CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၇

မေဂျာလိဂ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ စပါးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ တောင်ကိုရီးယားအသင်း ခေါင်းဆောင် ဆွန်ဟောင်မင်က သူဟာဆုဖလားတွေ ရယူဖို့ LAFC အသင်းထံ ပြောင်းရွှေ့လာခဲ့တာလို့ ပြောခဲ့ပါတယ်။ 

ဆွန်ဟောင်မင်က “ကျနော် ဒီမှာရှိနေရတာ ပျော်ရွှင်နေပြီး အပြင်မှာ ကိုရီးယား ပရိသတ်တွေကို တွေ့ရတဲ့အတွက် အလွန်စိတ်လှုပ်ရှားနေပါတယ်။ ရိုးရိုးသားသားပြောရရင် LAFC က ကျနော့်ရဲ့ ဦးစားပေး မဟုတ်ပေမယ့် အသင်း အကြီးအကဲတွေနဲ့ စကားပြောအပြီးမှာ ကျနော့်ရဲ့ စိတ်၊ နှလုံးသားနဲ့ ဦးနှောက်က ပြောင်းလဲသွားခဲ့ပါတယ်။ မေဂျာလိဂ်မှာ စိန်ခေါ်မှုသစ်အတွက် စိတ်လှုပ်ရှားနေပြီး ဆုဖလားတွေ ကိုင်မြှောက်ကာ ဒီမြို့နဲ့ပရိသတ်တွေ အတွက် အရာအားလုံးပေးဖို့ LAFC အသင်းကိုလာခဲ့တာ”လို့ ပြောခဲ့တာပါ။ 

LAFC အသင်းဟာ ဆွန်ဟောင်မင်ကို ပေါင်သန်း ၂၀ ကျော်နဲ့ စပါးအသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး ၂၀၂၇ ခုနှစ် ရာသီကုန်အထိ စာချုပ်ချုပ်ခဲ့သလို နောက်ထပ် ၂ နှစ် သက်တမ်းတိုးခွင့်လည်း ရှိနေပါတယ်။

ဆွန်ဟောင်မင်ဟာ ၁၀ နှစ်ကြာ ကစားခဲ့တဲ့ စပါးအသင်းအတွက် ပြီးခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ နောက်ဆုံး နှုတ်ဆက်ပွဲကစားခဲ့ပြီးနောက် LAFC အသင်းထံ အပြောင်းအရွှေ့ကို အမြန်ဆုံး အပြီးသတ်ခဲ့တာပါ။ 

ဆွန်ဟောင်မင်ကိုတွေ့ရစဉ် 

ဆွန်ဟောင်မင်ဟာ စပါးအသင်းနဲ့အတူ ရာသီကြို လေ့ကျင့်မှုတွေ ပြုလုပ်ထားပြီး ဖြစ်တာကြောင့် LAFC အသင်း အတွက် ပွဲဦးထွက်ဖို့ အဆင်သင့် ဖြစ်နေပြီလို့လည်း ပြောခဲ့ပါတယ်။ 

ဆွန်ဟောင်မင်ဟာ LAFC အသင်းမှာ စပါးအသင်းဖော်ဟောင်းဖြစ်တဲ့ ပြင်သစ်ဂိုးသမား ဟူဂိုလိုရစ်နဲ့ ပြန်လည် အတူတွဲကစားရမှာပါ။ 

LAFC အသင်းဟာ မေဂျာလိဂ် အနောက်ပိုင်းဇုန် အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁ နေရာက ဆန်ဒီယေဂိုအသင်းထက် ၃ ပွဲလျော့ကစားကာ ၁၀ မှတ်ကွာဟနေပါတယ်။

LAFC အသင်းဟာ သြဂုတ် ၉ ရက်မှာ မေဂျာလိဂ် ပွဲစဉ်အဖြစ် ချီကာဂိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: BBC