CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄
ရီးရယ်လ်အသင်းရဲ့ ဥက္ကဋ္ဌလောင်း တစ်ဦးဖြစ်တဲ့ ရီကွယ်လ်မီက သူသာ ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရရင် မန်စီးတီးအသင်းက တိုက်စစ်မှူး ဟာလန်းနဲ့ ကွင်းလယ်လူ ရိုဒရီတို့ကို ခေါ်ယူမယ်လို့ ကတိပြုခဲ့ပါတယ်။
ရီကွယ်လ်မီဟာ TV အစီအစဉ်တစ်ခုမှာ ဟာလန်းရဲ့ နာမည်ပါဝင်တဲ့ ရီးရယ်လ်အသင်းဂျာစီကို ကိုင်ပြီး ပြသသွားခဲ့တာပါ။
ဟာလန်းဟာ မန်စီးတီးအသင်းနဲ့ ၂၀၃၄ ခုနှစ်အထိ စာချုပ်ရှိနေသလို သူ့ရဲ့ ဖခင်နဲ့အေးဂျင့်တို့က ရီကွယ်လ်မီနဲ့ ဘာသဘောတူညီမှုမှ မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ရီကွယ်လ်မီက မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့ ရိုဒရီဟာ ရီးရယ်လ်အသင်းမှာ ကစားသင့်တဲ့ ကစားသမားမျိုး ဖြစ်တယ်လို့ ပြီးခဲ့တဲ့အပတ်က ထုတ်ပြောခဲ့ပါတယ်။
ဒါ့အပြင် ရီကွယ်လ်မီက ရီးရယ်လ်အသင်းရဲ့ဂန္ထဝင်တွေဖြစ်တဲ့ ရာအူးလ်ကို အားကစားဒါရိုက်တာနဲ့ ဟီရာရိုကို အကယ်ဒမီ အကြီးအကဲအဖြစ် တာဝန်ပေးသွားမယ်လို့ ကြေညာထားတာပါ။

မော်ရင်ဟိုကို တွေ့ရစဉ်
အသက် ၇၉ နှစ်အရွယ်ရှိ ပီရက်ဇ်ကတော့ ရီးရယ်လ်အသင်းဥက္ကဋ္ဌအဖြစ် ပြန်ပြီးရွေးကောက်ခံရရင် ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အတွင်း အသင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ မော်ရင်ဟိုဟာ နည်းပြသစ် ဖြစ်လာမယ်လို့ အတည်ပြုခဲ့ပါတယ်။
ဒါ့အပြင် ပီရက်ဇ်က လီဗာပူးလ်အသင်းကနေ ထွက်ခွာခဲ့တဲ့ ပြင်သစ်နောက်ခံလူ ကိုနာတေးကိုလည်း အသင်း အတွက် ခေါ်ယူမယ်လို့ ပြောထားတာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ၂ ရာသီဆက်တိုက် အဓိကဆုဖလားတွေ မရရှိခဲ့ပြီးနောက် ဥက္ကဋ္ဌရွေးကောက်ပွဲ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ပြုလုပ်မယ့် ရီးရယ်လ်အသင်းဥက္ကဋ္ဌ ရွေးကောက်ပွဲကို ဇွန်လ ၇ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: ESPN
