CNI International News

ဆိုဖီယာ၊ ဇွန်လ ၁၆

ဘူလ်ဂေးရီးယား အစိုးရသစ်သည် ယူကရိန်းနိုင်ငံသို့ နိုင်ငံပိုင် လက်နက် ထောက်ပံ့မှုများကို ပိတ်ပင်လိုက်ကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

သို့သော်လည်း ထိုကဲ့သို့ ပိတ်ပင်မှုသည် ကုန်သွယ်ရေးဆိုင်ရာ လက်နက် တင်ပို့ရောင်းချမှုများအပေါ် သက်ရောက် မှု မရှိသဖြင့် ထိုလုပ်ဆောင်ချက်သည် ယူကရိန်းအစိုးရကို ပစ်မှတ်ထားခြင်းထက် ဘူလ်ဂေးရီးယား ပြည်တွင်းရှိ လက်နက် ထောက်ပံ့သူများကို ပစ်မှတ်ထား ဦးတည် လုပ်ဆောင်ခဲ့ခြင်းလောဟူသည့် မေးခွန်းများ ထွက်ပေါ်လာ စေခဲ့သည်။

ဘူလ်ဂေးရီးယား ကာကွယ်ရေးဝန်ကြီး ဒီမီတာ စတိုယာနော့ဗ် (Dimitar Stoyanov) က ဘူလ်ဂေးရီးယားနိုင်ငံ အနေဖြင့် ယူကရိန်းကို လက်နက်များ ဆက်လက် ထောက်ပံ့တော့မည် မဟုတ်ကြောင်း ဇွန်လ ၉ ရက်က ပြော ကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော် ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း လအနည်းငယ် အတွင်းမှာပင် ဘူလ်ဂေးရီးယား အာဏာပိုင်များက ဘူလ်ဂေးရီးယားနိုင်ငံထုတ် ကျည်ဆံတစ်တောင့်မျှ ယူကရိန်းသို့ ပေးပို့ခြင်း မရှိကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

သို့သော် လက်တွေ့တွင်မူ ဘူလ်ဂေးရီးယား၏ ကာကွယ်ရေး လုပ်ငန်းကဏ္ဍသည် ပိုလန်နှင့် ချက်သမ္မတနိုင်ငံကဲ့သို့ ကြားခံနိုင်ငံများသို့ လက်နက်တင်ပို့မှုကို သိသိသာသာ တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ထိုကြားခံနိုင်ငံများမှတဆင့် ယူကရိန်းသို့ လက်နက်များ ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။

ဘူလ်ဂေးရီးယား သမ္မတဟောင်း ရူမန် ရာဒက်ဗ်ကို တွေ့ရစဉ်

ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ဘူလ်ဂေးရီးယား ညွန့်ပေါင်းအစိုးရသည် ယူကရိန်းသို့ စစ်ရေးဆိုင်ရာ ထောက်ပံ့မှုများ ကို ဆက်လက် လုပ်ဆောင်ပေးနိုင်ခဲ့သလို တစ်ဖက်တွင်လည်း ၎င်းတို့၏ ညွန့်ပေါင်းအစိုးရအဖွဲ့တွင် ပါဝင်သည့် ရုရှားလိုလားသော ပါတီတစ်ခုကို ဆက်ဆံရေးမပျက်ဘဲ မိတ်ဖက်အဖြစ် ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။

ယခု နောက်ဆုံးထုတ်ပြန်လိုက်သော ပိတ်ပင်မှုသည် နိုင်ငံပိုင် အရန်လက်နက် သိုလှောင်ရုံများမှ ယူကရိန်းသို့ တိုက်ရိုက် ထောက်ပံ့မှုများ အပေါ်တွင်သာ သက်ရောက်မှုရှိပြီး ဘူလ်ဂေးရီးယား၏ လက်နက်လုပ်ငန်းကဏ္ဍမှ ယူကရိန်းသို့ လက်နက်များ သွယ်ဝိုက်တင်ပို့ရောင်းချခြင်းကိုမူ တားဆီးပိတ်ပင်ထားခြင်းမရှိပေ။

ထို့ကြောင့် သမ္မတဟောင်း ရူမန် ရာဒက်ဗ် (Rumen Radev) နှင့် ၎င်း၏ Progressive Bulgaria ပါတီတို့ ဦးဆောင် သော အစိုးရသစ်၏ မူဝါဒ အပြောင်းအလဲသည် ယူကရိန်းအစိုးရထံ သတင်းစကား ပါးလိုခြင်းလော သို့မဟုတ် ရုရှားလိုလားသည့် ဘူလ်ဂေးရီးယား လူ့အဖွဲ့အစည်း၏ လက္ခဏာတစ်ရပ်ကို ရည်ရွယ်ပြသလိုခြင်းလောဟူသည့် မေးခွန်းများ ထွက်ပေါ်လာစေသည်။

ဇွန်လ ၁၀ ရက်က ပြုလုပ်ခဲ့သည့် လွှတ်တော် ကြားနာစစ်ဆေးပွဲ တစ်ခုအတွင်း ကာကွယ်ရေးဝန်ကြီးက ဘူလ်ဂေးရီးယား၏ အရန်လက်နက် သိုလှောင်ထားရှိမှုသည် အနိမ့်ဆုံး လိုအပ်ချက် အဆင့်အောက်သို့ ရောက်ရှိ နေသောကြောင့် ထောက်ပံ့စရာ လက်နက် မရှိတော့ကြောင်း ပြောကြားခဲ့သည်။

Source: DW