- By CNI
- Category: ပညာရေး
- Hits: 2264
CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၉
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော်(AA)က ရခိုင်ဘာသာကို အခြေခံသည့် အာရက္ခပညာရေး စနစ်ကို ဖော်ဆောင်ရန် လုပ်ဆောင်နေကြောင်း ပလက်ဝဒေသခံများထံမှ သိရသည်။
အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန် AA က ဆောင်ရွက်နေသည်မှာ တစ်နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း၊ လာမည့် ပညာရေးနှစ်တွင် သင်ကြားတော့မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ပလက်ဝမြို့နယ်ရှိ ချင်းတိုင်းရင်းသားများအနေဖြင့် ရခိုင်ဘာသာကို အခြေခံသည့် ပညာရေးကို သင်ယူရန်အတွက် ဆန္ဒမရှိကြကြောင်း၊ တာဝန်ထမ်းဆောင်ချင်သည့် ဆရာ/ဆရာမလည်း မရှိသလောက် ဖြစ်နေကြောင်း ပလက်ဝ ဒေသခံ ဦးကျော်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
“တော်တော်လေး ကြာပြီပေါ့လေ ၁ နှစ်လောက် ရှိပြီပေါ့။ ဒီနှစ်ကုန်ရင်တော့ ၁ နှစ်ပေါ့။ အဲဒီမတိုင်ခင်ကတည်းက တောင်မှ သတင်းထွက်တယ်။ သူတို့က အာရက္ခပညာရေး ပြဋ္ဌာန်းမယ်ပေါ့။ တစ်ခုက ဟိုမှာက လူမျိုးက ရခိုင် လည်းရှိတယ်၊ ချင်းလည်းရှိတယ်ဆိုတဲ့အခါကျရင် ရခိုင်ရဲ့ ပညာရေးကို သင်ယူဖို့ဆိုတာက ချင်းတွေအနေနဲ့ ကတော့ ဆန္ဒမရှိဘူးပေါ့လေ။ ပြီးရင် ရခိုင်လိုပဲ ပြောရမယ်ဆိုတဲ့ကိစ္စတွေ အဲဒါတွေ ကျယ်ကျယ်ပြန့်ပြန့်တွေ ထွက်လာတယ်။ မြေပြင်မှာတော့ အဲဒီလို ဖြစ်လာတဲ့အခါကျရင် တချို့က မလိုချင်ဘူး။ ပြီးရင် အာရက္ခတပ်တော်၊ အာရက္ခပညာရေးအောက်မှာ တာဝန်ထမ်းဆောင်ချင်တဲ့ ဝန်ထမ်းတွေ၊ ဆရာ၊ ဆရာမတွေလည်း မရှိသလောက် ဖြစ်နေတယ်။ အဲဒီအတွက်ကြောင့် ပလက်ဝ ထိန်းချုပ်ဧရိယာ ရောက်သွားပြီဆိုတဲ့အခါကျရင် သူတို့က တာဝန် ထမ်းဆောင်ချင်တာ မရှိတော့ဘူး။ ဆက်ပြီးတော့ မနေကြဘူး၊ အများစုကတော့ အဝေးရောက်ကုန်တာပေါ့လေ ဆရာ၊ ဆရာမတွေ။ ဆန္ဒအနေနဲ့ကတော့ မရှိဘူးလို့တောင် ပြောလို့ရတယ်။ အခုလည်း ဆက်ပြီးတော့ ဘာဖြစ်လာ မလဲဆိုတာတော့ မပြောတတ်ဘူးလေ” ဟု ပြောသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်ရှိသည့် အထက်တန်းကျောင်းတစ်ကျောင်း
