CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀

မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် နည်းပြဂွာဒီယိုလာက အာဆင်နယ် အသင်းဟာ ထိပ်ဆုံးနေရာမှာ ရှိနေဆဲ ဖြစ်တယ်လို့ သူ့ရဲ့ကစားသမားတွေကို သတိပေးခဲ့ပါတယ်။ 

ဂွာဒီယိုလာက “ဘယ်သူက လိဂ်ရဲ့ထိပ်ဆုံးနေရာမှာ ရှိနေတာလဲ။ ကျနော်တို့ မဟုတ်ဘူး။ ဂိုးကွာခြားချက်မှာလည်း သူတို့က ပိုပြီးကောင်းပါတယ်။ တဆင့်ပြီး တဆင့်သွားရမှာပါ။ ဒါပေမယ့် ကျနော်တို့ဟာ မျှော်လင့်ချက်တွေ ရှိနေ ပြီး အဆုံးထိ တိုက်ပွဲဝင်ဖို့ အခွင့်အရေးကို တိုးထားဆဲဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။ 

မန်စီးတီးအသင်းဟာ ဒီနိုင်ပွဲကြောင့် အာဆင်နယ်အသင်းထက် ၁ ပွဲလျော့ကစားပြီး ရမှတ် ၃ မှတ်သာ ကွာဟ တော့တာပါ။ 

မန်စီးတီးအသင်းအနေနဲ့ လာမယ့် ကြားရက်မှာ ကစားမယ့် ဘန်လေအသင်းနဲ့ ပွဲကျန်မှာ အနိုင်ခဲ့ရင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တက်နိုင်မှာ ဖြစ်ပါတယ်။ 

ဒီလိုအခွင့်အရေး ရှိနေပေမယ့် ဂွာဒီယိုလာကတော့ သူ့ရဲ့ကစားသမားတွေကို သွားရမယ့်လမ်း အဝေးကြီး ရှိသေးတယ်လို့ သတိပေးခဲ့ပါတယ်။ 

 အာဆင်နယ်နဲ့ မန်စီးတီးအသင်း ယှဉ်ပြိုင်နေစဉ်

အာဆင်နယ်အသင်းနည်းပြ အာတီတာက ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည် စတင်ပြီလို့ ပြောခဲ့ပေမယ့် သူ့အသင်း ဟာ ချန်ပီယံဆု ရယူရယူနိုင်တယ်လို့ ယုံကြည်နေပါတယ်။ 

ဒါ့အပြင် အာတီတာက သူတို့ဟာ ရပ်တန့်သွားမှာ မဟုတ်ဘဲ ထပ်ကြိုးစားသွားမှာဖြစ်ပြီး လာမယ့်ပွဲတွေအတွက် ယုံကြည်မှု ပိုပြီးရှိလာတယ်လို့ ထင်ကြောင်း ပြောခဲ့ပါတယ်။ 

အာဆင်နယ်အသင်းဟာ ပြည်တွင်းပြိုင်ပွဲ ၄ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ဆီမီးဖိုင်နယ်ကို တက်ရောက်ထားပါတယ်။ 

အာဆင်နယ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် နယူးကာဆယ်အသင်းကို အိမ်ကွင်းလက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။