CNI International News

ဘေကျင်း၊ ဇန်နဝါရီ ၂၉

တရုတ်၏ DeepSeek နည်းပညာကုမ္ပဏီက တီထွင်ထုတ်လုပ်ခဲ့သည့် AI Chatbot ကို ကမ္ဘာတစ်ဝန်းက ချီးကျူး နေကြပြီး တရုတ်သည် အမေရိကန်နှင့်ဖြစ်ပွားနေသည့် AI စစ်ပွဲတွင် အသာစီးရသွားခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ကျွမ်းကျင်သူများကမူ DeepSeek ကုမ္ပဏီ၏ နောက်ဆုံးပေါ် R1 Chatbot ကို "အကြီးဆုံး အနက်ရောင် မြင်းကြီး" ဟု ကျွမ်းကျင်သူအချို့က ချီးကျူးနေကြပြီး AI စစ်ပွဲအတွင်း တရုတ်၏ လျှို့ဝှက်လက်နက် တစ်ခုဖြစ်ကြောင်း တင်စားပြောဆိုနေကြသည်။

ဟန်ကျိုး (Hangzhou) မြို့ အခြေစိုက် DeepSeek ကုမ္ပဏီ၏ နောက်ဆုံးပေါ် Chatbot ကြောင့် ဝေါစထရိနှင့် စီလီကွန်ဗယ်လီ တို့ကို ဂယက်များ ရိုက်ခတ်သွားစေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အမေရိကန်၏ နာမည်ကြီး နည်းပညာကုမ္ပဏီများဖြစ်သည့် OpenAI နှင့်  Meta ကုမ္ပဏီ တို့၏ AI Chatbot များနှင့် နှိုင်းယှဉ်ပါက တရုတ်၏ DeepSeek ကုမ္ပဏီ၏ AI Chatbot က ကုန်ကျစရိတ် အလွန် သက်သာနေခြင်းကြောင့် ဖြစ်သည်။

တရုတ်နဲ့အမေရိကန် AI နည်းပညာပြိုင်ဆိုင်မှုကို သရုပ်ပြထားစဉ်

ထို့ကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကပင် DeepSeek ကုမ္ပဏီ၏ AI Chatbot သည် အမေရိကန်နည်းပညာလုပ်ငန်းအတွက် သတိထားရမည့် တပ်လှန့်နှိုးဆော်မှု တစ်ခုဖြစ်ကြောင်း သတိပေးခဲ့ရ သည်။

တရုတ်ပြည်တွင်းတွင်လည်း တရုတ်နည်းပညာ အလုပ်အမှုဆောင်များနှင့် ကျွမ်းကျင်သူများ၏ DeepSeek ကုမ္ပဏီ၏ စျေးကွက် ယှဉ်ပြိုင်နိုင်စွမ်းကို ချီးမွမ်းနေကြသည်။

DeepSeek သည် ဇန်နဝါရီ ၁၀ ရက်ကတည်းက ၎င်း၏ AI chatbot ကို ထုတ်ပြန်ခဲ့သော်လည်း ထိုနေ့တွင် ထရမ့်က ကျမ်းသစ္စာကျိန်ဆိုပွဲ ပြုလုပ်ခဲ့၍ DeepSeek သတင်းသည် မှေးမှိန်ခဲ့ခြင်းဖြစ်သည်။

သို့သော် လက်ရှိအချိန်တွင် တရုတ်၏ AI နည်းပညာ၏ စွန်းဦးတီထွင်မှု တစ်ခုဖြစ်သည့် DeepSeek ကုမ္ပဏီ၏ chatbot အက်ပလီကေးရှင်းသည် Apple ၏ US App Store ပေါ်ရှိ အခမဲ့ အသုံးပြုနိုင်သည့် အက်ပလီကေးရှင်း များထဲတွင် ChatGPT ကို ကျော်လွန်ပြီး download ဆွဲမှုအများဆုံး အက်ပလီကေးရှင်း တစ်ခုဖြစ်လာခဲ့သည်။

DeepSeek အမှတ်တံဆိပ်ကို တွေ့ရစဉ်

အခြားနည်းပညာ ကုမ္ပဏီကြီးများသည် AI နည်းပညာအတွက် ဒေါ်လာဘီလျံချီ ရင်းနှီးမြှုပ်နှံနေကြပြီး အထူးသဖြင့် Nvidia ကုမ္ပဏီ၏ စျေးအလွန်ကြီးသည့် ချစ်ပြားများနှင့် ဆော့ဖ်ဝဲအပေါ် မှီခိုနေကြသည်။

ထို့ကြောင့် DeepSeek ကုမ္ပဏီ၏ ကြေညာချက်သည် အမေရိကန်နည်းပညာလောကကို ဂယက်ရိုက်သွားစေခဲ့ သည်။

နာမည်ကြီး နည်းပညာကုမ္ပဏီများသည် AI အတွက် ဒေါ်လာဘီလျံချီ ရင်းနှီးမြှုပ်နှံနေချိန်တွင် တရုတ်ကုမ္ပဏီ တစ်ခုက နာမည်ကြီး chatbot များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် chatbot တစ်ခုကို စျေးနှုန်းသက်သာစွာဖြင့် ထုတ်လုပ်နိုင်စွမ်းရှိမှုအား မေးခွန်းများ ထွက်ပေါ်နေသည်။

ကမ္ဘာတစ်ဝန်း အောင်မြင်မှုရှိခဲ့သည့် Black Myth: Wukong ဗွီဒီယိုဂိမ်းကို ထုတ်လုပ်ခဲ့သည့် Game Science ကုမ္ပဏီ တည်ထောင်သူနှင့် အလုပ်အမှုဆောင်ချုပ်ဖြစ်သူ ဖန်ကျီက  DeepSeek ၏ အောင်မြင်မှုသည် တရုတ်၏ အမျိုးသားရေး ကံကြမ္မာတစ်ခုဖြစ်ပြီး အမေရိကန်နှင့် ဖြစ်ပွားနေသည့် နည်းပညာစစ်ပွဲကို ရှည်ကြာစေခဲ့ကြေင်း လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

Source: South China Morning Post