အာရက္ခပညာရေးစနစ်ကို လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ အာရက္ခတပ်တော် အေအေက ထိန်းချုပ်ထားသည့် မြို့နယ်တချို့တွင် စတင်အကောင်အထည်ဖော် သင်ကြားနေပြီဖြစ်ပေမယ့်လည်း ချင်းတိုင်းရင်းသားများ ရှိသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ပြဋ္ဌာန်းမှုနှင့် ပတ်သက်၍ သဘောမတွေ့ကြသည်ကို တွေ့ရသည်။
ပလက်ဝမြို့နယ်တွင် ချင်းလူမျိုး အများစုရှိသော်လည်း ရခိုင်တိုင်းရင်းသားများလည်း ရှိသည့်အတွက် အာရက္ခ ပညာရေးစနစ်ကို ရခိုင်လူမျိုး အများအပြားရှိသည့်နေရာတွင် ဖော်ဆောင်မည်ဆိုပါက လက်ခံကြောင်း ပလက်ဝ ဒေသခံများက ပြောသည်။
အကယ်၍ ပလက်ဝတွင်ရှိသည့် လူတိုင်း အာရက္ခပညာရေးကို သင်ယူရမည်ဟု အတင်းအဓမ္မ ပြဋ္ဌာန်းမည်ဆိုပါက မဖြစ်သင့်ကြောင်း ပလက်ဝဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“ကျနော်တို့ ချင်းတွေရဲ့ ဘာသာရပ်ကို ကျောင်းမှာ ထည့်သင်ပေးဖို့တော့ ဖြစ်နိုင်ခြေ တော်တော်တော့ နည်းမယ်။ အရင် အစိုးရပညာရေးမှာတောင်မှ တိုင်းရင်းဘာသာစကားက ကျောင်းချိန်ပြင်ပမှာပဲ သင်ရတာလေ။ ကျောင်းချိန် အပြည့် သင်တာ မဟုတ်ဘူးဆိုတော့ အခု အာရက္ခမှာ ဖြစ်ဖို့တော့ ဖြစ်နိုင်ခြေ တော်တော်လေးနည်းမယ်လို့တော့ ကျနော်တို့ ယူဆတယ်။ ကျနော်ကတော့ ရခိုင်လူမျိုးတွေ အများစုနေတဲ့ နေရာမှာတော့ အာရက္ခပညာရေးကို သူတို့လုပ်မယ်ဆိုရင်လည်း ကန့်ကွက်စရာအကြောင်း မရှိဘူး။ ဒါပေမယ့် တခြားလူမျိုးတွေကို မဖြစ်မနေ သင်ယူ ရမယ် ဆိုတာမျိုး၊ ဒီပြဋ္ဌာန်းချက်ကိုပဲ သင်ယူရမယ်၊ ဒီအောက်မှာပဲ နေရမယ်ဆိုတာမျိုးကတော့ ကျနော်တော့ သဘောမတွေ့ဘူးပေါ့လေ။ အားလုံးမှာ ဒီခေတ်မှာ ပွင့်လင်းမြင်သာတဲ့ခေတ်၊ လူတိုင်းက ကိုယ်ပိုင်လွတ်လပ်ခွင့် လိုချင်ကြတဲ့ခေတ်မှာ အများစု မလိုလားတဲ့ပညာရေးကို အတင်းအဓမ္မ ပြဋ္ဌာန်းမယ်ဆိုတာ မဖြစ်သင့်ဘူးလို့ ယူဆ ပါတယ်” ဟု ပြောသည်။
ပလက်ဝမြို့နယ်တွင် လူဦးရေ ၁ သိန်းဝန်းကျင်တွင် ရခိုင်လူဦးရေသည် ၂ သောင်းနီးပါးခန့်ရှိကြောင်း၊ အများစု သည် ခူမီးချင်းလူမျိုးများဖြစ်ပြီး ခေါင်စိုချင်း၊ အနူးချင်း၊ မတူချင်း၊ မရာချင်း၊ ဒိုင်ချင်းတို့ နေထိုင်ကြကြောင်း သိရ သည်။
- By CNI
- Category: ပညာရေး
- Hits: 2565
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈
