CNI Sport News

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၇

သြစတြီးယားလူမျိုးနည်းပြ ဂလက်စ်နာဟာ အသင်းသစ်ဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းမှာ တစ်နှစ်ကို လုပ်ခလစာပေါင် ၁၃ သန်း ရရှိမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ 

ခရစ္စတယ်ပဲလေ့စ်အသင်းကို ဆုဖလား အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့ပြီးနောက် မနှစ်က ရာသီအကုန်မှာ ထွက်ခွာခဲ့တဲ့ ဂလက်စ်နာကို ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းက နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။

နော်တင်ဟမ်ဖောရက်စ်အသင်းကို ကိုင်တွယ်မယ့် ဂလက်စ်နာဟာ ပရီးမီးယားလိဂ်မှာ လုပ်ခလစာ အများဆုံး ရရှိတဲ့ နည်းပြတွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။ 

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းကို ပရီးမီးယားလိဂ်ကနေ တန်းမဆင်းအောင် ကိုင်တွယ်ပေးခဲ့တဲ့ ဗစ်တာပါရဲရားကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် မကြာမီမှာ ဂလက်စ်နာကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့တာပါ။

ဂလက်စ်နာဟာ တစ်နှစ်အတွင်း နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ ၅ ဦးမြောက် နည်းပြလည်း ဖြစ်ခဲ့ပါတယ်။ 

နော်တင်ဟမ်‌ဖောရက်စ်အသင်းကို တွေ့ရစဉ်

ဂလက်စ်နာက “နော်တင်ဟမ်ဖောရက်စ်အသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူရမယ့်အပေါ် ဝမ်းမြောက်မိ ပါတယ်။ ဒီအသင်းဟာ မယုံနိုင်လောက်အောင် ဂုဏ်သိက္ခာနဲ့ သမိုင်းကြောင်းရှိပြီး ဥရောပချန်ပီယံဆုကို ၂ ကြိမ် ရရှိထားပါတယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်က လာမယ့်နှစ်တွေမှာ အသင်းကို နောက်တစ်ဆင့် ပို့ဆောင်ပေးပြီး ကျနော်တို့ရဲ့ပရိသတ်တွေ ဂုဏ်ယူနိုင်တဲ့ အသင်းတစ်သင်းကို တည်ဆောက်ဖို့ဖြစ်တယ်”လို့ ပြောခဲ့တာပါ။ 

နော်တင်ဟမ်ဖောရက်စ် အသင်းပိုင်ရှင် မာရီနာကစ်က ဂလက်စ်နာဟာ အောင်နိုင်တဲ့သူဖြစ်ပြီး သူတို့မှာ တူညီတဲ့ ရည်မှန်းချက်တွေ၊ တူညီတဲ့အမြင်တွေနဲ့ အောင်မြင်မှုရချင်တဲ့ တူညီတဲ့ ဆန္ဒတွေကို မျှဝေထားတယ်လို့ ပြောခဲ့ပါ တယ်။

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ရာသီသစ် ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် သြဂုတ်လ ၂၂ ရက်မှာ လိဒ်စ်အသင်း နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: Goal