CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ယူရိုပါလိဂ် ရှုံးထွက် ပလေးအော့ဖ် ပထမအကျော့ပွဲမှာ ဖီနာဘာချီအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရပြီးနောက် နည်းပြသစ် ပါရဲရားက သူ့ရဲ့အသင်းသစ်ဆီကနေ မြင်တွေ့ခဲ့ရတာကို ကျေနပ်တယ်လို့ ပြောခဲ့ပါတယ်။
ပါရဲရားက “ကွင်းထဲမှာ သူတို့ကိုယ်သူတို့ ဖော်ပြဖို့ ကျနော် တောင်းဆိုခဲ့ပြီး သူတို့လုပ်နိုင်ခဲ့ပါတယ်။ ရလဒ်ကောင်း တွေရဖို့ လိုအပ်ပေမယ့် ပွဲကို ပျော်ရွှင်စွာ ကစားဖို့လည်း လိုပါတယ်။ သူတို့ ကစားနေတဲ့ ပုံစံကို နှစ်သက်ရင် အဆင့်မြင့်မြင့် လုပ်နိုင်ပါတယ်။ တစ်ပွဲချင်းစီကို အနိုင်ရဖို့ ကြိုးစားသွားမှာဖြစ်ပြီး အလွန်ခက်ခဲပါလိမ့်မယ်။ ဖီနာဘာချီအသင်း အိမ်ကွင်းမှာ ၃ ဂိုးသွင်းပြီး ပေးဂိုး မပေးခဲ့ရပေမယ့် လာမယ့်ပွဲက ကွဲပြားတဲ့ပွဲစဉ် ဖြစ်လာဖို့ ရှိနေတဲ့အတွက် ကျနော်တို့ တသမတ်တည်းဖြစ်ဖို့ လိုတယ်”လို့ ပြောခဲ့တာပါ။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ နည်းပြသစ် ပါရဲရား စတင်ကိုင်တွယ်တဲ့ ပထမဆုံးပွဲမှာ ဖီနာဘာချီအသင်းကို အဝေးကွင်း ဂိုးပြတ်အနိုင်ရခဲ့လို့ ၁၆ သင်းအဆင့် တက်နိုင်ဖို့ နီးစပ်ခဲ့ပါတယ်။
ဒီပွဲမှာ နော်တင်ဟမ်ဖောရက်စ်အသင်းအတွက် ဂိုးတွေကို မူရီလို၊ အီဂေါဂျီးဆပ်စ်နဲ့ ဂစ်ဘ်ဝှိုက်စ်တို့က သွင်းယူခဲ့ တာပါ။

နော်တင်ဟမ်ဖောရက်စ်အသင်း ယှဉ်ပြိုင်နေစဉ်
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးနေတာကြောင့် နည်းပြ အပြောင်းအလဲ ၄ ဦးအထိ ပြုလုပ်ထားရတာ ဖြစ်ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်း ခေါင်းဆောင် ဂစ်ဘ်ဝှိုက်စ်က အသင်းဟာ စစ်မှန်တဲ့ ကိုယ်ပိုင် လက္ခဏာနဲ့ ကစား နိုင်ခဲ့တယ်လို့ ခံစားခဲ့ရပြီး နည်းပြနဲ့ သူ့ရဲ့အဖွဲ့ဝင်တွေဟာ အသင်းအတွက် အပြုသဘောဆောင်တဲ့ စွမ်းအင်တွေ ယူဆောင်လာခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဂစ်ဘ်ဝှိုက်စ်က သူတို့ဟာ ဒါကို ဆက်လက်သင်ယူပြီး တစ်ပွဲချင်းစီ ရလဒ်ကောင်း ရရှိအောင် လုပ်ဆောင် သွားမယ်လို့ ပြောခဲ့တာပါ။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၇ နေရာ ရပ်တည်နေတဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းဟာ လာမယ့် လိဂ်ပွဲအဖြစ် လီဗာပူးလ်အသင်းကို အိမ်ကွင်း လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