တိုက်ပွဲဖြစ်ပွားပြီး နယ်မြေတည်ငြိမ်မှု မရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အစိုးရစာသင်ကျောင်းများ ဖွင့်လှစ်နိုင်မှုသည် ပြီးခဲ့သည့်နှစ်ထက် များစွာလျော့ကျလျက် ရှိသည်ဟုသိရသည်။
ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် စာသင်ကျောင်း ဖွင့်လှစ်နိုင်မှုသည် လျော့ကျလျက်ရှိနေသည်။
ထို့နောက် ချင်းပြည်နယ်ရှိ တချို့သော မြို့နယ်များတွင် မြို့နယ်တစ်ခုလုံးအတွင်းရှိ စာသင်ကျောင်းများအားလုံး ပိတ်ထားရသည်။
ချင်းပြည်နယ်အတွင်းတွင် ပြီးခဲ့သည့်နှစ်၌ စာသင်ကျောင်းပေါင်း ၅၇၀ ကျော် ဖွင့်လှစ်နိုင်ခဲ့သော်လည်း ယခုနှစ်၌ စာသင်ကျောင်းပေါင်း ၆၉ ကျောင်းသာ ဖွင့်လှစ်ထားနိုင်သည်ဟု ချင်းပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ကျောင်းအပ်ရန် လာရောက်သော ကလေးငယ်ကိုတွေ့ရစဉ်
၎င်းက “ပလက်ဝတော့ မဖွင့်ဘူး။ ထန်တလန် မဖွင့်ဘူး။ ကန်ပလက် မဖွင့်ဘူး။ တွန်းဇံ မဖွင့်ဘူး။ တီးတိန်က တချို့ ၅ ကျောင်းတော့ ဖွင့်တယ်။ နောက် ဟားခါးတော့ ဖွင့်တာပေါ့ ၆ ကျောင်း။ ဖလမ်းက ၁၂ ကျောင်း ဖွင့်တယ်။ မတူပီက မရမ်နယ်ထဲမှာ ၁၂ ကျောင်းလောက် ဖွင့်တယ်။ မင်းတပ်ကတော့ ၄ ကျောင်းပေါ့ ခါတိုင်းလို ဖွင့်တယ်။ ပြီးခဲ့တဲ့နှစ်က ၅၇၁ ကျောင်း၊ ဒီနှစ်က အခုချိန်ထိ ၆၉ ကျောင်းပဲ ဖွင့်တယ်။ ကျောင်းသားလည်း ဒီအတိုင်းပဲပေါ့၊ ကျောင်းသားက ၁ သောင်းကျော်ကျော်ပဲ ရှိသေးတာ။ မနှစ်က ၅ သောင်းကျော်တယ်” ဟု ပြောသည်။
ထို့နောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသ များဖြစ်သော ကွတ်ခိုင်၊ လောက်ကိုင်၊ သိန္နီနှင့် ကွမ်းလုံမြို့နယ်တွင်လည်း အစိုးရကျောင်း ဖွင့်လှစ်ထားနိုင်မှု မရှိကြောင်း၊ ကျောင်းဆရာ/ဆရာမများကိုလည်း တခြားနယ်များသို့ ပြောင်းရွှေ့ခွင့် ပေးထားကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပညာရေးမှူးတစ်ဦးက “ဒီနှစ်က နိုင်ငံတော်အဆင့်ကတော့ မဖွင့်တော့ဘူးပေါ့။ သူတို့ တိုင်းရင်းသား လက်နက်ကိုင်တွေကတော့ ဖွင့်မှာပေါ့။ ရှမ်းမြောက်ဆိုတာက ကျနော်တို့ ကွတ်ခိုင်တို့၊ လောက်ကိုင် တို့၊ သိန္နီ၊ ကွမ်းလုံ သူတို့ ထိန်းချုပ်တဲ့ နယ်မြေတွေကျတော့ မဖွင့်သေးဘူးပေါ့ အစိုးရကတော့။ သူတို့ကတော့ ဖွင့်တယ်လို့ ကြားတာပဲ။ အစိုးရကျောင်းမှာပဲ သူတို့ဖွင့်တာလားတော့ ကျနော်လည်း မသိဘူး။ ဆရာ၊ ဆရာမတွေ အားလုံး ပြောင်းလိုက်ပြီလေ အခုက။ အပြောင်းအရွှေ့တွေ။”ဟု CNI သတင်းဌာနသို့ ပြောသည်။
