CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆

တရုတ်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်က တွေ့ဆုံ ဆွေးနွေးပြီးနောက် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ၁၈ ခုကို လက်မှတ်ရေးထိုး ခဲ့ကြသည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်ခရီးစဉ်ကို စတင်နေခြင်းဖြစ်သည်။

ထို့နောက် ဇွန်လ ၁၆ ရက်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က The Great Hall ခန်းမမှာ နိုင်ငံတော်ဂုဏ်ပြု တပ်ဖွဲ့ဖြင့် အမြှောက် ၂၁ ချက် ပစ်ဖောက်၍ ကြိုဆိုခဲ့သည်။

အဆိုပါ ဂုဏ်ပြုကြိုဆိုပြီးနောက် နှစ်နိုင်ငံ ခေါင်း‌ဆောင်များ တွေ့ဆုံ ဆွေးနွေးပြီး နားလည်မှု စာချွန်လွှာ ၁၈ ခုကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ နားလည်မှု စာချွန်လွှာ ၁၈ ခုမှာ မြန်မာနှင့် တရုတ် နိုင်ငံတို့အကြား ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (Global Security Initiative-GSI) ပူးတွဲမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအစိုးရများအကြား ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံ (Global Civilization Initiative-GCI) ပူးတွဲမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဦး ဆောင်ဦးရွက်ပြုမှု (Global Development Initiative-GDI) အကောင်အထည်ဖော်ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာတို့ ပါဝင်သည်။

ထို့နောက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်(၂၀၂၆)အတွက် ပူးတွဲ အကောင်အထည်ဖော်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ အောင်ဆန်း အားကစားကွင်းသစ် ပြန်လည် တည် ဆောက်ခြင်း စီမံကိန်း ဆောင်ရွက်ရန်အတွက် အကူအညီပေး ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရုတ်တိုင်းရင်းဆေးဖက်ဝင် အပင်များ တင်ပို့ခြင်းဆိုင်ရာ အပင်ကျန်းမာရေး လိုအပ်ချက် သဘောတူစာချုပ်တို့ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။

အလားတူ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လတ်ဆတ်သော ငှက်ပျောသီးများ တင်ပို့ခြင်းဆိုင်ရာ အပင် ကျန်းမာရေး လိုအပ်ချက် သဘောတူစာချုပ်၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသုံးရန် ရေထွက်တိရစ္ဆာန်များ တင်ပို့ခြင်းဆိုင်ရာ ကန့်သတ် စစ်ဆေးရေးနှင့် သန့်ရှင်းရေး လိုအပ်ချက်ဆိုင်ရာ သဘောတူစာချုပ်၊ မဟာမဲခေါင်ဒေသခွဲ နယ်စပ် ဖြတ် ကျော် သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့စေရေး အကောင်အထည်ဖော်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာတို့လည်း ပါဝင်သည်။

ထို့အပြင် တရုတ်-မြန်မာ သိပ္ပံနှင့်နည်းပညာ ပြည်သူချင်းဖလှယ်ရေး အစီအစဉ်ဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနှင့် တတ်သိပညာရှင်ဖိုရမ်ယန္တရား နားလည်မှု စာချွန်လွှာ၊ ရုပ်သံထုတ်လွှင့်ခြင်း၊ ရုပ်မြင်သံကြားနှင့် အွန်လိုင်း အသံ/ရုပ် ဝန်ဆောင်မှုများ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် နားလည်မှု စာချွန်လွှာ၊ ဉာဏပစ္စည်းမူပိုင်ခွင့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ ယှဉ် ပြိုင်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ လွတ်လပ်သော ကုန်သွယ်မှုနှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ တို့ကိုလည်း လက်မှတ်ထိုးခဲ့ကြသည်။

ထို့နောက် မြေငလျင်ဘေး အရေးပေါ် လူသားချင်းစာနာထောက်ထားမှု နည်းပညာ အကူအညီ လွှဲပြောင်းပေးအပ် ခြင်းနှင့် လက်ခံရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာနှင့် အသိပညာ ဖလှယ်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ စသည်တို့ကို လက်မှတ်ရေးထိုးခဲ့ကြသည်။