CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၂၉

တရုတ်နှင့် အမေရိကန်ကြား AI နည်းပညာ ပြိုင်ဆိုင်မှု မြင့်တက်လာနိုင်သလို နှစ်နိုင်ငံကြား တင်းမာမှု ပိုမို မြင့်တက်လာနိုင်ကြောင်း ကျွမ်းကျင်သူများ၏ သုံးသပ်ချက်ကို South China Morning Post မှ ဖော်ပြခဲ့သည်။

တရုတ်အစိုးရသည် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များမှ ဖိအားပေးမှုကြောင့် AI နည်းပညာနှင့်ပတ်သက်ပြီး ပြင်ပအကူအညီယူရန် မလိုသည်အထိ လုပ်ဆောင်သွားဖို့ အာရုံစိုက်လာနိုင်ကြောင်း လေ့လာသုံးသပ်သူများက ခန့်မှန်းထားသည်။

လွန်ခဲ့သည့် သီတင်းပတ်က နိုင်ငံ၏ စစ်တပ်နှင့် ထောက်လှမ်းရေးအေဂျင်စီများတွင် အဆင့်မြင့် AI နည်းပညာ အသုံးချမှုအတွက် ပထမဆုံးမဟာဗျူဟာအား ဖော်ပြထားသည့် အမျိုးသားလုံခြုံရေးမှတ်တမ်းတစ်ခုကို အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

တရုတ်ကဲ့သို့ ပြိုင်ဘက်များအပေါ် အမေရိကန်၏ နည်းပညာဆိုင်ရာ ဦးဆောင်မှုကို ပိုမိုအားကောင်းစေရန် အပြင် ရန်သူများထံမှ ခြိမ်းခြောက်မှုများအား ဖြေရှင်းရန်နှင့် အကာအကွယ်များ လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ကြောင်း မှတ်စုတွင် ဖော်ပြထားသည်။

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်ကို တွေ့ရစဉ်

တရုတ်နိုင်ငံသည် အရေးကြီးသော အချက်အလက်များကို ကာကွယ်ရန် ပျက်ကွက်သည့် ဒစ်ဂျစ်တယ် အခြေခံ အဆောက်အအုံဖြင့် နည်းပညာပိုင်းဆိုင်ရာ စနစ်တစ်ခုကို ဖန်တီးနေကြောင်း၊ အင်တိုက်အားတိုက် စောင့်ကြည့်မှု နှင့် ဆင်ဆာ ဖြတ်တောက်မှုများ ခွင့်ပြုပေးခြင်း၊ သတင်းအမှားများ ဖြန့်ချိခြင်းနှင့် နိုင်ငံများကို ခုခံအားနည်းလာ စေရန် ဖိအားပေးမှုများ လုပ်ဆောင်ခြင်းတို့ကို ပြုလုပ်နေကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန် (Jake Sullivan)က ပြောသည်။

အမေရိကန်၏ မှတ်စုတိုတွင် အမေရိကန်သည် AI နှင့်ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုတွင် တရုတ်၏ ဖွံ့ဖြိုးတိုးတက်လာမှုအပေါ် တန်ပြန်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ဖော်ပြထားသည်ဟု ဘေကျင်းအခြေစိုက် ကျွမ်းကျင်ပညာရှင်အဖွဲ့ Anbound မှ သုတေသီတစ်ဦးဖြစ်သူ ချန်းလီ(Chen Li)က ပြောသည်။

အမေရိကန်အစိုးရအနေဖြင့် တရုတ်၏ AI နှင့်ဆက်နွှယ်သော အဆင့်မြင့် နည်းပညာများကို အသုံးပြုမှုအား နောက်ထပ် ကန့်သတ်သွားဖွယ်ရှိသည့်အပြင် တရုတ်ကုမ္ပဏီများအား ကမ္ဘာလုံးဆိုင်ရာ AI ထောက်ပံ့ရေး ကွင်းဆက်များနှင့် ပူးပေါင်းမှုကို တားဆီးသွားနိုင်ဖွယ်ရှိကြောင်း ၎င်းက သုံးသပ်ထားသည်။

ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံသည် ပြင်းထန်သော နည်းပညာစစ်ပွဲတစ်ခု ဖြစ်နေပြီး AI သည် အဓိက စစ်မြေပြင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Source: South China Morning Post