CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂဒေသ တည်ငြိမ်အေးချမ်းရေးအတွက် အရေးကြီးသည့် ကာလဖြစ်၍ နာဂလက်နက်ကိုင်အဖွဲ့များကို နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှု(ဗဟို)က တည်ငြိမ်အေးချမ်းရေးနှင့် စေ့စပ်ညှိနှိုင်း ရေးကော်မတီကို ဖွဲ့စည်းကာ လိုက်လံ ဆွေးနွေးလျက်ရှိသည်။
နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှု (ဗဟို)သည် နာဂ လက်နက်ကိုင်များဖြစ်သည့် NSCN-K/AM၊ NSCN-K/YA၊ ENDA၊ NNC၊ NSCN-IM အပါအဝင် ၆ ဖွဲ့ကို တွေ့ဆုံဆွေးနွေးရန်အတွက် အဖွဲ့ ၆ ဖွဲ့ခွဲ၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် လျက်ရှိသည်။
သို့သော် စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းမှုအပေါ် ဒေသခံပြည်သူများအကြား အမြင်အမျိုးမျိုး ထွက်ပေါ်နေပြီး ထိုကော်မတီ၏ ကြိုးပမ်းမှုလည်း သံသယရှိကြောင်း ဒေသခံများက ပြောကြသည်။
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသတွင် တည်ငြိမ်အေးချမ်းရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ အဖွဲ့ အစည်းသည် နာဂသမိုင်း၌ မလုပ်ခဲ့ဖူးသည့် အရာဖြစ်ကြောင်း နာဂဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “အဓိက,ကတော့ အဖွဲ့ ၆ ဖွဲ့ ခွဲလိုက်တယ်ဆိုတဲ့ဟာက ကျနော်တို့ ဒီပိတ်ဆန်းနာဂလန်းမှာ အဖွဲ့ ၆ ဖွဲ့ ရှိတယ်ဆိုတဲ့ ဟာကို သက်သေ ပြလိုက်တဲ့သဘောပါပဲ။ အဓိက,ကတော့ ယုံးအောင် အဖွဲ့နဲ့ သွားတွေ့မယ်၊ ပြီးရင် အဖွဲ့နှစ်က တော့ အန်းမိုင် အဖွဲ့နဲ့တွေ့မယ်၊ အဖွဲ့သုံးကတော့ IM အဖွဲ့နဲ့တွေ့မယ် စသဖြင့်ပေါ့ဗျာ။ အဖွဲ့တွေ ခွဲပြီးမှ တွေ့ကြမှာ။ တွေ့ ပြီးရင် သူတို့ရဲ့သဘောထား မှတ်ချက်တွေကို ပြန်စုပြီး Group လုပ်ပြီးမှ ပြန်ပြီးဆွေးနွေးကြမှာ။ ဘယ်လို ဆုံးဖြတ်ကြမလဲတော့ အဲဒီရလဒ်ပေါ် မူတည်ပြီးမှပဲ အဖြေပေါ်မှာပေါ့။ ရည်ရွယ်ချက်ကတော့ အဓိက,က တော့ ဒီပိတ်ဆန်း (ပန်ဆောင်မြို့)မှာရှိတဲ့ အဖွဲ့အစည်းတွေ အားလုံး စုစည်းဖို့အတွက်တော့ ဒါရည်ရွယ်ပြီး ဖွဲ့စည်း ထားတဲ့အဖွဲ့အစည်း ဖြစ်တယ်ပေါ့နော်။ ရှင်းရှင်းပြောရင်တော့ ဒီပိတ်ဆန်း နာဂမှာက နာဂရိုးရာစာပေယဥ်ကျေးမှု ဗဟိုက အကြီးဆုံးပဲဖြစ်တယ်။ အကြီးဆုံး ဖြစ်တယ်ဆိုတော့ အားလုံးက ယုံကြည်ရတဲ့ အဖွဲ့အစည်းဖြစ်တယ်။ လက်နက်ကိုင်အဖွဲ့အစည်း တော်တော်များများကလည်း