CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀

ဘရာဇီးလ်ကြယ်ပွင့် နေမာဟာ မေဂျာလိဂ်ထံလာရောက်ဖို့ ဆွဲဆောင်ခံနေရပြီး စင်စင်နာတီအသင်းဟာ သူ့ကိုခေါ်ယူဖို့ ပစ်မှတ်ထားကာ ရွေးချယ်စရာတွေကို ရှာဖွေမှုပြုလုပ်နေတယ်လို့ ESPN သတင်းမှာ ဖော်ပြထားပါတယ်။ 

စင်စင်နာတီအသင်းဟာ နေမာရဲ့ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်မှုပြုလုပ်ထားပြီး အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ ကနဦးဆွေးနွေးမှုတွေပြုလုပ်ထားတယ်လို့ သတင်းရင်းမြစ်က ပြောခဲ့ပါတယ်။ 

နေမာဟာ ငယ်ဘဝ ကလပ် ဆန်းတို့စ်အသင်းနဲ့ ပြီးခဲ့တဲ့နှစ်၊ဒီဇင်ဘာလမှာ ၁ နှစ်စာချုပ် သက်တမ်းတိုးခဲ့တာ ကြောင့် ၂၀၂၆ ခုနှစ်ရာသီကုန်အထိ စာချုပ်ရှိနေသေးတာပါ။ 

နေမာဟာ အနာဂတ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးထိ ရွှေ့ဆိုင်းထား နိုင်ပေမယ့် သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် ပါဝင်ရဖို့ သေချာမှုမရှိသေးပါဘူး။ 

ဘရာဇီးလ်ကြယ်ပွင့် နေမာ

နေမာဟာ ကြံ့ခိုင်မှုတွေနဲ့ရုန်းကန်နေရတာကြောင့် ၂၀၂၃ ခုနှစ်၊အောက်တိုဘာလနောက်ပိုင်း ဘရာဇီးလ်အသင်း အတွက် ပါဝင်ကစားရခြင်းမရှိတော့တာဖြစ်ပါတယ်။

နေမာဟာ ပြီးခဲ့တဲ့ ဆန်းတို့စ်အသင်းရဲ့ပွဲတွေကိုလည်း လွဲချော်ခဲ့ပြီး ဒီရာသီအသင်းအတွက် ၆ ပွဲပါဝင်ကစား ထားတာမှာ ၃ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားပါတယ်။

ဘရာဇီးလ်အသင်းနည်းပြအန်ဆယ်လော့တီက နေမာအနေနဲ့ ကြံ့ခိုင်မှုပြည့်ဝရင် ကမ္ဘာ့ဖလားအပြီးသတ် လူစာရင်းထဲ ရွေးချယ်ဖို့ စဉ်းစားမယ်လို့ သတင်းထောက်တွေနဲ့တွေ့ဆုံချိန်တိုင်း ပြောခဲ့တာပါ။

ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ပနားမား၊အီဂျစ်အသင်းတို့နဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားပါတယ်။ 

ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စု C မှာ မော်ရိုကို၊ဟေတီ၊စကော့တလန်အသင်းတို့နဲ့ ကျရောက်နေတာ ဖြစ်ပါတယ်။