ထို့နောက် စာသင်ကျောင်းများ၊ ကျောင်းဆရာ/ဆရာမများ တိုက်ခိုက်ခံရသည့် ဖြစ်ရပ်များလည်း ဖြစ်ပေါ်နေသည့် အတွက် တချို့သော မြို့နယ်များတွင် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်း မရှိကြောင်း သိရသည်။
ကျောင်းအပ်နှံနေကြစဉ်
အခြေခံပညာစာသင်ကျောင်းပေါင်း ၃၀၀၀ ကျော်၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၀၀ ခန့်နှင့် ကိုယ်ပိုင် အထက်တန်းကျောင်း ၅ဝ ကျော်ရှိသည့် ရခိုင်ပြည်နယ်တွင်လည်း ကျောင်းသားများက ကျောင်းတက်ချင်ကြသော် လည်း မလုံခြုံမှုများကြောင့် ကျောင်းတက်နိုင်ခြင်းမရှိကြောင်း ရခိုင်ပညာရေးလှုပ်ရှားသူ ဦးတင်မောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရခိုင်မှာ ကျောင်းအခြေအနေက လက်ရှိမှာတော့ ကလေးတွေ ကျောင်းမတက်ရဘူးပေါ့။ grade 12 ကျောင်းသားတွေကလည်း အခုထိ စာမေးပွဲ မတက်ရသေးဘူး။ ရခိုင်ကျောင်းသားတွေရဲ့ ကျောင်းသားဦးရေ ၁၀,၀၀၀ လောက်က စာမေးပွဲ မတက်ရဘူးပေါ့၊ ကျန်တဲ့ ၈၀၀၀ ကတော့ အစိုးရကစစ်တဲ့ စာမေးပွဲကို သူတို့ ဖြေလိုက်ရတာပေါ့လေ။ ဆိုတော့ အဲဒီဟာ တစ်ပိုင်းရှိတယ်။ နောက်တစ်ပိုင်းက အခု grade 12 တက်မယ့် ကလေးတွေရော၊ မူလတန်းကလေးတွေ အကုန်လုံး ကျောင်းမတက်ရသေးဘူးပေါ့။ ကျောင်းတက်ဖို့ကလည်း မသေချာတဲ့ အခြေအနေပေါ့။ ကျောင်းက ဖွင့်လို့ကို မရဘူး။ ကလေးတွေက ကျောင်းတက်ချင်နေကြတယ်။ ပြီးလို့ရှိရင် ဆရာ/ဆရာမတွေ အကုန်လုံး ရှိနေတယ်။ ကလေးတွေလည်း ကျောင်းတက်ချင်နေကြတယ်။ ဒါပေမယ့် ကျောင်းဖွင့်လို့ကို မရတဲ့အခြေအနေမျိုး ဖြစ်နေတယ်။ အဓိကကတော့ လေကြောင်းရန်ကို စိုးရိမ်ကြ တာပေါ့လေ” ဟု ပြောသည်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ကျေးလက်ဒေသများ၌ အခြေခံပညာ အလယ်တန်းကျောင်း ၁၃,၈၇၉ ကျောင်း၊ မူလတန်းကျောင်း ၂၁,၅၅၀ ကျောင်းရှိပြီး မြို့ပြဒေသတွင် အခြေခံပညာအလယ်တန်းကျောင်း ၁၆၂၆ ကျောင်း၊ မူလတန်းကျောင်း ၃၃၁၈ ကျောင်းရှိသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ မေလ ၂၃ ရက်မှ ၃၀ ရက် အထိ ကျောင်းအပ်နှံသူ ၅ ဒသမ ၉ သန်းကျော်ရှိကြောင်း အခြေခံပညာဦးစီးဌာနက ထုတ်ပြန်သည်။
