CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆
ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ဘဏ်များအနေဖြင့် အိမ်ခြံမြေဈေးကွက်များ၌ အလုံးအရင်းဖြင့် ရင်းနှီးမြှုပ် နှံခြင်းများအစား ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းများတွင် ပိုမိုသုံးစွဲခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည်ဟု မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးမှာ ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
သမ္မတ ဦးမင်းအောင်လှိုင်က “MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ သိရှိပြီး မိမိတို့ ဒေသ အလိုက် မည်ကဲ့သို့ အောင်မြင်အောင် ဆက်လက် ဆောင်ရွက်သွားနိုင်မည်ကို သိရှိစေလိုခြင်းဖြစ်ကြောင်း၊ ငွေ ကြေး ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ဘဏ်များအနေဖြင့် အိမ်ခြံမြေဈေးကွက်များ၌ အလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံ ခြင်းများအစား ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းများတွင် ပိုမိုသုံးစွဲခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည်”ဟု ပြောသည်။
မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ဘဏ်များသည် အိမ်ခြံမြေ ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်လျက်ရှိသလို ဘဏ်ချေးငွေဖြင့် အိမ်ခြံမြေများ ဝယ်ယူနိုင်ရေးကို ဝန်ဆောင်မှုပေးလျက်ရှိသည်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေး ကျင်းပနေစဉ်
အလားတူ ငွေကြေးခဝါချမှု လုပ်လိုသူများကလည်း အိမ်ခြံမြေဈေးကွက်များတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံနေခြင်း ကြောင့် အိမ်ခြံမြေဈေးကွက်သည် အဆမတန်မြင့်တက်လျက်ရှိနေသည်။
သမ္မတ ဦးမင်းအောင်လှိုင်က “ အရင်းအနှီး နည်းနည်းဖြင့် အရေအတွက်များများ ဆောင်ရွက်နိုင်သည်မှာ MSME လုပ်ငန်းများဖြစ်ပြီး အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါက တိုင်းပြည်၏ စီးပွားရေးအတွက် များစွာ အထောက်အပံ့ပေးနိုင်ခြင်းကြောင့် MSME လုပ်ငန်းကို အားပေးဆောင်ရွက်နေခြင်းဖြစ်သည်”ဟု ပြောသည်။
MSME လုပ်ငန်းများသည် နိုင်ငံတစ်ခု၏ GDP တိုးတက်ရေးတွင် အဓိက ပါဝင်သည်ကို တွေ့ရှိရကြောင်း၊ MSME လုပ်ငန်းများကို နိုင်ငံ၏ စီးပွားရေးကို အားပေးမြှင့်တင်ရန်၊ ပြည်တွင်းကုန်ထုတ် လုပ်မှုကို မြှင့်တင်ရန်၊ သွင်းကုန် အစားထိုးရန်၊ တန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်၍ ပြည်ပတင်ပို့ခြင်းအားဖြင့် နိုင်ငံခြားဝင်ငွေများ တိုးမြှင့်ရရှိရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
