CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)တို့ တစ်ဖွဲ့တည်းအနေဖြင့် ပြန်လည်ပေါင်းစည်းနိုင်ရေး နာဂအင်အားစုများ ကြား ကြိုးပမ်းနေကြသည်။
NSCN-K/YA နှင့် NSCN-K/AM သည် ယခင်က ဦးကပ္ပလန် အုပ်ချုပ်စဉ်က တစ်ဖွဲ့တည်းဖြစ်သော်လည်း ၂၀၁၇ ခုနှစ်တွင် ဦးကပ္ပလန် ကွယ်လွန်ပြီးနောက် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ၌ ယုံးအောင်က ဥက္ကဋ္ဌ တာဝန်ရယူခဲ့သည်။
ထို့နောက် အန်းမိုင်၊ ဦးကျော်ဝမ်စိန်၊ အောင်ဆိုင်း၊ ဦးအန်ကန့်၊ ဦးစောထိန်၊ နီကီဆူမီ၊ စတာစွမ်း၊ ညမ်းလန်းတို့ကို ထွက်ပယ်ခဲ့ပြီးနောက် NSCN-K ကနေ နီကီဆူမီက NSCN-K/NK ဟုလည်းကောင်း၊ အောင်ဆိုင်းက ENNO/ENDA ဟုလည်းကောင်း၊ အန်းမိုင်က NSCN-K/AM ဟုလည်းကောင်း အသီးသီး ခွဲထွက်ကာ ထူထောင်လာခဲ့ကြသည်။
လက်ရှိ အခြေအနေအရ NSCN-K/AM နှင့် NSCN-K/YA တို့နှစ်ဖွဲ့သည် တစ်ဖွဲ့စီကွဲနေကြပြီး မကြာခင်မှာတော့ တစ်ဖွဲ့တည်း ပြန်ဖြစ်ရန် စားပွဲဝိုင်းတွင် စကားပြောဖို့ရှိကြောင်း NSCN-K/AM ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌ ဦးချင်းမောင်က CNI သတင်းဋ္ဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ လက်ရှိအခြေအနေမှာ ကျနော်တို့က သွားနေတယ်၊ သွားနေတယ်ဆိုတာ အဓိကတော့ စားပွဲ ဝိုင်းမှာ စကားပြောဖို့ ကျနော်တို့ သွားနေတယ်၊ မကြာခင် ဖြစ်လာလိမ့်မယ်။ ဖြစ်လာလို့ရှိရင်တော့ ကျနော်တို့ ဘာပဲဖြစ်ဖြစ် တစ်ဖွဲ့တည်း ပြန်ဖြစ်သွားဖို့ ရှိတယ်ဗျ။ ဒါတော့ မကြာခင်မှာ ကျနော်တို့ စားပွဲဝိုင်းမှာ စကားပြောဖို့ ရှိတယ်”ဟု ပြောသည်။

NSCN-K/NK အဖွဲ့က ခေါင်းဆောင် နီကီဆူမီကို တွေ့ရစဉ်
လက်ရှိတွင် NSCN-K/AM အဖွဲ့က နာဂစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ဘာသာရေး အသင်းအဖွဲ့များကနေ NSCN-K/YA အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းနေကြောင်း၊ သို့သော် NSCN-K/YA အဖွဲ့က အကြောင်းအမျိုးမျိုးပြ၍ ရှောင်လွဲနေကြောင်း ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်က ထုတ်ပြန်ထားသည်။
NSCN-K/AM နှင့် NSCN-K/YA တို့ နှစ်ဖွဲ့ကွဲနေသည့် ကိစ္စအား နာဂရိုးရာယဥ်ကျေးမှုကော်မတီမှ ဦးဆောင်ပြီး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ တစ်ရပ်ဖွဲ့ကာ ဆောင်ရွက်သွားရန် ရှိကြောင်း၊ ထိုနှစ်ဖွဲ့၏ ကိစ္စကို မိသားစုအရေးဟု မြင်ကြောင်း နာဂဒေသခံတစ်ဦးက CNI သတင်းဋ္ဌာနသို့ ပြောသည်။