- By CNI
- Category: ပညာရေး
- Hits: 1312
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၉
ထိုင်းနိုင်ငံတွင် အချို့ ပြည်နယ်၊ မြို့နယ်များရှိ အစိုးရကျောင်းများ၌ မြန်မာအပါအဝင် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများ၏ ကလေးများအား ကျောင်းအပ်လက်ခံရန်အတွက် ငြင်းဆန်မှုများ ရှိနေနိုင်သေးကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းနိုင်ငံအတွင်းရှိ ကလေးတိုင်း အစိုးရ ကျောင်းများ၌ ပညာသင်ကြားခွင့်ရှိသော်လည်း အချို့ ကျောင်းများတွင် ကျောင်းအပ်လက်ခံရန် ငြင်းဆိုမှုများရှိခဲ့ရာ လက်ရှိတွင်လည်း ထိုသို့ ဆက်လက်ရှိနေနိုင်သေးကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
“ဘာလို့ဆို သူက တက်ဖို့ဆိုတာကလည်း တစ်ခုတော့ရှိသေးတယ်။ ဒီကလေးက ထိုင်းလိုနည်းနည်းတတ်ဖို့ လို တယ်။ ထိုင်းလိုလုံးလုံးမတတ်ဘူးဆိုတော့လည်း သူတို့မှာ အခက် အခဲရှိတာပေါ့။ အဲဒီဟာပြဿနာရှိတာ။ ထိုင်း ပညာရေးဝန်ကြီးဌာနတင် မဟုတ်ဘူးလေ၊ သူတို့မှာကကြတော့ မိဘ၊ ဆရာ ဘာညာတွေရှိတယ်။ အဲဒီမှာ မိဘတွေ က တောင်းဆိုတယ်ဆိုရင်လည်း အဲဒီလိုပြဿနာတွေ ကြုံတာရှိတယ်။ အသက်ကြီးတဲ့ကလေးတွေပေါ့၊ ကျနော်တို့ က အခုမှ သူငယ်တန်းကိုတက်မယ် ဒါပေမယ့် အသက်က ၂ ဆ ဖြစ်နေတယ် အဲဒါဆို အဆင်မပြေဘူးပေါ့။ သူတို့ ကလည်း သူတို့သားသမီးတွေနဲ့ စိုးရိမ်တာတွေရှိတာပေါ့။ အဲဒါမျိုးကြ ငြင်းပယ်ခံရတာမျိုးတွေ ဒါရှိမှာပဲ” ဟု ၎င်းက ပြောသည်။
ရွှေ့ပြောင်းကျောင်းနေ ကလေးငယ်များကိုတွေ့ရစဉ်
ပြီးခဲ့သည့်ရက်ပိုင်းက လာမည့် စာသင်နှစ်အတွက် သက်ဆိုင်ရာနယ်မြေရှိ အစိုးရကျောင်းများတွင် မြန်မာ အပါအဝင် အထောက်အထားမဲ့ ကလေးများအား လက်ခံကြရန် ထိုင်းနိုင်ငံအခြေခံပညာရေးကော်မရှင်နှင့် ထိုင်းပညာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
ထိုထဲတွင် အထောက်အထားမဲ့ ကလေးများနှင့်ပတ်သက်၍ ထူးခြားချက်တစ်ခု ပါရှိကြောင်းလည်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက ဆက်ပြောသည်။
