခဲ့တဲ့ပွဲစဉ်မှာတော့ ဝက်စ်ဟမ်းအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ စပါးအသင်းဟာ ဒီပွဲမှာ ရိုမဲရိုးရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘိုဝင်၊ ဝါတ်ပရောက်စ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ခဲ့တာပါ။ စပါးအသင်းအတွက်တော့ ပွဲကိုဦးဆောင်ထားပြီးမှ ၅ ပွဲဆက်တိုက် အမှတ်လျော့ခဲ့တာလည်း ဖြစ်ပါတယ်။

စပါးအသင်းဟာ ဒီရှုံးပွဲကြောင့် ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အိမ်ကွင်း ၃ ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့တာ ဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်ကတည်းက နိုင်ပွဲတွေနဲ့ ဝေးကွာနေတာပါ။ အဲဒါကြောင့် ဆွန်ဟောင်မင်ဟာ အသင်းရဲ့ ရလဒ်တွေကို စိတ်ပျက်နေခဲ့တာဖြစ်ပါတယ်။ စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက အသင်းဟာ ဖျော်ဖြေမှုပေးနိုင်တဲ့ ဘောလုံးကစားတာထက် နိုင်ပွဲရယူနိုင်ဖို့ ပိုပြီးအာရုံစိုက်ထားတယ်လို့ ပြောခဲ့တာပါ။

ပိုစတီကိုဂလူးက “ဒီပွဲဟာ ကျနော်တို့အတွက် ဘောလုံးပွဲတစ်ပွဲကို လွှမ်းမိုးထားနိုင်တဲ့ နောက်ထပ်ပွဲဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ပွဲတော့မရယူနိုင်ခဲ့ပါဘူး။ ကျနော်တို့ဟာ ပွဲတိုင်းကို အနိုင်ရယူချင်နေတာဖြစ်ပြီး ဒီပွဲမှာဆိုရင် ပထမပိုင်းမှာကတည်းက ဂိုးပြတ်နိုင်ပွဲ ရယူသင့်တာပါ။ ဘောလုံးပွဲတစ်ပွဲမှာ အခွင့်အရေးပေးမိပြီဆိုရင် အသင်း တွေက ခင်ဗျားတို့ကို ပြန်ပြီးအပြစ်ပေးသွားမှာပါ” လို့ ပြောခဲ့ပါတယ်။

စပါးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:BBC