CNI Sport News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၃

ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက ခြေသလုံးဒဏ်ရာရရှိနေတဲ့ တိုက်စစ်မှူးနေမာ ပွဲတွေမှာ ပါဝင်နိုင်ဖို့ အလျင်စလိုလုပ်မှာမဟုတ်ဘူးလို့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန်နိုင်ငံထံ ရောက်ရှိချိန်မှာ ပြောခဲ့ပါတယ်။ 

အန်ဆယ်လော့တီက “သူ့ရဲ့အခြေအနေတိုးတက်မှုရှိလာသလို သူကောင်းမွန်စွာလုပ်ဆောင်နေပါတယ်။ ကျနော်တို့ ဘာကိုမှ အလျင်စလိုလုပ်သွားမှာမဟုတ်ဘူး”လို့ ပြောခဲ့တာပါ။

အန်ဆယ်လော့တီဟာ ဒီမတိုင်မီက နေမာဟာ ဘရာဇီးလ်အသင်းရဲ့အုပ်စုအဖွင့်ပွဲ ဒါမှမဟုတ် ဒုတိယပွဲမှာ ပါဝင်ဖို့ကြံ့ခိုင်မှုပြည့်ဝနေလိမ့်မယ်လို့ ပြောထားပါတယ်။ 

နည်းပြအန်ဆယ်လော့တီကို တွေ့ရစဉ်

ပြီးခဲ့အပတ်က ဘရာဇီးလ်အသင်းဆရာဝန်ရိုဒရီဂိုလက်စ်မာက နေမာဟာ ခြေသလုံးဒဏ်ရာကြောင့် ၃ ပတ်ကြာအထိ အနားယူရမယ်လို့ ပြောခဲ့တာပါ။ 

နေမာဟာ ဒဏ်ရာတွေကြောင့် ဘရာဇီးလ်အသင်းနဲ့ ၃ နှစ်နီးပါးကြာဝေးကွာနေပေမယ့် နည်းပြအန်ဆယ်လော့တီ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမား ၂၆ ဦးစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

ဘရာဇီးလ်အသင်းအတွက် ၁၂၈ ပွဲကစားထားပြီး ၇၉ ဂိုးသွင်းယူကာ ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ နေမာဟာ သူ့ရဲ့ ၄ ကြိမ်မြောက်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

တိုက်စစ်မှူးနေမာကို တွေ့ရစဉ်

ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီကစားခဲ့တဲ့ ပထမခြေစမ်းပွဲမှာ ပနားမားအသင်းကို ၆ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒုတိယခြေစမ်းပွဲအဖြစ် ဇွန်လ ၆ ရက်မှာ အီဂျစ်အသင်းနဲ့ ယှဉ်ပြိုင်မှာပါ။ 

ကမ္ဘာ့ဖလားချန်ပီယံဆုကို ၆ ကြိမ်မြောက် ရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ ဘရာဇီးလ်အသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် ဇွန်လ ၁၃ ရက်မှာ မော်ရိုကိုအသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။