၎င်းက “ဒါက ရှင်းရှင်းပြောရင်တော့ မိသားစုပြဿနာပေါ့။ မိသားစုအရေးလို့ပဲ ကျနော်တို့ကတော့ မြင်ပါတယ်။ ဒါကတော့ ခဏလေး စိတ်ကောက်ပြတဲ့ သလောပါပဲ။ မကြာခင် ဒါ ညှိနှိုင်းပေါင်းစပ်ပေးမယ့် အဖွဲ့အစည်းတွေ လည်း ပေါ်လာမှာပါ။ ဆက်ပြီး ဒါ နာဂရိုးရာယဥ်ကျေးမှုကော်မတီကနေ ဦးဆောင်ပြီးမှ ဒါ အရပ်ဖက်အဖွဲ့အစည်း CSO ပေါဗျာ။ CSO အဖွဲ့က ဦးဆောင်ပြီးမှ ဒါ ကော်မတီတစ်ရပ် ဖွဲ့ပြီးမှ ဒါ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ တစ်ရပ် ကို ဖွဲ့ပြီးမှ ဆောင်ရွက်သွားဖို့တော့ ရှိမယ်။ အဓိက,ကတော့ သူတို့က ဘယ်လိုပြောမလဲ နိုင်ငံရေး အမြင်တွေက နည်းနည်း ပထမတော့ ရင်ဘက်ချင်း တူကြသော်ငြားလည်း နေရာလုကြရင်းနဲ့ ရှင်းရှင်းပြောရင်တော့ နိုင်ငံရေး အမြင်တွေက ပြောင်းလဲသွားပြီးမှ နားလည်မှုတွေ လွဲချော်သွားတဲ့ အနေအထား ရှိတာပေါ့ဗျာ။ ပြည်သူအနေနဲ့ ရအောင်တော့ ကြိုးစားရမှာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့သည် ပြည်သူကို အမှီပြုပြီးမှ ရှင်သန် နေတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြည်သူတွေရဲ့ စကားကို နားထောင်ရမှာပေါ့။ နားမထောင်ရင် တော့ ပြည်သူက ဘယ်လိုမျိုးပုံစံနဲ့ သွားမလဲဆိုတာတော့ ကော်မတီရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပြီး လုပ်သွားမှာဖြစ် တယ်”ဟု ပြောသည်။

နာဂဒေသကို တွေ့ရစဉ်
လက်ရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ယုံးအောင်နှင့် အန်းမိုင် ဦးဆောင်သော အဖွဲ့များကြား ခေါင်းဆောင် မှု အပိုင်းနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များတွင် အငြင်းပွားနေကြသည်။
ယခုလို အဖွဲ့ကွဲနေသည့်အတွက် နာဂပြည်သူများ အခက်အခဲ အများအပြား ကြုံတွေ့ရကြောင်း၊ ၎င်းတို့ ပေါင်းစပ် ညှိနှိုင်းသွားလျှင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် မျှော်လင့်၍ရနိုင်ကြောင်း နာဂဒေသခံတစ်ဦးက CNI သတင်းဋ္ဌာနသို့ ပြောသည်။
၎င်းက “သူ အဖွဲ့နှစ်ဖွဲ့ ကွဲနေကြတဲ့အခါမှာ ဘယ်လိုပြောမလဲ အခွန်တွေ ပေးနေရတဲ့ဟာက နှစ်ဖွဲ့စလုံးကို ပေးနေ ရတဲ့အခါမှာ ဟိုပြည်သူတွေ အတွက်လည်း အခက်အခဲတွေ အများကြီးရှိ ကြုံတွေ့ရတယ်။ တစ်ဖက်ကို ပေးပြန် တော့လည်း နောက်တစ်ဖက်ကလည်း ငါတို့ကို ပေးရမယ်ဆိုတဲ့ လွန်ဆွဲမှုတွေ ရှိနေတဲ့အခါမှာ ရှိနေတဲ့အတွက် ကြောင့်မို့လို့ ပြည်သူတွေမှာလည်း ဆင်းရဲဒုက္ခတွေ ဖြစ်နေတယ်။ အကယ်၍ သူတို့ပေါင်းစပ် ညှိနှိုင်းသွားရင်တော့ ပြည်သူအတွက် ဝမ်းသာစရာ သတင်းတစ်ခု ဖြစ်သလို စီမံဒေသဖွံ့ဖြိုးရေး လုပ်ငန်းကိစ္စတွေက ဒါကိုယ်ပိုင်ရဒေသ အစိုးရအဖွဲ့တွေနဲ့ သို့မဟုတ်လည်း တိုင်းအစိုးရအဖွဲ့တွေလည်းပဲ သိမြင်တယ်။ ဟိုနိုင်ငံရေး စကားဝိုင်းတွေနဲ့ ဆွေး နွေးပြီးမှ အကောင်းဆုံး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆောင်ရွက်သွားဖို့တော့ ရှိမယ်လို့တော့ မျှော်လင့်တာပေါ့ ပြည်သူတစ်ယောက်အနေနဲ့”ဟု ပြောသည်။
လက်ရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် NSCN-K/YA၊ NSCN-K/AM၊ ENNO/ENDA၊ Naga PDF တို့အပြင် အိန္ဒိယလက်နက်ကိုင်များဖြစ်သည့် NSCN-IM၊ NSCN-Hashi Yansan၊ ZUF နှင့် ကသည်းလက်နက်ကိုင်များ ဖြစ်သည့် PLA၊ ULFA-(I) တို့လှုပ်ရှားလျက်ရှိသည်။
