CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆
မက္ကဆီကိုကလပ် မွန်တာရေးအသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၆ သင်းအဆင့် တက်နိုင်ခဲ့ပြီးနောက် ဝါရင့်နောက်ခံလူရာမို့စ်က အသင်းနောက်တဆင့် တက်မယ်ဆိုတာ လူတွေမယုံကြည်ခဲ့ကြဘူးလို့ ပြောခဲ့ပါတယ်။
ရာမို့စ်က “ဒါက ကျနော်တို့အတွက် အလွန်အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပါ။ မျှော်မှန်းချက်တွေက မြင့်မားနေပြီး အသင်းနောက်တဆင့် တက်မယ်ဆိုတာကို သံသယဝင်တဲ့သူတွေ အများကြီးရှိခဲ့ပါတယ်။ ကျနော်တို့ဟာ အကောင်းဆုံးလုပ်နိုင်ခဲ့ပြီး ကလပ်အတွက် သမိုင်းဝင် အခိုက်အတန့်ပါ။ ဒီအသင်းကို ပြောင်းရွှေ့ပြီး လအနည်းငယ် အတွင်းမှာ ကမ္ဘာ့ထိပ်တန်း အသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ကျနော်မှာရှိတဲ့ အကောင်းဆုံး အရာတွေကို ပေးခဲ့ပါ တယ်။ အခုတော့ ၁၆ သင်းအဆင့်ကို ရောက်ရှိသွားပါပြီ”လို့ ပြောခဲ့တာပါ။
မွန်တာရေးအသင်းဟာ အုပ်စုနောက်ဆုံး ပွဲစဉ်မှာ ဂျပန်ကလပ် အူရာဝါရတ်အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင် ရခဲ့ပြီး အင်တာမီလန်အသင်းရဲ့နောက် အုပ်စုဒုတိယနေရာနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရာမို့စ်ကို တွေ့ရစဉ်
လာမယ့် ဇွန်လ ၂၈ ရက်ဆိုရင် မွန်တာရေးအသင်းဟာ အသင်းတည်ထောင်တဲ့ နှစ် ၈၀ ပြည့် နှစ်ပတ်လည် ကျင်းပမှာ ဖြစ်ပြီး ဒီအချိန်မှာ ကလပ်အသင်းကလည်း ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တာပါ။
မွန်တာရေးအသင်းနည်းပြ တောရန့်က “အလွန်ပျော်ရွှင်ပြီး ကစားသမားတွေဟာ သူတို့လုပ်နိုင်စွမ်းရှိတဲ့ အရာတွေ ကို အကောင်းဆုံး လုပ်ပြသွားခဲ့ပါတယ်။ ကလပ်ရဲ့နှစ် ၈၀ ပြည့် နှစ်ပတ်လည်မှာ ဒါက အဖွဲ့အစည်း၊ ပရိသတ်တွေ အတွက် လက်ဆောင်နဲ့ ကိုယ့ကိုယ်တိုင် ကမ္ဘာကိုချပြနိုင်ခဲ့တဲ့ နည်းလမ်းပါ။ ဒါက နောက်ထပ် ခြေလှမ်းဖြစ်ပြီး နောက်လာမယ့်ပွဲအတွက် အကောင်းဆုံးပြင်ဆင်သွားမယ်”လို့ DAZN နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ကို အမေရိက ကလပ်အသင်းတွေဖြစ်တဲ့ ဘိုတာဖိုဂို၊ ဖလာမင်ဂို၊ ပါလ်မီးရပ်စ်၊ ဖလူမင်နန့်စ်၊ အင်တာမိုင်ယာမီနဲ့ မွန်တာရေးအသင်းတို့ တက်ရောက်နိုင်ခဲ့ကြတာပါ။
မွန်တာရေးအသင်းဟာ ၁၆ သင်းအဆင့်မှာ ဒေါ့မွန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal