CNI International News

ဝါရှင်တန်၊ ဇွန်လ ၂၂

Google ကုမ္ပဏီသည် Outsider Enterprise ဟု လူသိများသည့် တရုတ်ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းကို ဖြိုခွင်းရန် အတွက် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထိုဂိုဏ်းသည် Google ၏ Gemini AI နည်းပညာကို အလွဲသုံးစားလုပ်ကာ ဝက်ဘ်ဆိုက်အတုများ ဖန်တီးခဲ့ပြီး အသုံးပြုသူများထံမှ ဒေါ်လာသန်းပေါင်းများစွာ လိမ်လည်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

The New York Times သတင်းစာ၏ ဖော်ပြချက်အရ ထိုရာဇဝတ်ဂိုဏ်းသည် အသုံးပြုသူများကို လှည့်ဖြားရန် အတွက် Google နှင့် YouTube တို့၏ တရားဝင် Interfaces များကို ပုံတူကူးချခဲ့ကြောင်း Google ကုမ္ပဏီက တရားစွဲဆိုထားသည်။

ယခုလိမ်လည်မှုသည် ထိုရာဇဝတ်ဂိုဏ်းက တီထွင်ဖန်တီးထားသည့် phishing-for-dummies ဟု အမည်ပေး ထားသော ဆော့ဖ်ဝဲ အစုအဝေးတစ်ခုကို အခြေခံ၍ လည်ပတ်ခဲ့ခြင်းဖြစ်သည်။

Gemini App ကို တွေ့ရစဉ်

လိမ်လည်သူများသည် Gemini AI ၏ စွမ်းဆောင်ရည်များကို အသုံးချကာ Google ၏ ပလက်ဖောင်းများနှင့် အစိုးရအေဂျင်စီအမျိုးမျိုးကို ပစ်မှတ်ထားသည့် ပုံစံတူ ဝက်ဘ်ဆိုက်ပေါင်း ၉၀၀၀ နီးပါးကို ပြုလုပ်ခဲ့ကြပြီး ၎င်းတို့နှင့် ဆက်စပ်နေသည့် ဝက်ဘ်ဆိုက်လင့်ခ်ပေါင်း ၁ သန်းကျော်ကို ရှာဖွေတွေ့ရှိထားကြောင်း  Google က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ယခု ဆိုက်ဘာတိုက်ခိုက်မှုသည် Android အသုံးပြုသူများကိုပါ ပစ်မှတ်ထားပြီး မက်ဆေ့ချ်များပေးပို့ကာ SMS phishing များ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းနှစ်ပတ်အတွင်း အန္တရာယ်ရှိသော ဝက်ဘ်ဆိုက်လင့်ခ်များ ပါဝင်သည့် မက်ဆေ့ချ်ပေါင်း ၂ သန်း ခွဲခန့်ကို မိုဘိုင်းလ်ဖုန်းများထံသို့ အမြောက်အမြား ပေးပို့ခဲ့သဖြင့် ထိုမက်ဆေ့ချ်များကို လက်ခံရရှိသည့် ဖုန်းပိုင်ရှင် များက သက်ဆိုင်ရာ ဖုန်းအော်ပရေတာများကို တိုင်ကြားခဲ့သည်။

ထိုရာဇဝတ်မှု လုပ်ငန်းစဉ်၏ ကြီးမားလှသော ပမာဏကြောင့် AT&T၊ T-Mobile နှင့် Verizon အပါအဝင် အမေရိကန်၏ အဓိက ဆက်သွယ်ရေး အော်ပရေတာကြီးများသည် Google နှင့် ပူးပေါင်းကာ ထိုရာဇဝတ်ဂိုဏ်း၏ ကွန်ရက်ကို ဖြိုချနိုင်ရေးအတွက် FBI ထံ အကူအညီတောင်းခံခဲ့ရသည်။

ယခုဖြစ်ရပ်သည် မျိုးဆက်သစ် AI နည်းပညာနှင့် ဆက်စပ်နေသည့် အန္တရာယ်ကြီးသည့် ဆိုက်ဘာခြိမ်းခြောက်မှု များထဲမှ တစ်ခုအဖြစ် အနီးကပ် စောင့်ကြည့်ခံနေရပြီး အဆင့်မြင့် AI များကို အသုံးချပြီး အွန်လိုင်းတွင် လိမ်လည် မှုများနှင့်  ဆိုက်ဘာတိုက်ခိုက်မှုများ၏ အန္တရာယ်များနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို မြင့်တက်စေခဲ့သည်။

Source: Bangkok Post