CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၇
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ကုန်စည်ပြတ်လပ်မှုနှင့် ဈေးနှုန်းကြီးမြင့်မှုများကို ဖြေရှင်းရာ၌ လွတ်လပ်သည့် ဈေးကွက်တစ်ရပ်အား နိုင်ငံတော်အစိုးရမှ ဖော်ဆောင်ပေးရန် လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
မြန်မာနိုင်ငံတွင် အစိုးရ၏ ရက် ၁၀၀ စီမံကိန်းအတွင်း ပြည်တွင်း ကုန်ထုတ်လုပ်မှု အသေးစားနှင့် အလတ်စား လုပ်ငန်း(MSME)များကို အားပေးလျက်ရှိသည်။
ထို့နောက် အစိုးရက ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ လူသုံးကုန်နှင့် စားသောက်ကုန် တင်သွင်းမှုကို တင်းကြပ်လာ သလို ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းကြောင့် ပြည်တွင်းတွင် ကုန်စည်ပြတ်လပ်ပြီး ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်နေသည်။
ရက် ၁၀၀ စီမံကိန်းတွင် အစိုးရက ပြည်ပမှ တင်သွင်းသည့် သွင်းကုန်များကို ကန့်သတ်မှုများ ပြုလုပ်လာခြင်း ကြောင့် ပြည်သူလူထု၌ အခက်အခဲများ ကြုံတွေ့နေရသည့် အကျိုးဆက်ကို နိုင်ငံတော်အစိုးရ အနေဖြင့် သိရှိရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

မြဝတီစီးပွားရေးဇုန်ကို တွေ့ရစဉ်
၎င်းက “ဈေးကွက်ကို လွတ်လပ်ခွင့် ပေးသင့်တယ်။ အဲဒီလို ပေးမှပဲ အကုန်လုံး ပြေလည်သွားလိမ့်မယ်။ ဒီလိုမျိုး ဝင်စွပ်ဖက်တာနဲ့ တစ်ပြိုင်နက်က အဲဒီရဲ့ စွပ်ဖက်မှုရဲ့ ကာလ ကြာလာတာနဲ့အမျှ ဈေးကွက်က ပုံပျက်ပြီးတော့ အခုလိုမျိုး ဒုက္ခမျိုးတွေက လာတာ။ အဲဒါကြောင့်မို့လို့ ဒီဟာကို လွတ်လပ်တဲ့ ဈေးကွက်အဖြစ်ကို မလွှတ်ရင်တော့ ဒါက ဒုက္ခက ဆက်ရှိနေမှာပဲ။ ဒီဒုက္ခကို ဘယ်သူက ခံနေရလဲဆို ပြည်သူလူထုက ခံနေရတာပေါ့နော်။ ပိုဆိုးသွား တာသည် ရက် ၁၀၀ မှာ ရက် ၁၀၀ ရဲ့ သဘောတရားကို အောက်ခြေဝန်ထမ်းတွေက နားလည်ပုံ မရဘူး။ နားလည်ပုံ မရတော့ ရက် ၁၀၀ အတွင်း ဆိုပြီးတော့မှ သူတို့ဟာသူတို့ ဖြစ်ချင်တာနဲ့ လုပ်ကြတဲ့ ကိစ္စတွေကလည်း အောက်မှာ လူထုက တော်တော်ကို ဝန်ထုပ်ဝန်ပိုးဖြစ်တယ်။ အဲဒီအတွက်ကြောင့်ပဲ တောက်လျှောက်ပေါ့နော် နောက်ဆက်တွဲ အကျိုးဆက်တွေက ဖြစ်နေတာပေါ့နော်။ ဒါတွေကိုလည်း အစိုးရတစ်ရပ်က သိရမှာပေါ့။ သိတဲ့ အခါကျလို့ရှိရင် သိမှပဲ ဒါတွေကို ပြင်လို့ရမှာပေါ့နော်” ဟု ပြောသည်။
နိုင်ငံတော်အစိုးရကသည် ရက်ပေါင်း ၁၀၀ စီမံချက်ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် စတင်ကြေညာခဲ့ပြီး ဇူလိုင်လကုန်အထိ သတ်မှတ်ထားသည်။
