CNI International News

တိုင်ပေ၊ ဩဂုတ် ၂၁

ထိုင်ဝမ်စစ်တပ်သည် ဩဂုတ် ၂၀ ရက်က ထိုင်ဝမ်ကျွန်း၏ အရှေ့တောင်ဘက် ကမ်းရိုးတန်းပေါ်ရှိ လူသူ အရောက်အပေါက်နည်းသည့် ဒုံးကျည်စမ်းသပ်ရေးစခန်းတွင် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များကို သတင်းထောင်များ၏ရှေ့တွင် ပစ်ခတ်ပြသခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

တရုတ်သည် ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားသည်။

ထိုကြေညာချက်ကို ထိုင်ဝမ်က လက်ခံစေရန် ဖိအားပေးသည့် အနေဖြင့် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလှုပ်ရှား မှုများအား အရှိန်မြှင့်တင်နေသလို ထိုင်ဝမ်ကလည်း ၎င်းတို့၏ ခုခံဟန့်တားနိုင်မည့် စွမ်းဆောင်ရည်များကို တိုးမြှင့်ခဲ့သည်။

ဒုံးကျည်များသည် ထိုင်ဝမ်၏ ကာကွယ်ရေးမဟာဗျူဟာတွင် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်။

ထိုဒုံးကျည်များသည် အမေရိကန်လုပ် ဒုံးကျည်များနှင့် ပြည်တွင်းတွင် ထုတ်လုပ်သည့် ဒုံးကျည်များဖြစ်သည်။

တရုတ်နဲ့ ထိုင်ဝမ်အလံကိုတွေ့ရစဉ်

ဩဂုတ် ၂၀ ရက်က ထိုင်ဝမ်၏ ပင်တန် (Pingtung) ကောင်တီရှိ ကျီယူဖန် (Jiupeng) စစ်စခန်းတွင် ထိုင်ဝမ် စစ်တပ်သည် အမေရိကန်လုပ် Patriot ဒုံးကျည်များနှင့် ပြည်တွင်းဖြစ် Sky Bow III ဒုံးကျည်များကို မြေပြင်မှ ပစ်ခတ်ခဲ့ပြီး ပင်လယ်အတွင်းရှိ စစ်သင်္ဘောတစ်စင်းမှလည်း RIM-66 Standard ဒုံးကျည်များကို ပစ်ခတ်ခဲ့သည်။

"ဒီနေ့ ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေအားလုံးဟာ သတ်မှတ်ထားတဲ့ ပစ်မှတ်တွေကို ထိမှန်ခဲ့ပါတယ်။ ကျနော်တို့ စစ်သားတွေရဲ့ လေ့ကျင့်ခန်းတွေ ခိုင်မာသေချာမှု ရှိတယ်ဆိုတဲ့အချက်နဲ့ ကျနော်တို့ရဲ့ လက်နက်စနစ်တွေဟာ တိုးတက်ကောင်းမွန်မှု ရှိတယ်ဆိုတဲ့အချက်ကို ဒီနေ့ ဒုံးကျည်ပစ်ခတ်မှုတွေက သက်သေပြခဲ့ပါတယ်" ဟု ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ စွန်းလီဖန် (Sun Li-fang) က ပြောကြားခဲ့သည်။

ကျီယူဖန်စစ်စခန်းတွင် အစိုးရပိုင် လက်နက်ထုတ်လုပ်သည့် အမျိုးသား ချောင်းရှန် သိပ္ပံနှင့် နည်းပညာဌာနလည်း ဖွင့်လှစ်ထားပြီး တရုတ်၏ နယ်နိမိတ်အတွင်းပိုင်းထဲရှိ ပစ်မှတ်များကို ပစ်ခတ်ရန် ရည်ရွယ်ထုတ်လုပ်ထားသည့် Hsiung Feng အမျိုးအစား တာဝေးပစ် ဒုံးကျည်များကို စမ်းသပ်လျက်ရှိသည်။

ထိုင်ဝမ်အစိုးရကမူ တရုတ်၏ နယ်နိမိတ် ပိုင်ဆိုင်ကြောင်း ကြေညာချက်များကို ငြင်းဆိုထားပြီး ထိုင်ဝမ်ကျွန်း၏ အနာဂတ်ကို ထိုင်ဝမ်လူထုကသာ ဆုံးဖြတ်နိုင်ကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