၎င်းက “ဒါပေမယ့် အခုနောက်ဆုံး ထုတ်ပြန်တဲ့အထဲမှာ နောက်ဆုံးအပိုဒ်မှာ ကျောင်းတက်တဲ့ကလေးတွေ အတိုင်းအတာ တစ်ခုအထိ ပညာသင်ကြားပြီးပြီဆိုရင် သူတို့က အထက်တန်းပေါ့၊ အထက်တန်းကနေ ဒီထက်မြင့်တဲ့ တက္ကသိုလ်၊ ကောလိပ်တွေ တက်ဖို့ဆိုရင် တချို့နယ်မြေတွေမှာဆို အထောက်အထားမရှိရင် သွားလာခွင့်မရဘူး။ အဲဒါက တော်တော်ကြာပါပြီဖြစ်နေတာ သိပ်ထူးချွန်တဲ့ ကလေးတွေပဲရတာ။ အဲဒါကြောင့် အခုဆိုရင် အဲဒီလို ကလေးတွေအတွက်ကို ပညာရေးနဲ့ပတ်သက်တယ် ဆိုင်တယ်ဆိုရင် သွားလာခွင့်ပေးဖို့ပေါ့ အဲဒါကတော့ ထူးခြားတယ်လို့ ပြောလို့ရတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းတွင် အထောက်အထားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကလေးတိုင်း အစိုးရကျောင်းများတွင် မူလတန်းမှ ၉ တန်းအထိ ပညာသင်ခွင့်ရှိသော မူဝါဒအား ၂၀၀၅ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အထောက်အထားမဲ့အပြင် ထိုင်းမွေးစာရင်းမရှိပါက မိမိနေထိုင်သည့် ဒေသမှ အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာရယူပြီး ကျောင်းအပ်နိုင်သည်။
ရွှေ့ပြောင်းကျောင်းနေ ကလေးငယ်များကိုတွေ့ရစဉ်
သို့သော် အထောက်အထားမဲ့ မြန်မာကလေးများ ထိုင်းအစိုးရကျောင်းများတွင် အပ်နှံသည့်အခါ အသက်အရွယ် ကွာဟမှု၊ ကျောင်းသားဦးရေ များပြားနေမှု၊ ဘာသာစကား အခက်အခဲများကြောင့် လက်မခံကြခြင်းများရှိကြောင်း နှင့် ကျောင်းအပ်လက်ခံရန် ထိုင်းပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုမှာ အချိန်နောက်ကျသွားကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြဿနာက စစ်အာဏာသိမ်းနောက်ပိုင်းမှာ တော်တော်များများက မြန်မာနိုင်ငံကလာကြတဲ့ သူတွေ ပိုများတဲ့အခါ ကလေးငယ်တွေလည်း အများကြီးပါတယ်။ ပါတဲ့အခါကြတော့ ကျောင်းအပ်တဲ့အခါ လူဦးရေနဲ့ ကျောင်းရဲ့ အဆောင်နဲ့ မလုံလောက်ဖြစ်တာဟာ အဓိကပြဿနာဖြစ်တယ်။ တချို့ကျောင်းတွေက လက်မခံတာ မဟုတ်ဘူး။ လက်ခံတယ် တော်တော်များများ လက်ခံကြတယ်။ ဒါပေမယ့် ကျောင်းနဲ့ လူနေဖို့ အနေအထားနဲ့က အဆင်မပြေတဲ့ ပုံစံမျိုးတွေ တွေ့ရတဲ့အခါ ကျောင်းမတက်ဘဲ ထွက်သွားရတဲ့ လူတွေလည်း ပိုများသွားတယ်။ နောက် ထုတ်ပြန်ချက် ကြေညာချက်ကလည်း နောက်ကျသွားတယ် နည်းနည်း။ ထုတ်ပြန်တဲ့အချိန်က ကလေးတွေက အကုန်လုံး ကျောင်းအပ်လို့ပြီးတဲ့အချိန် ဖြစ်သွားပြီ။ ဘာလို့ဆို ထိုင်းမှာက ကျောင်းအပ်တဲ့ အချိန် က ၂ လပိုင်း အပ်ရမှာ။ ၂ ပိုင်းလောက်မှာ စပြီးအပ်ရမှာကို။ စာမေးပွဲဖြေလို့ပြီးတာနဲ့ ကျောင်းအပ်လို့ ပြီးသွားပြီ အကုန်လုံး။ ဆိုတော့ ကျောင်းအပ်လို့ပြီးတာနဲ့ သူက ဒီစာရွက်ကိုထွက်လာတာ”ဟု ပြောသည်။
