CNI News
၂၀၂၆ ခုနှစ်၊ ဇွန် ၁၇
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ခရီးစဉ်ကြောင့် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး ဂိတ်များ ပြန်လည်ဖွင့်လာနိုင်သည်ဟု စီးပွားရေးနှင့်နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ယခု တရုတ်ခရီးစဉ်အတွင်း တရုတ် - မြန်မာ နယ်စပ်ဖြစ်သည့် ကချင်နှင့် ရှမ်းပြည်နယ်မှ ဝန်ကြီးချုပ်များ၊ စီးပွားရေးဝန်ကြီး၊ ဘဏ်လုပ်ငန်းရှင်များ၊ စီးပွားရေးအသင်းအဖွဲ့များ ပါဝင်သည်ကို တွေ့ရှိရသည်။
သမ္မတဦးမင်းအောင်လှိုင်သည် တရုတ်သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ သွားရောက်လျက်ရှိသည်။
ကချင်နယ်စပ်ကုန်သွယ်ရေးထက် တရုတ်ဩဇာညောင်းသည့် ကိုးကန့်တပ်ဖွဲ့(MNDAA)နှင့် တအာင်းတပ်ဖွဲ့(TNLA) တို့ရှိသည့် ရှမ်းမြောက် နယ်စပ်ကုန်သွယ်ရေးသည် သမ္မတ ဦးမင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်ကြောင့် ပြန်လည် ဖွင့်လာနိုင်သည်ဟု စီးပွားရေးနှင့်ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “border trade မှာ ရှမ်းမြောက်က အဓိကပဲလေ၊ ကချင်က အဓိကပဲလေ။ ဒါကြောင့်မို့လို့ ကချင်နဲ့ ရှမ်းက ပါသွားရတာပေါ့။ ကချင်နဲ့ ရှမ်းက နယ်စပ်က ထိစပ်နေတာကိုး။ အဲဒီတော့ trading လုပ်မယ်ဆိုလို့ရှိရင် အဓိက တော့ ကချင်ထက်စာလို့ရှိရင် ကချင်ကတော့ မြေရှားတို့ ဘာတို့ရှိတော့ မြေရှားကတော့ ထားလိုက်ပါတော့ ဒါတွေ က ပြောရတာ နည်းနည်းတော့ ကျယ်ဝန်းတယ် ပြောရတာ။ ဒီဘက်က ရိုးရိုး သာမန် trade ကတော့ ရှမ်းမြောက် က အရေးကြီးတာပေါ့။ ရှမ်းမြောက်က ရိုးရိုးသားသား တည့်တည့်ပြောမယ်ဆိုရင် တရုတ်ဩဇာညောင်းတဲ့ အဖွဲ့ အစည်းတွေ ရှိတဲ့အခါကျတော့ ဒီလမ်းကြောင်းက ပွင့်သွားမှာပေါ့” ဟု ပြောသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ၁၈ ခု လက်မှတ်ထိုးကြစဉ်
ထို့နောက် တရုတ်နိုင်ငံအတွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် အခြေခံလုပ်ခလစာ မြင့်မားနေခြင်းကြောင့် တရုတ်နိုင်ငံသည် လုပ်ခလစာ နည်းပါးသည့် မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံနိုင်သည့် အခြေအနေလည်း တွေ့မြင်ရကြောင်း ထောက်ပြသည်။
အလားတူ စီးပွားရေးနှင့် သက်ဆိုင်သည့်သူများ ယခုခရီးစဉ်တွင် ပါဝင်သွားသည့်အတွက် နယ်စပ်ကုန်သွယ်ရေး သာမက ရင်းနှီးမြှုပ်နှံမှု၊ ပြီးခဲ့သည့် အစိုးရလက်ထက်၌ သဘောတူထားသော စီမံကိန်းကိစ္စရပ်များ၊ ရပ်ထားရသည့် စီမံကိန်း ကိစ္စများလည်း ပြန်လည်စတင်နိုင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးနှင့် စီးပွားရေးပတ်ဝန်း ကျင် ကောင်းမွန်ရန် ဆောင်ရွက်ထားရန် လိုအပ်သည်။
