CNI Sport News

၂၀၂၆ ခုနှစ်၊ ဇွန် ၁၆

ဘရာဇီးလ်အသင်းတိုက်စစ်မှူးနေမာဟာ အသင်းရဲ့လက်ကျန် ကမ္ဘာ့ဖလားအုပ်စု ၂ ပွဲစလုံးပါဝင်နိုင်ဖွယ်မရှိဘူးလို့ ဘရာဇီးလ်မီဒီယာတွေက ဖော်ပြထားပါတယ်။

မော်ရိုကိုအသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ အုပ်စုအဖွင့်ပွဲကို လွဲချော်ခဲ့တဲ့ နေမာဟာ ဟေတီအသင်းနဲ့ ကစားမယ့် အုပ်စုဒုတိယပွဲမတိုင်မီ ဘရာဇီးလ်အသင်းနဲ့လေ့ကျင့်မှုပြုလုပ်နိုင်ခြင်းမရှိသေးတာပါ။ 

နေမာဟာ မေလ ၁၇ ရက်က ဆန်းတို့စ်အသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ပွဲမှာခြေသလုံးဒဏ်ရာရခဲ့ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးလ်အသင်းရဲ့ခေါ်ယူခြင်းခံခဲ့ရပါတယ်။

ဘရာဇီးလ်အသင်းဆေးအဖွဲ့ဟာ ပြီးခဲ့တဲ့အပတ်က နေမာကို ပြုလုပ်ခဲ့တဲ့ ဆေးစစ်မှုတွေကို ပြန်လည်ပြုလုပ်နေပြီး ရလဒ်ကိုတော့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)က ထုတ်ပြန်ခြင်းမရှိသေးတာပါ။ 

ဘရာဇီးလ်မီဒီယာတွေနဲ့ အသင်းဆေးအဖွဲ့တွေက နေမာကို ရှုံးထွက်အဆင့်ပွဲတွေအတွက် ကြံ့ခိုင်မှုအပြည့်အဝရဖို့ မျှော်လင့်နေပါတယ်။ 

ဘရာဇီးလ်အသင်းနည်းပြအန်ဆယ်လော့တီက နေမာဟာ အမြန်ဆုံးပြန်ကောင်းမွန်လာဖို့ အလွန်ကြိုးစားနေပြီး သူ့ကိုရွေးချယ်ခဲ့တာက နည်းစနစ်ပိုင်းဆိုင်ရာ အရည်အချင်းတွေကြောင့် ဖြစ်တယ်ဆိုတာ ငြင်းလို့မရဘူးလို့ ပြောခဲ့ပါတယ်။ 

ဒါ့အပြင် အန်ဆယ်လော့တီက နေမာရဲ့အတွေ့အကြုံနဲ့ အသင်းရဲ့လူငယ်ကစားသမားတွေကို သူပြသခဲ့တဲ့ စံနမူနာတွေအတွက်လည်း သူ့ကို ခေါ်ယူခဲ့တာလို့ ပြောခဲ့တာပါ။

ဘရာဇီးလ်အသင်းဟာ အုပ်စုလက်ကျန် ၂ ပွဲအဖြစ် ဇွန်လ ၁၉ ရက်မှာ ဟေတီအသင်း၊၂၄ ရက်မှာ စကော့တလန် အသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ 

Source:ESPN