CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂
ရီးရယ်လ်အသင်းဟာ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ၃ နှစ်စာချုပ်နဲ့ ခန့်အပ်ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။
မော်ရင်ဟိုဟာ ဇူလိုင်လ ၁၃ ရက်မှာ စတင်မယ့် ရီးရယ်လ်အသင်းရဲ့ ရာသီကြို လေ့ကျင့်မှု အစီအစဉ်မှာ စတင်ပြီး ကိုင်တွယ်သွားမှာပါ။
ရီးရယ်လ်အသင်းဟာ မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့အတွက် ဘင်ဖီကာအသင်းကို ပေါင် ၁၃ သန်း လျော်ကြေးပေးခဲ့ရတာ ဖြစ်ပါတယ်။
ဖလော်ရန်တီနိုပီရက်ဇ်က သူရီးရယ်လ်အသင်း ဥက္ကဋ္ဌအဖြစ် ပြန်လည်ပြီး ရွေးချယ်ခံရရင် မော်ရင်ဟိုကို နည်းပြ သစ်အဖြစ် ခန့်အပ်မယ်လို့ ပေးထားတဲ့ ကတိအတိုင်း အသင်းဘက်က ခန့်အပ်ခဲ့တာပါ။
မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းကို ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အတွင်း ပထမအကြိမ် ကိုင်တွယ်ခဲ့ဖူးပြီး လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလား ရယူပေးနိုင်ခဲ့ပါတယ်။

မော်ရင်ဟိုကို တွေ့ရစဉ်
မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီးနောက် ချယ်လ်ဆီး၊ ယူနိုက်တက်၊ စပါး၊ ရိုးမား၊ ဖီနာဘာချီနဲ့ ဘင်ဖီကာအသင်းတို့ကို ကိုင်တွယ်ခဲ့တာပါ။
ပေါ်တူဂီလူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ရာသီက ဘင်ဖီကာအသင်းကို လိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့ ပေမယ့် အသင်းဟာ တတိယနေရာနဲ့ ရာသီအဆုံးသတ်ခဲ့ပါတယ်။
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ၂ ရာသီမှာ အဓိက ဆုဖလားတွေနဲ့ လက်လွှတ်ခဲ့ရတဲ့ ရီးရယ်လ်အသင်းကို ဆုဖလားတွေ ပြန်ပြီးရရှိအောင် ကိုင်တွယ် ပေးရတော့မှာပါ။
ရီးရယ်လ်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ ပြင်သစ်နောက်ခံလူ ကိုနာတေး၊ နယ်သာလန် ညာနောက်ခံလူ ဒွန်ဖရိုင်းစ်နဲ့ ပေါ်တူဂီကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားတို့ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတယ်လို့ သိရပါ တယ်။
Source: BBC