သမ္မတဦးမင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်နှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကို အဓိကထား ဆောင်ရွက်နိုင်သော် လည်း စီးပွားရေးနှင့် ပတ်သက်သည့် သဘောတူညီချက် အများအပြား ရရှိလာနိုင်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ငြိမ်းချမ်းသွားမှပဲ ကျန်တဲ့ဟာတွေ ဆက်လုပ်လာနိုင်မှာဆိုတော့ ငြိမ်းချမ်းရေးကို အဓိကထား ဆွေးနွေး လာနိုင်မယ်လို့ မြင်မိပါတယ်။ ပြီးရင် ငြိမ်းချမ်းသွားပြီ တစ်ပြိုင်နက်က နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကြီး လည်း ပြန်ပွင့်မှာပေါ့နော်။ ပြီးရင်း အဲဒီမှာ တရုတ်စီမံကိန်းတွေဖြစ်တဲ့ BRI နဲ့ ဆက်စပ်တဲ့ စီမံကိန်းတွေပေါ့။ ဟိုး အရင် အစိုးရလက်ထက်က ထိုးထားခဲ့တဲ့ စီမံကိန်းတွေ ရှိတယ်။ နောက်ထပ် ဘာတွေ ထပ်ရှိဦးမလဲပေါ့ အဲဒီလို စီမံကိန်းတွေ ထပ်ပြီးတော့မှ ကျနော်တို့ အကောင်အထည်ဖော်ဖို့ပေါ့။ တရုတ်နဲ့က မြန်မာနိုင်ငံရဲ့ ကုန်သွယ်ဖက်က တရုတ်ဖြစ်တယ်။ border trade မှာရော အဓိက ကုန်သွယ်ဖက်ဖြစ်တယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ အဓိက ရင်းနှီး မြှုပ်နှံသူကလည်း တရုတ်ဖြစ်တယ်ပေါ့။ အဲဒီအတွက်ကြောင့်မို့လို့က ဒီတစ်ခေါက်ခရီးစဉ်မှာက အရေးကြီးတဲ့ဟာ တွေ အကုန်လုံး ပါသွားတာပေါ့။ ဆိုတော့ ဒီတစ်ခေါက်ခရီးစဉ်ကတော့ မြင်ရတာ တော်တော်လေး စီးပွားရေးနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေ အများအပြား သဘောတူ လက်မှတ် ထိုးလာနိုင်တယ်လို့ မျှော်မှန်းပါတယ်” ဟု ပြောသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
လက်ရှိတွင် တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် လက်နက်ကိုင်ပဋိပက္ခကြောင့် ပိတ်ထားရပြီး တရားဝင် ကုန်သွယ်မှု မရှိသည့်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသခံများသည် ကုန်စည်ကူးသန်းမှု အခက်အခဲ ဖြစ်နေ ကြရသည်။
သမ္မတ ဦးမင်းအောင်လှိုင်၏ ယခု တရုတ်ခရီးစဉ်အတွင်း ရှမ်းမြောက်ရှိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ဖွင့်လှစ်နိုင်ရန်၊ ပြည်ထောင်စုလမ်းမကြီးမှတဆင့် ကုန်စည်ကူးသန်းမှု ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့မည်ဆိုပါက နိုင်ငံအတွက် စီးပွားရေး အခွင့်အလမ်းနှင့် ဖွံ့ဖြိုးမှုများ ရှိလာမည်ဟု ရှမ်းမြောက်လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ရှမ်းမြောက် အနေနဲ့ကတော့ လောလောဆယ်တော့ အခု ကျနော်တို့ လမ်းတွေ သွားလာ ပိတ်နေတာလေးတွေ တရုတ်နဲ့ ဆွေးနွေးပြီး ပြည်ထောင်စုလမ်းမကြီး ကနေတဆင့် ကုန်တွေ ကူးသန်းမှုကိစ္စ လေးတွေ ထည့်ပြီး ဆွေးနွေးလာပြီးမှ အဲဒါလေး ကုန်စည်ကူးသန်းမှုကိစ္စတွေ အောင်မြင်ရင်တော့ ကျနော်တို့နိုင်ငံ အတွက် စီးပွားရေး အခွင့်အလမ်းတွေ၊ စီးပွားရေး ဖွံ့ဖြိုးလာမယ်လို့ ကျနော့် အနေနဲ့ သုံးသပ်မိပါတယ်။ အဲဒီအချက် သာ ထည့်ဆွေးနွေးခဲ့ရင်ပေါ့လေ”ဟု ပြောသည်။
သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်လည်းကောင်း၊ တရုတ်ဝန်ကြီး ချုပ် လီချန်နှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ၁၈ ခု လက်မှတ်ရေးထိုးခဲ့ သည်။
တခြား တစ်ဖက်မှာလည်း သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ သွားရောက်ခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ အိန္ဒိယသမ္မတ၊ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး၊ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးတို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။
