CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇
မန်စီးတီးအသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားအုပ်စု နောက်ဆုံးပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းကို ၅ ဂိုး-၂ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် နည်းပြဂွာဒီယိုလာက ကောင်းမွန်တဲ့အသင်းအဖြစ် မန်စီးတီးအသင်း ပြန်လာပြီလို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ကျနော်တို့ ဒီလိုမျိုး လုပ်နိုင်တာကို ကျနော် နှစ်သက်ပါတယ်။ ကျနော်တို့ဟာ ဒီလိုမျိုး ကောင်းမွန် တဲ့ စွမ်းဆောင်ရည်မျိုး မပြသနိုင်ခဲ့တာကြာပါပြီ။ ကစားသမားတွေဟာ အလွန်ကောင်းမွန်စွာ ကစားနိုင်ခဲ့ပြီး ထိပ်တန်း အသင်းတစ်သင်းကို အနိုင်ယူရတဲ့အတွက် ကျနော်ပျော်ရွှင်ပါတယ်။ ဒါကတစ်ပွဲပဲရှိပေမယ့် ကစားသမား တွေဟာ အသင်းကောင်း တစ်သင်းဖြစ်ရတာကို ပြန်ပြီးခံစားမိတယ်လို့ ကျနော်ထင်ပါတယ်။ ယုံကြည်မှုတွေက အတိတ်က အရာတွေကြောင့် မဟုတ်ဘဲ စွမ်းဆောင်ရည်တွေကနေ အမြဲတမ်းလာတာပါ”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၇၆ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၂၄ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၁၁ ကြိမ်အထိရှိခဲ့ပြီး ဂျူဗင်တပ်စ်အသင်းဟာ ဂိုးပေါက်ကန်သွင်းမှု ၅ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၂ ကြိမ်သာ ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ မန်စီးတီးအသင်းအတွက် သွင်းဂိုးတွေကို ဒိုကူ၊ ဟာလန်း၊ ဖိုဒန်၊ ဆာဗင်ဟိုနဲ့ ဂျူဗင်တပ်စ်အသင်း ကစားသမား ကာလူလူက ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တာဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းအတွက် ဂိုးတွေကို ကုပ်မိုင်းနားနဲ့ ဗလာဟိုဗစ်တို့က သွင်းယူခဲ့တာပါ။
မန်စီးတီးနဲ့ဂျူဗင်တပ်စ် ယှဉ်ပြိုင်နေစဉ်
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ဒီပွဲမှာ ပြီးခဲ့တဲ့အဖွင့်ပွဲစဉ် ၂ ပွဲနဲ့မတူညီတဲ့ ပွဲထွက်လူစာရင်းကို အသုံးပြုခဲ့ ပြီး ကာလရှည်ကြာ အနားယူခဲ့ရတဲ့ ရိုဒရီကိုလည်း ပွဲထွက်လူစာရင်းထဲ အသုံးပြုခဲ့တာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပျောက်ဆုံးခဲ့တဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ဒီပွဲမှာ ပြန်မြင်တွေ့ခဲ့ရပြီး ဒီပုံစံကို ဒီရာသီမှာ ဆက်ထိန်းနိုင်ဖို့ အကောင်းဆုံး ကြိုးစားသွားမယ်လို့ နည်းပြဂွာဒီယိုလာက ပြောခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းနဲ့ပွဲမှာ မန်စီးတီးအသင်းအတွက် လူစားလဲ ဝင်ရောက်လာပြီး ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းဟာ ကလပ်နဲ့နိုင်ငံအသင်း ကစားသမားဘဝသွင်းဂိုး ၃၀၀ ပြည့်မြောက်သွားခဲ့တာပါ။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အသက် ၂၄ နှစ်အရွယ်မှာ သွင်းဂိုး ၃၀၀ ပြည့်ခဲ့တဲ့ တိုက်စစ်မှူး ဟာလန်း ကို ဂုဏ်ပြုမှု ပြုလုပ်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် အုပ်စုတွင်း ထိပ်ဆုံးနေရာနဲ့ ၁၆ သင်းအဆင့် တက်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းက အုပ်စုဒုတိယနေရာနဲ့ ၁၆ သင်းအဆင့် တက်နိုင်ခဲ့တာဖြစ်ပါတယ်။
Source: ESPN