CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆

မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းများကြား၌ သံတမန်ရေးရာပိုင်းနှင့်ပတ်သက်၍ သမ္မတ ဦးမင်းအောင်လှိုင် ကလုပ်ပြီး စစ်ရေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးမှ လုပ်လာနိုင်ကြောင်း မြန်မာ့ပုံရိပ် ဖော်ညွှန်းရေးအဖွဲ့မှ အကြံပေး ဦးညိုအုန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီအတွက်ကြောင့်အခု ဒီအစိုးရအနေနဲ့ကတော့ ၂ ပိုင်းသွားမယ်လို့ ထင်ပါတယ်။ သံတမန်ပိုင်းကတော့ သမ္မတကြီးက လုပ်မယ်။ အခု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး အနေနဲ့ လည်း လက်နက်ကိုင်ပဋိပက္ခတွေကို ရပ်ရင်ရပ် မရပ်ရင် သူ့အနေနဲ့ အင်အားသုံးပြီးတော့ တိုက်မယ်။ အရင်တုန်း ကလို ညီမျှတဲ့အင်အားတို့၊ အနည်းဆုံးသုံးတာတို့ မသုံးတော့ဘဲနဲ့ ဒီအချိန်မှာတော့ သူသည် အချုပ်အခြာအာဏာနဲ့ နယ်မြေတွေ ဆုံးရှုံးသွားတဲ့ဟာတွေ အခုကျနော်တို့ ချင်းပြည်ရဲ့ မြောက်ပိုင်းဒေသတွေမှာပေါ့နော် တိုက်နေတာ တွေ၊ ရှမ်းပြည်ဘက်မှာ တိုက်နေတာတွေ ကြည့်လိုက်မယ်ဆိုရင် သူက သံတမန်ရေးအရရော နောက်တစ်ခုက သူတို့သည် အိမ်နီးချင်း အိန္ဒိယနဲ့ တရုတ်နိုင်ငံရဲ့ ကိုယ်ကျိုးစီးပွားကို အခြေခံတဲ့ စီးပွားရေးကူးသန်းရောင်းဝယ်မှု ကြောင့် ဖြစ်ရတဲ့ ငြိမ်းချမ်းရေး ပုံစံသစ်တစ်ခု ထွက်လာမယ်လို့ ကျနော်ထင်ပါတယ်” ဟု ပြောသည်။

သမ္မတဦးမင်းအောင်လှိုင်သည် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယမှပြန်လာပြီးနောက် ဇွန်လ ၁၅ ရက်နေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်ဖြင့် တရုတ်ခရီးစဉ် သွားရောက်နေခြင်းဖြစ်သည်။

ထိုခရီးစဉ်များအရ နိုင်ငံတကာနှင့် ဒေသတွင်း သံတမန်ရေးအရ အရေးပါသော အချိုးအကွေ့များဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်

လက်ရှိ နိုင်ငံရေး၊ စစ်ရေးအရ ဖိအား ရင်ဆိုင်နေရချိန်၌ ထိုသို့ သွားရောက်ခြင်းကြောင့် တရားဝင်မှုနှင့် အင်အား ကြီး အိမ်နီးချင်းနှစ်နိုင်ငံကြား မျှခြေညှိသည့် သံတမန်ရေးဗျူဟာများ ဖြစ်နိုင်ကြောင်းလည်း ၎င်းတို့က သုံးသပ် ကြသည်။

အိန္ဒိယဘက်မှ မြန်မာနိုင်ငံမှာ တရုတ်သြဇာလွှမ်းမိုးမှုကို ထိန်းညှိရန်နှင့် နယ်စပ်လုံခြုံရေးအတွက် ယခုကဲ့သို့ လက်ခံ တွေ့ဆုံခြင်း ဖြစ်နိုင်သကဲ့သို့ တရုတ်ဘက်မှလည်း ဘင်္ဂလားပင်လယ်အော် ထွက်ပေါက် မဟာဗျူဟာနှင့် စီးပွားရေး အကျိုးအမြတ်များအတွက် ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက်လာခြင်းဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

