CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၅
မေဂျာလိဂ်ကလပ် LAFC အသင်းဟာ စပါးအသင်းမှာ အနာဂတ် မရေမရာဖြစ်နေတဲ့ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
စပါးအသင်းဟာ ဆွန်ဟောင်မင်ကို အသင်းမှာ ၂၀၂၆ ခုနှစ် ရာသီကုန်အထိ ရှိနေမယ့် စာချုပ် သက်တမ်း တိုးခွင့်ကို ရွေးချယ်ထားတာပါ။
စပါးအသင်း နည်းပြသစ် သောမတ်စ်ဖရန့်ခ်ဟာ အသင်းမှာ ဆယ်စုနှစ်ကြာ ပံ့ပိုးပေးမှုတွေ ပြုလုပ်ထားတဲ့ ဆွန်ဟောင်မင်ကို ချီးကျူးထားပေမယ့် လာမယ့်ရာသီ အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိမလား ဆိုတာကို အတည်ပြုခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။
ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ ဆွန်ဟောင်မင် အနေနဲ့ ဒီနွေရာသီမှာ စပါး အသင်းကနေ ထွက်ခွာဖို့ဆန္ဒရှိပြီး အသင်းဘက်ကလည်း သူ့ကိုထွက်ခွာခွင့် ပေးမယ်ဆိုရင် LAFC အသင်းက တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ဖို့ ဆန္ဒရှိနေတာပါ။
စပါးအသင်းဟာ ဟောင်ကောင်နဲ့ ဆိုးလ်ထံကို ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်အဖြစ် ထွက်ခွာမှာဖြစ်ပြီး ဒီခရီးစဉ် အပြီးမှသာ ဆွန်ဟောင်မင်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့ ရှိနေပါတယ်။
ဆွန်ဟောင်မင်ကို တွေ့ရစဉ်
The Telegraph က ဆွန်ဟောင်မင်အနေနဲ့ တောင်ကိုရီးယားမှာ ကစားမယ့် နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်ခဲ့ခြင်း မရှိဘူးဆိုရင် စပါးအသင်းဟာ ဒီပွဲကနေ ရရှိမယ့်ဝင်ငွေရဲ့ ၇၅ ရာခိုင်နှုန်းအထိ ဆုံးရှုံးရနိုင်တယ်လို့ ဖော်ပြထားတာပါ။
အဲဒါကြောင့် ဆွန်ဟောင်မင်ဟာ အာရှခရီးစဉ်တစ်လျှောက် စပါးအသင်းမှာ ဆက်ပြီးရှိနေမှာဖြစ်ပါတယ်။
မေဂျာလိဂ်ပြိုင်ပွဲရဲ့ နွေရာသီ အပြောင်းအရွှေ့ဟာ သြဂုတ် ၂၁ ရက်အထိ ဖွင့်ထားတဲ့အတွက် ဆွန်ဟောင်မင်ရဲ့ LAFC အသင်းထံ အပြောင်းအရွှေ့ဟာ ဖြစ်လာနိုင်တာပါ။
စပါးအသင်းနဲ့အတူ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ဆွန်ဟောင်မင်ဟာ လန်ဒန်ကလပ် အတွက် ၄၅၄ ပွဲ ကစားထားပြီး ၁၇၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: ESPN