ဒီရိုးရာကိုတော့ ယုံကြည်ကြတယ်လို့တော့ ကျနော် မျှော် လင့်တယ်ပေါ့နော်။ အကျိုးသက်ရောက်မှုကတော့ အများကြီး ရှိလာမယ်လို့တော့ ကျနော်တို့ကတော့ မျှော်လင့် တာပေါ့လေ။ ဘာလို့လဲဆိုတော့ နာဂသမိုင်းမှာ မလုပ်ခဲ့ဖူးတဲ့ အရာဖြစ်တယ်။ အခု လောလောဆယ်ကတော့ ဘာပဲပြောပြော တည်ငြိမ်အေးချမ်းဖို့အတွက် အရေးကြီးတဲ့ ကာလဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒါတည်ငြိမ် အေးချမ်းဖို့ အတွက်ပဲ ဆောင်ရွက်နေတာ ဖြစ်တယ်”ဟု ပြောသည်။

တည်ငြိမ်အေးချမ်းရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်တွေကို တွေ့ရစဉ်
နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု(ဗဟို)သည် မြန်မာနိုင်ငံရှိ နာဂတိုင်းရင်းသားများ၏ ဓလေ့ထုံးစံများ၊ စာပေနှင့် အနုပညာများကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းရန်အတွက် အဓိကအခြေခံ အုတ်မြစ်ဖြစ်သည်။
တည်ငြိမ်အေးချမ်းရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ အဖွဲ့အစည်းအား မိမိတို့ အဖွဲ့အစည်းမှ လက်ခံကြောင်း၊ ၎င်းတို့ ကမ်းလှမ်းသည့်အတိုင်း ထိုအဖွဲ့အစည်းတွင် ပါဝင်ရန်အသင့်ရှိကြောင်း NSCN-K/AM ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးချင်းမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့အနေနဲ့ သုံးသပ်ရအောင်တော့ သီးခြား သုံးသပ်စရာတော့ အကြောင်းမရှိဘူး။ လူထုကနေတော့ ကျနော်တို့ သွားနေတဲ့ လမ်းစဥ်ကိုတော့ ယုံကြည်မှုတော့ အများကြီးရှိတာပေါ့။ အများကြီးလည်း မျှော်ကိုးနေကြ တာပေါ့နော်။ လက်ရှိကတော့ နာဂရေးရာအဖွဲ့အစည်းနဲ့ ကျနော်တို့ ပေါင်းစပ်ပြီးတော့မှ အလုပ်လုပ်တာ။ ခုနက အဖွဲ့အစည်းတွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့က ကြားထဲမှာ ပေါင်းစပ်ညှိနှိုင်းရေးပြီးတော့မှ သွားခိုင်းတာရှိတယ်ဗျ။ ဟို YA အဖွဲ့ နဲ့တော့ သူတို့တွေ့ပြီလို့ ပြောတယ်ဗျ။ ဒါပေမယ့် YA ဥက္ကဋ္ဌကတော့ တွေ့ခွင့်မပေးဘူး။ ဒါပေမယ့် အောက်ခြေက အဖွဲ့နဲ့တော့ သူတို့တွေ့ပြီးတော့မှ စကားပြောခဲ့တယ်လို့ ပြောတယ်။ အခုကတော့ ကျနော်တို့ နာဂရိုးရာအဖွဲ့က တော့ ကျနော်တို့ ဥက္ကဋ္ဌနဲ့ စကား မနေ့ကနေ စပြီးတော့မှ၊ လူတွေ့ ပြီးတော့မှ သူတို့ ဒီရက်(ဇွန် ၁၅)အထိပေါ့ တွေ့ဆုံဆွေးနွေး နေကြတယ်။ အဓိကတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တွေ့ဆုံဆွေးနွေးပြီးတော့မှ ဘာပဲဖြစ်ဖြစ် ကျနော်တို့ သမ္မတ ဦးအန်းမိုင်လည်း အဲဒီလမ်းကြောင်းကို သွားချင်နေတာ။ ကျနော်တို့ နာဂရိုးရာအဖွဲ့ကို သူတို့ဘက်ကနဲ့ သွားပြီးတော့မှ ဆောင်ရွက်ဖို့ဆိုပြီးမှ လုပ်ထားတာရှိတယ်။ အခုလည်းပဲ လက်ရှိတော့ ရိုးရာကနေ အကောင်အထည် စဖော်နေပြီပေါ့”ဟု ပြောသည်။

NSCN-K/YA ကို တွေ့ရစဉ်
ထို့နောက် မိမိတို့ NSCN-K/AM အဖွဲ့သည် NSCN-K/YA နှင့်တွေ့ဆုံ ဆွေးနွေးနိုင်ရေး ကြိုးပမ်းမှုများရှိကြောင်း၊ သို့သော် NSCN-K/YA က တွေ့ဆုံဆွေးနွေးမှုကို လက်မခံဘဲဖြစ်နေကြောင်း၊ တခြားတစ်ဖက်မှာတော့ NSCN-IM နှင့် မိမိတို့ အဖွဲ့ကြား ဆွေးနွေးမှုများရှိနေသလို အဆက်အသွယ်လည်း ရှိနေကြောင်း ဦးချင်းမောင်က ဆက်ပြောသည်။
၎င်းက “အဓိက,ကတော့ ကျနော်တို့ဘက် IM တို့ဘာတို့ ကျန်တဲ့အဖွဲ့အစည်းတွေလည်းပဲ ကျနော်တို့က အမြဲတမ်း တွေ့ဆုံ ဖို့ရှိတယ်။ ဒါပေမယ့် YA တစ်ဖွဲ့နဲ့ပဲ တွေ့ဆုံဖို့ အဆင်မပြေဘူး ဖြစ်နေတာ။ အဓိက,ကတော့ YA ကို အခြေ ခံပြီးတော့မှ ကျနော်တို့ ဆောင်ရွက်နေတာ ရှိတယ်ဗျ။ သူတို့ကတော့ ဘယ်ချိန်မှာ ဘယ်လို စကားပြော ထားကြ လဲတော့ မသိ့ဘူးပေါ့နော်။ ဒါပေမယ့် IM အဖွဲ့ကတော့ သူတို့နဲ့ကတော့ ကျနော်တို့က နေ့တိုင်း တွေ့ဆုံတဲ့ အတိုင်း အတာလည်း ကျနော်တို့ ရှိတယ်ဗျ။ ပြီးရင် အမြဲတမ်းတော့ နောက်ဆုံး လူချင်း မတွေ့တောင်မှ ဖုန်းနဲ့ဖြစ်ဖြစ် အမြဲတမ်း အချိတ်အဆက်ရှိတယ်ဗျ။ ကျနော်တို့ အနေနဲ့ကတော့ ဒီအဖွဲ့အစည်းကို လက်ခံပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးကို အဓိက ဦးစားပေးပြီးတော့မှ သွားနေတာပေါ့။ ကျနော်တို့ အဖွဲ့အစည်း အနေနဲ့ကတော့ သူတို့ ကမ်းလှမ်းတဲ့အတိုင်း ကျနော်တို့ကလည်း ပါဝင်ပြီးတော့မှ ဒီအဖွဲ့အစည်းမှာ ပါဝင်ဖို့ အဆင်သင့် ရှိတယ်ဆိုတဲ့ အတိုင်းအတာကိုပဲ ဒါကိုပြောပြချင်တာပါ”ဟု ပြောသည်။
နာဂလူမျိုးအတွင်း ကာလရှည်ကြာ တည်ရှိနေသည့် မျိုးနွယ်စုစွဲ၊ ဒေသအလိုက် အကျိုးစီးပွားကွဲပြားမှုများနှင့် နိုင်ငံရေး သဘောထားအမြင် ကွာခြားမှုများသည် စည်းလုံးညီညွတ်ရေး ကြိုးပမ်းမှုအတွက် အဓိက အတားအဆီး များဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
နာဂဒေသတွင် NSCN-IM/HR၊ NPDF နှင့် ကသည်း လက်နက်ကိုင်များလည်း အခြေပြု လှုပ်ရှားလျက်ရှိနေသေး သည်။