ထိုခရီးစဉ် နှစ်ခုအရ နယ်စပ်ဒေသစိုးမိုးမှု ရယူထားသည့် EAO များအတွက် စစ်ရေးအရရော ရိက္ခာ၊ လက်နက် ထောက်ပံ့ရေး လမ်းကြောင်းများတွင် သိသာသော ဖိအားများ ဖြစ်လာစေနိုင်ကြောင်းလည်း ၎င်းတို့က သုံးသပ်ကြ သည်။
ထိုအခင်းအကျင်းများကို ကြည့်ခြင်းအားဖြင့် မြန်မာ့နိုင်ငံရေးသည် အလားအလာ ကောင်းသည်ဟုလည်း မပြော နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အလားအလာ ကောင်းတယ်လို့တော့ မပြောနိုင်ဘူးပေါ့လေ။ ဒါပေမယ့် ရှေ့မှာ အခြေအနေတွေက ထိန်းမ နိုင် သိမ်းမရ။ ဘယ်နိုင်ငံကမှ တရုတ်တို့ ဘာတို့ဘက်ကလည်း ဝင်ပြီးတော့ တရုတ်နဲ့ အိန္ဒိယက တကယ်တမ်း တည့်တာ မဟုတ်ဘူးလေ။ သူတို့ရဲ့ ကိုယ်ကျိုးအစီးပွား အပေါ်မှာသာ အခြေခံပြီးတော့ မြန်မာနိုင်ငံကို ဆက်ဆံနေ တာ။ စစ်ရေးမှာလည်း ကျနော် ခုနကပြောသလိုပေါ့ အပြုတ်တိုက်ဆိုတဲ့ဟာမျိုး မဟုတ်တော့ဘူးပေါ့။ အရင်တုန်း ကလို ဒီအဖွဲ့အစည်းတစ်ခု ပြုတ်သွားအောင်လို့ မဟုတ်တော့ဘဲနဲ့ ငြိမ်းချမ်းရေး NCA လက်မှတ်ထိုးထားတဲ့ NCA စာချုပ်အတိုင်း ဆက်ပြီးတော့ ဆွေးနွေးဖို့ အဲဒါကိုပဲ ထပ်ပြီးတော့ လုပ်မှာပေါ့။ အဲဒီတော့ တစ်ခုပဲ ဒီမှာကတော့ အဖွဲ့အစည်းအသီးသီးရဲ့ တောင်းဆိုချက်တွေကတော့ သူတို့ချင်း ပြန်ညှိရမှာပေါ့နော်။ ဘာလို့လဲဆိုတော့ NCA လက်မှတ် ထိုးထားတဲ့ မူလ အဖွဲ့အစည်းတွေကတော့ ဖက်ဒရယ်စနစ်ကိုသွားဖို့၊ ဖက်ဒရယ်စနစ်ကို သွားတဲ့အခါမှာ လည်း လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ပေါ့။ ဖက်ဒရယ်စနစ်နဲ့ ကိုက်ညီအောင် ပြင်ဆင်ဖို့ပေါ့ အဲဒီလို ရည်မှန်းချက် ထားပြီးတော့ သူတို့သဘောတူထားတာ။ ဒါပေမယ့် အခု AA တို့ ဘာတို့ကြ အဲဒီလို မဟုတ်ဘူး။ ဖက်ဒရယ်အဆင့်ထက် သာလွန်ပြီးတော့ ပိုပြီးလွတ်လပ်တဲ့ စနစ်မျိုးပေါ့နော်။ နိုင်ငံရေး အသုံးအနှုန်းတော့ သူက ကွန်ဖက်ဒရေးရှင်းလို့ ခေါ်တာပေါ့” ဟု ပြောသည်။

 သမ္မတ ဦးမင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့ကို တွေ့ရစဉ်

သမ္မတ ဦးမင်းအောင်လှိုင်၏ ထိုခရီးစဉ်နှစ်ခုစလုံးသည် လက်ရှိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ကာလမှာ အိမ်နီး ချင်း နိုင်ငံများ၏ ထောက်ခံမှုနဲ့ တရားဝင်မှုကို ရယူပြီး ပြည်တွင်းစီးပွားရေး၊ နယ်စပ်လုံခြုံရေး အကျပ်အတည်း များကို ကျော်လွှားရန် ကြိုးစားသည့် သံတမန်ရေး အခင်းအကျင်းသစ်တစ်ခု ဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက သုံးသပ်ကြသည်။

အိမ်နီးချင်း အင်အားကြီး နှစ်နိုင်ငံလုံး၏ ခရီးစဉ်များသည် မြန်မာ့တပ်မတော်အတွက် စစ်ရေးအရ အသာစီးပြန်ရ ရန် သို့မဟုတ် စစ်မျက်နှာများကို ထိန်းချုပ်နိုင်ရန် သံတမန်ရေး နည်းလမ်းဖြင့် ဝိုင်းရံပိတ်ဆို့ပေးသည့် ဗျူဟာ မြောက် ခြေလှမ်းများ ဖြစ်နိုင်ကြောင်းလည်း သုံးသပ်မှုများရှိသည်။

သို့သော် မြေပြင်မှ EAO များနှင့် PDF များ၏ စစ်ရေးအရှိန်အဟုန်မှာ ပြင်းထန်နေဆဲဖြစ်ရာ တရုတ်နှင့် အိန္ဒိယတို့ ၏ ကူညီမှုများက မြေပြင်စစ်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးနိုင်မလား သို့မဟုတ် စစ်ရှိန်ကို ပိုမိုကြန့်ကြာသွားစေ မလားကိုမူ စောင့်ကြည့်ရမည့် အခြေအနေ ဖြစ်ကြောင်း ထောက်ပြကြသည်။