CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၁

နိုင်ငံတစ်ဝှမ်း တော်လှန်ရေး ပြီးသွားသည့်တိုင်အောင် ချင်းပြည်နယ်အတွင်းက လက်နက်ကိုင် အဖွဲ့အစည်းများ အကြား နယ်မြေအငြင်းပွားမှုကြောင့် တိုက်ပွဲများ ဆက်ရှိနေမည်ဟု ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA)မှ အရှေ့ပိုင်းဒါရိုက်တာ ပူဇိုထန်က CNI သတင်းဌာနသို့ ပြောသည်။

ချင်းပြည်နယ်အတွင်းရှိ လူမျိုးစု ကိုယ်စားပြု လက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်း တိုက်ပွဲများ ဖြစ်ပွားနေ ကြောင်း၊ မူဝါဒများ မတူညီမှုကြောင့် စည်းလုံးမှု ပြိုကွဲနေကြောင်း၊ နယ်မြေအငြင်းပွားမှုများလည်း မဖြေရှင်းနိုင်ဘဲ ဖြစ်နေကြောင်း ၎င်းက ပြောသည်။

ZRA မှ အရှေ့ပိုင်း ဒါရိုက်တာ ပူဇိုထန်က “ကျနော့် အမြင်မှာလေ ချင်းလဲန်းကောင်စီဆိုတဲ့ CNA အဖွဲ့ပေါ့နော်၊ လက်နက်ကိုင်တွေကြောင့် ကျနော်တို့ တစ်ပြည်လုံး တစ်ပြည်နယ်လုံးက စည်းလုံးညီညွတ်မှု ပြိုကွဲတယ်လို့ ပြောချင်တယ်။ ကျနော်တို့ အခုလောလောဆယ်မှာ စစ်အုပ်ချုပ်ရေးကောင်စီကို ကျနော်တို့ တိုက်ရမှာ၊ အဲဒီကြား ထဲက CNA အဖွဲ့အနေနဲ့ ချင်းလဲန်းကောင်စီအနေနဲ့ တစ်ပြည်နယ်လုံးကို သူတို့က ငါတို့ပဲ ဦးဆောင်မယ်၊ ငါတို့ပဲ ညွှန်ကြားမယ်ဆိုတဲ့ စိတ်ဓါတ်ရှိတဲ့အခါကြတော့ ဒီလိုဖြစ်ရခြင်းဖြစ်တယ်။ အခု ကျနော်တို့ ညီကိုအချင်းချင်း တိုက်ခိုက်တာလည်း သူတို့ရဲ့ လုပ်ဆောင်ချက်ကြောင့် ဖြစ်တယ်လို့ ကျနော် သူတို့ကို အပြစ်တင်ချင်တယ်။ ကျနော်တို့ စည်းလုံးညီညွတ်မှုကို လုပ်ချင်တယ်ဆိုလို့ရှိရင် CNA အနေနဲ့ သူတို့ရဲ့ ပေါ်လစီကို ပြောင်းပြီးတော့ ချင်းပြည်နယ် တစ်ခုလုံးမှာ ငါတို့ CNA တွေပဲ ငါတို့တွေ မပေါင်းလို့ရှိရင် အကုန်လုံး ချေမှုန်းမယ် ဘာညာ သူတို့ ပြောတဲ့ အပေါ်မှာ သူတို့ ပြောင်းလဲသင့်တယ်၊ ဒီလိုမဟုတ်ဘဲနဲ့ ဒီအတိုင်း ဆက်သွားမယ်ဆိုရင်တော့ ကျနော်တို့ ချင်းညီနောင်၊ ချင်းပြည်သူလူထုအနေနဲ့ ဆက်ပြီးတော့ ကျနော်တို့က စည်းလုံးညီညွတ်မှု ပြိုကွဲမယ်၊ မြန်မာ တစ်ပြည်လုံး တော်လှန်ရေး ပြီးသွားတယ်ဆိုလို့ရှိရင်လည်း ကျနော်တို့ ချင်းပြည်နယ်ကတော့ ဒီအတိုင်း ဆက်သွား မှာပဲ” ဟု ပြောသည်။

CNF အဖွဲ့ကို တွေ့ရစဉ်

ချင်းပြည်နယ်ရှိ အခြားမျိုးနွယ်စု လက်နက်ကိုင်အဖွဲ့အစည်းအတွင်း ညီအစ်ကိုရင်းကဲ့သို့ ဆက်ဆံပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုသည့်အမြင်ဖြင့် လုပ်ဆောင်ပါက ကောင်းမွန်ကြောင်း ၎င်းက ပြောသည်။

ချင်းပြည်နယ်အတွင်း ဖြစ်ပွားနေသော လူမျိုးစုလက်နက်ကိုင် တိုက်ပွဲများနှင့် ပတ်သက်၍ အကြောင်းစုံ သိရှိနိုင် ရေး ချင်းအမျိုးသားတပ်ဦး (CNF/CNA) ၏ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းထက်နီထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

၂၀၂၄ ခုနှစ်၊ မေလတွင် ချင်းပြည်နယ်အတွင်းရှိ တွန်းဇံမြို့နှင့် ကျီခါးမြို့နယ်တို့မှာ CNA ပူးပေါင်းတပ်ဖွဲ့များနှင့် ZRA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် တွန်းဇံနှင့် ကျီခါးမြို့တို့ကို CNA ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက် ခဲ့ကြောင်း ချင်းဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

