CNI International News
ဝါရှင်တန်၊ မေလ ၃၀
အမေရိကန်က ထိုင်ဝမ်အား လက်နက်များ ရောင်းချနေမှုသည် အမေရိကန်နှင့် တရုတ်ကြား ဆက်ဆံရေးကို ပျက်စီးစေနိုင်သည့် အန္တရာယ်တစ်ခု ဖြစ်နေကြောင်း CNN မှ ဖော်ပြခဲ့သည်။
အမေရိကန်သည် ၁၉၇၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် “ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေ" (Taiwan Relations Act) အပေါ် အခြေခံပြီး ထိုင်ဝမ်အား စစ်လက်နက်ပစ္စည်းများ ရောင်းချပေးနေခြင်းဖြစ်သည်။
ထိုဥပဒေအရ အမေရိကန်အစိုးရသည် ထိုင်ဝမ်အား မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်စွမ်း ရှိစေရန်အတွက် ကာကွယ်ရေးဆိုင်ရာ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန် ဥပဒေကြောင်းအရ တာဝန်ရှိနေသည်။
ထိုလုပ်ငန်းစဉ်အရ ထိုင်ဝမ်ဘက်မှ ဝယ်ယူလိုသည့် လက်နက်စာရင်းကို တောင်းခံလာသည့်အခါ ပင်တဂွန် စစ်ဌာနချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ဒေသတွင်း စစ်ရေးချိန်ခွင်လျှာကို စိစစ်သုံးသပ်ရသည်။

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာနဲ့ တရုတ်ခေါင်းဆောင်ဟောင်း တိန့်ရှောင်ဖိန့်ကို တွေ့ရစဉ်
ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာနက သဘောတူညီလျှင် ထိုင်ဝမ်အား လက်နက် ရောင်းချမည့်ကိစ္စကို အမေရိကန်လွှတ်တော်ထံ တရားဝင် အကြောင်းကြားစာ ပေးပို့ရသည်။
လွှတ်တော်က ရက်ပေါင်း ၃၀ အတွင်း ကန့်ကွက်ခြင်းမရှိဘဲ အတည်ပြုပေးခဲ့ပါက သမ္မတ၏ နောက်ဆုံး အတည်ပြုချက် တောင်းခံရမည်ဖြစ်ပြီး သမ္မတက လက်မှတ်ရေးထိုးမှသာ အရောင်းအဝယ်မှာ အတည်ဖြစ် လာသည်။
သို့သော်လည်း အမေရိကန်သမ္မတများသည် တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ် ရာတွင် ထိုင်ဝမ်အား လက်နက်ရောင်းချမှုများကို အပေးအယူလုပ်စရာ ဖဲချပ်တစ်ခုအဖြစ် မကြာခဏ ဆိုင်းငံ့ ထားလေ့ရှိကြသည်။
မကြာသေးမီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ တရုတ်ခရီးစဉ်တွင်လည်း ထိုင်ဝမ်အား လက်နက်များ ရောင်းချခြင်းသည် တရုတ်နှင့် ဆွေးနွေးရာ၌ အပေးအယူ လုပ်နိုင်သည့် ဖဲချပ်တစ်ခုအဖြစ် သုံးနှုန်း ပြောဆိုခဲ့သည်။
တစ်ဖက်တွင်လည်း ထိုကဲ့သို့ လက်နက် အရောင်းအဝယ် ကိစ္စများသည် တရုတ်နိုင်ငံအတွက် အလွန်ထိရှလွယ်ပြီး စိတ်အနှောင့်အယှက် ဖြစ်ရသည့် အဓိက အချက်တစ်ချက် ဖြစ်နေသည်။
တရုတ်အစိုးရက ထိုင်ဝမ်ကို ၎င်းတို့၏ ပြည်နယ်တစ်ခုအဖြစ်သာ ရှုမြင်ထားပြီး လိုအပ်လာပါက အင်အားသုံးပြီး သိမ်းယူသွားမည်ဟု ကြေညာထားသည်။

ထိုင်ဝမ် စစ်လက်နက် စမ်းသပ်နေစဉ်
တရုတ်နိုင်ငံ၏ အမြင်တွင် အမေရိကန်က ထိုင်ဝမ်ကို လက်နက်များ ထောက်ပံ့ပေးနေခြင်းသည် တရုတ်၏ အချုပ်အခြာအာဏာနှင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒ (One China Policy) ကို ပြင်းထန်စွာ ချိုးဖောက်နေခြင်း ဖြစ်သည်ဟု ရှုမြင်ထားသည်။
ထို့ပြင် အမေရိကန်က လက်နက်များ ရောင်းချပေးနေသည့် လုပ်ရပ်သည် ထိုင်ဝမ်ရှိ ခွဲထွက်ရေးသမားများကို စစ်ရေးအရ ပိုမိုရဲတင်းလာစေပြီး ထိုင်ဝမ်ရေလက်ကြား၏ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည်ဟု တရုတ်က စွပ်စွဲထားသည်။
အမေရိကန်၏ လက်နက်ပံ့ပိုးမှုများကြောင့် တိုင်ဝမ်၏ ခုခံစစ်စွမ်းရည် မြင့်မားလာခြင်းသည် တရုတ်နိုင်ငံ၏ ဒေသတွင်း စစ်ရေး ဩဇာလွှမ်းမိုးမှုနှင့် ပြန်လည်ပေါင်းစည်းရေး ရည်မှန်းချက်များအတွက် ကြီးမားသော အတားအဆီးတစ်ခု ဖြစ်နေသည်။
ထို့ကြောင့် အမေရိကန်က ထိုင်ဝမ်အား လက်နက်လွှဲပြောင်းပေးသည့် အကြိမ်တိုင်းတွင် တရုတ်အစိုးရက စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခြင်းနှင့် သံတမန်ရေးအရ ပြင်းထန်စွာ ကန့်ကွက်ခြင်းတို့ဖြင့် တုံ့ပြန်လေ့ရှိသည်။
ယခုကဲ့သို့ အပြန်အလှန် ဆန့်ကျင်ကွဲလွဲနေသည့် မူဝါဒများကြောင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချရေးကိစ္စသည် အမေရိကန်နှင့် တရုတ်ကြား ဆက်ဆံရေးကို အချိန်မရွေး ပေါက်ကွဲသွားစေနိုင်သည့် အန္တရာယ်အရှိဆုံး အချက် အဖြစ် ဆက်လက် တည်ရှိနေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
Source: CNN