ရက် (၁၀၀) စီမံချက်အတွင်း အဓိက အကောင်အထည်ဖော်နေသည့် ကဏ္ဍများတွင် လူမှုစီးပွားရေးနှင့် ဝန်ဆောင် မှု၊ လယ်ယာကဏ္ဍ ချေးငွေများ တိုးမြှင့်ခြင်း၊ ကုန်စည်စီးဆင်းမှုနှင့် ကုန်စျေးနှုန်း၊ ဒေသန္တရ ဖွံ့ဖြိုးရေး စသည့် အခြေခံ ပြည်သူလူထုနှင့် သက်ဆိုင်သည့် လုပ်ငန်းများ ပါဝင်နေသည်။
ထို့နောက် ကုန်စည်စီးဆင်းမှုနှင့် ကုန်စျေးနှုန်း ခေါင်းစဉ်အောက်တွင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြင့် တရားမဝင်ကုန်စည်များ ဖမ်းဆီးလျက်ရှိသည်။

ကုန်ဈေးတန်းကို တွေ့ရစဉ်
ထို့နောက် ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများကို နိုင်ငံတော်မှ အားပေးသည့် အနေဖြင့် အသေးစားနှင့် အလတ်စား ချေးငွေများကို ဘဏ်များနှင့် ချိတ်ဆက်ကာ ချေးငွေ ထုတ်ချေးပေးမှုများ ရှိသော်လည်း ကုန်ထုတ်လုပ်ငန်းများ အတွက် လိုအပ်သည့် ကုန်ကြမ်းများသည် တရားမဝင် ကုန်စည်များ ဖမ်းဆီးခြင်းကြောင့် လုံလောက်စွာ မရရှိဘဲ ဖြစ်နေသည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြည်ပက ပစ္စည်းမဝင်တာက တစ်ပိုင်း။ နောက်ထပ်က ပြည်ပက ပစ္စည်းမဝင်ရင် ပြည်တွင်းကရောဆိုတဲ့ အနေအထားကျတော့လည်း ပြည်တွင်းက စက်မှုလက်မှု လုပ်ငန်းတွေကလည်း လိုအပ်တဲ့ ကုန်ကြမ်းတွေကလည်း ပေးသွင်းခွင့် မရတဲ့၊ ပေးသွင်းတာမျိုး မရှိတဲ့။ လုံလုံလောက်လောက် ပေးသွင်းတာမျိုး မရှိတဲ့အတွက်ကြောင့်မို့လို့ အခု ပြည်တွင်းက လုပ်ငန်းတွေကလည်း လည်ရပတ်ရတာ ခက်နေတာပေါ့နော်။ ဒါတွေက အကုန်လုံး သိနေတာ။ တစ်တိုင်းတစ်ပြည်လုံး သိနေတာ။ အစိုးရကလွဲလို့ ကျန်တဲ့သူတွေ အကုန်လုံး သိနေတဲ့ အနေအထား ဖြစ်နေ တယ်။ ဆိုတော့ အမြန်ဆန်ဆုံး အစိုးရသိပြီးတော့ ဒီကိစ္စကို မြန်မြန်ဆန်ဆန် ပြင်မှပဲ အဆင်ပြေမယ့် အခြေအနေ ဖြစ်နေတယ်” ဟု ပြောသည်။
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်နေသည့် ရက် ၁၀၀ စီမံချက်တွင် ပါဝင်သော လူမှုစီးပွားကဏ္ဍ နှင့် ပတ်သက်သည့် မူဝါဒများသည် ယေဘုယျဆန်ပြီး ခိုင်မာမှု မရှိသည့်အပြင် အရေးအကြီးဆုံးဖြစ်သည့် စီးပွား ရေး နလန်ထူစေမည့် အချက်များ မပါဝင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။
ပြည်သူလူထု၏ လူမှုစီးပွားဘဝကို ကုစားပေးနိုင်မည့် စီးပွားရေး စီမံကိန်း၊ စီမံချက်များ၊ အခြေခံကျသည့် ကုန်စျေး နှုန်း မြင့်တက်မှု၊ ငွေကြေးဖောင်းပွမှုများကို တည်ငြိမ်စေရန် ဆောင်ရွက်ခြင်း၊ စီးပွားရေး လုပ်ငန်းများ လုပ်သာ ကိုင်သာရှိမည့် အခင်းအကျင်းမျိုးကို ဖန်တီးပေးခြင်း သို့မဟုတ် ဖြေလျှော့ပေးခြင်းများလည်း မပါဝင်ကြောင်း စီးပွားရေးနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြထားကြသည်။