ချင်းပြည်နယ်အတွင်းမှာ CNA ဦးဆောင်သော ချင်းလဲန်းကောင်စီနှင့် ZRA အကြားတွင် လည်းကောင်း၊ ချင်းလဲန်း ကောင်စီနှင့် ဒေသတွင်း ချင်းလက်နက်ကိုင်များနှင့် AA တို့ပူးပေါင်း ဖွဲ့စည်းထားသည့် ချင်းညီနောင်အဖွဲ့အကြား တွင်လည်းကောင်း မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေပြီး စည်းလုံးမှု အားနည်းနေကြောင်း ချင်းလူငယ်တစ်ဦးက ပြောသည်။

အလားတူ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာလည်း AA နှင့် ချင်းလက်နက်ကိုင်များကြား နယ်မြေအငြင်း ပွား၍ စစ်ရေးတင်းမာလျက်ရှိနေသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့ကို တွေ့ရစဉ်

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ချင်းပြည်နယ်သည် အဆင်းရဲဆုံး ပြည်နယ်ဖြစ်ကြောင်း၊ ဒေသတွင်း ပဋိပက္ခကြောင့် အခြားဒေသများထက် ချင်းပြည်နယ်မှာ ပို၍ ဒုက္ခရောက်မည်ဖြစ်ကြောင်း ZRA မှ အရှေ့ပိုင်းဒါရိုက်တာ ပူဇိုထန်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သိပ်ထိခိုက်တာပေါ့၊ ကျနော်တို့က လူသားတွေရဲ့ အဓိကျတဲ့ ပညာရေး ကျောင်းတွေလည်း မတက်နိုင် တော့ဘူး။ ပြီးတော့ ဆေးရုံလည်း မဖွင့်နိုင်တော့ဘူး။ ဝန်ထမ်းတွေကလည်း သူတို့ အလုပ်လုပ်တဲ့ နေရာမှာ မလုပ် နိုင်တဲ့အခါကြတော့ လူသားမျိုးနွယ်တစ်ခုလုံးရဲ့ လိုအပ်ချက်ဖြစ်တဲ့ အဓိက မဏ္ဍိုင် ၃ ခုက ဘာမှ လည်ပတ်လို့မရ တဲ့အခါကြတော့ ကျနော်တို့က မီဇီုရမ်မှာ တခြားနိုင်ငံမှာ စစ်ပြေးဒုက္ခသည်တွေ ဖြစ်ကုန်တယ်၊ ကိုယ့်ပြည်တွင်းထဲ မှာတောင် အပြင်မသွားနိုင်ဘဲ ကိုယ့်ရွာ၊ ကိုယ့်ဒေသမှာ ဒုက္ခဆင်းရဲ ငတ်ပြတ်ပြီးတော့ နေကြတဲ့ဟာကြတော့ ကျနော်တို့က အဲဒီအပေါ်မှာ အများကြီး ဆုံးရှုံးနစ်နာခဲ့တယ်။ ဒီအတိုင်း ဆက်သွားတယ်ဆိုလို့ရှိရင် ကျနော်တို့ ချင်းပြည်နယ်က အဆင်းရဲဆုံး ပြည်နယ်လည်းဖြစ်တယ်။ နောက်ကျရင်လည်း ကျနော်တို့က ထပ်ပြီးတော့ ဒုက္ခ ရောက်မယ်၊ ပြီးတော့ ရှိသမျှလူတွေကလည်း ကျနော်တို့ ချင်းပြည်နယ်မှာ လူငယ်၊ လူလတ်ပိုင်းတွေရော၊ မိန်းကလေးရော၊ ယောကျာ်းလေးရော အကုန်လုံး နိုင်ငံမှာ(က)ထွက်တဲ့ အခါကြတော့ နောက်ကျရင် မြန်မာနိုင်ငံ တစ်ပြည်လုံးထဲမှာ တစ်နိုင်ငံလုံးထဲမှာ ကျနော်တို့ ချင်းပြည်နယ်ကတော့ အခြားပြည်နယ် တိုင်းတွေထက် ပိုပြီး တော့ ဒုက္ခရောက်မယ်ဆိုတာတော့ ကျနော်ပြောချင်တယ်” ဟု ပြောသည်။

ZRA သည် မြန်မာနိုင်ငံအတွင်းရှိ ချင်းပြည်နယ် တွန်းဇံမြို့နယ်၊ တီးတိန်မြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ကလေးမြို့နယ်၊ တမူးမြို့နယ်၊ ကဘော်ချိုင့်ဝှမ်းဒေသ၊ မြန်မာ-အိန္ဒိယနယ်စပ် စသည့် နေရာဒေသများတွင် လှုပ်ရှားလျက်ရှိသည်။

CNF သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ချင်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ထန်တလန်မြို့နယ်တွင် ဌာနချုပ်ထားရှိကာ ဟားခါး၊ တီးတိန်၊ မတူပီတို့တွင် လှုပ်ရှားလျက်ရှိသည်။