CNI News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၇

နာဂဒေကို အေးချမ်းသည့်၊ ငြိမ်းချမ်းသည့် ဒေသအဖြစ် အမြဲထိန်းသိမ်းထားရန် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့မှာ ကျင်းပခဲ့သည့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်စဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီးမောင်မောင်အေးက “ ဆူပူသောင်းကျန်းမှုမရှိသည့် အေးချမ်းသည့်ဒေသများမှာ မိသားစုအကျိုး၊ ရပ်ရွာအကျိုး၊ ဒေသအကျိုးများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုများ အစဉ်တိုးတက်နေမည်ဖြစ်ပါကြောင်း၊ နာဂဒေသသည်လည်း အေးချမ်းသည့်၊ ငြိမ်းချမ်းသည့် ဒေသအဖြစ် အမြဲ ထိန်းသိမ်းထားရန်လိုအပ်ပြီး နာဂလူမျိုးများ၊ ဒေသတွင်းနေ အခြားတိုင်းရင်းသား လူမျိုးများ’ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေအောင် ဆောင်ရွက်ရန် ဒေသတွင်းနေ တိုင်းရင်းသား ပြည်သူအားလုံးမှာ တာဝန်ရှိပြီး အလုပ်ကိုကြိုးစားလုပ်ကိုင် ဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားလိုပါသည်”ဟု ပြောသည်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပနေစဉ်

နစကလက်ထက် နာဂဒေသ၏ ပညာရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍများတွင် နှစ်စဉ်တိုးတက်မှုများ ရှိခဲ့သည်ကို ဒေသတွင်းနေ တိုင်းရင်းသားပြည်သူများ သိရှိပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

နာဂဒေသသည် တည်ငြိမ်းအေးချမ်းသည့် ဒေသဖြစ်သည့်အတွက် ကဏ္ဍအလိုက်လိုအပ်သည်များကို နိုင်ငံတော် အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅  ဘဏ္ဍရေးနှစ်အတွင်း ပြည်ထောင်စုကဏ္ဍရန်ပုံငွေ ဖြင့် လုပ်ငန်း ၈၂ ခု၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်း ၁၅၈ ခုဖြင့် နာဂဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးပြု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင် မောင်အေးက ပြောသည်။

လက်ရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/ YA)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM) နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ- အိုက်ဇက်ချီရှီဆူ/ဗွီးမာ(NSCN-IM)၊ အရှေ့နာဂအမျိုးသားအဖွဲ့အစည်း(ENNO/ENDA)၊ Naga PDF(NPDF)၊ NSCN-IM ကနေ ခွဲထွက်လာသည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ဟန်ရှီရမ်ဆန်း(NSCN- Hanshi Ram San) စသည့် နာဂလက်နက်ကိုင်များ လှုပ်ရှားလျက်ရှိသည်။

ဗိုလ်ချုပ်ကြီးမောင်မောင်အေး နာဂရိုးရာနှစ်သစ်ကူးပွဲတော် တက်ရောက်စဉ်

အဆိုပါ လက်နက်ကိုင်များအနက် NSCN-K/AM၊ NSCN- Hanshi Ram San တို့သည် မြန်မာ့တပ်မတော်နှင့် နားလည်မှုယူထားကြောင်း၊ Naga PDF၊ ENNO/ENDA တို့သည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထောက်ပံ့ မှုဖြင့် မြန်မာ့တပ်မတော်ကို KIA ပူးပေါင်း၍ တိုက်ခိုက်နေကြောင်း၊ NSCN-K/YA သည် ကြားနေမူဝါဒကို ကျင့်သုံး ကာ ရပ်တည်လျက်ရှိနေသည်။

လက်ရှိ နာဂဒေသအတွင်းမှာ ပြည်သူလူထုသည် လက်နက်ကိုင် အဖွဲ့များ၏ ငွေကြေးတောင်းခံမှုများကို ရင်ဆိုင်နေရသလို လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင်း စားသောက်ကုန် ဈေးနှုန်းများ အဆမတန် မြင့်တက် ခြင်းဖြင့်လည်း ရင်ဆိုင်နေကြရကြောင်း ဒေသခံများက ပြောသည်။