ထိုင်းတွင် အသက် ၆ နှစ်အထိ ၁၂ နှစ်အထိ မူလတန်းအဆင့်ဖြစ်ပြီး အသက် ၁၃ နှစ်ကနေ ၁၅ နှစ်အထိကို အလယ်တန်းအဆင့် သတ်မှတ်ကာ အသက် ၁၆ နှစ်မှ ၁၈ နှစ်အထိကို အထက်တန်းအဆင့်အဖြစ် သတ်မှတ် ထားခြင်းဖြစ်သည်။
လက်ရှိတွင် ထိုင်းနိုင်ငံတစ်ဝန်းလုံး၌ ပညာသင်ကြားနေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းကလေးငယ် ဦးရေမှာ လေးသိန်းမှ ငါးသိန်းခန့်အထိ ရှိနိုင်ကြောင်းလည်း သိရသည်။
- By CNI
- Category: ပညာရေး
- Hits: 2165
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၂
ထိုင်းရှိ မြန်မာ အပါအဝင် နိုင်ငံခြားသား ကလေးငယ်များအား ပညာသင်ကြားခွင့် အထောက်အထားများ ထုတ် ပေးရန် လွှတ်တော်မှတဆင့် အစိုးရအား တောင်းခံသွားမည်ဖြစ်ကြောင်း Move Forward ပါတီမှ ဩဂုတ် ၁၀ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
MFP ပါတီအနေဖြင့် တရားဝင် အထောက်အထားမရှိသည့် ကလေးငယ်များ ထိုင်းနိုင်ငံ၌ ပညာရေး လက်လှမ်း မီစေရန်အပြင် ထိုင်းနိုင်ငံသား မဟုတ်သည့် ကလေးငယ်များအတွက် ပညာရေးစီမံခန့်ခွဲမှု လမ်းညွှန်ချက်များအား ထည့်သွင်းစဉ်းစားရန် ကော်မတီတစ်ရပ်ဖွဲ့စည်းဖို့ အောက်လွှတ်တော်၌ အဆိုတင်သွင်းခဲ့ကြောင်း Move Forward ပါတီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့သည်။
ထိုသို့ မြန်မာ အပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်း ကလေးငယ်များအား ထိုင်းနိုင်ငံအတွင်း ပညာသင်ကြားခွင့်နှင့် ပတ်သက်ပြီး အထောက်အထား တစ်စုံတစ်ရာ အမှန်တကယ် ထုတ်ပေးနိုင်မည်ဆိုပါက ကောင်းမွန်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သီးသန့် အဲဒီလိုမျိုး ထုတ်ပေးနိုင်တယ်ဆိုရင်တော့ ကောင်းတာပေါ့ ထုတ်ပေးနိုင်တယ်ဆိုလို့ရှိရင်။ ဒါပေမယ့် ထုတ်ပေးတယ်ဆိုတဲ့နေရာမှာ ဒီအထောက်အထားတွေက သူ့သတ်မှတ်ထားတဲ့ အတိုင်းအတာထဲမှာပဲ နေထိုင် သွားလာ ပိုင်ဆိုင်ခွင့်တို့ဘာတို့ လုပ်လို့ရတယ်ဆိုတာမျိုးက ရှိသေးတာကို။ ကောင်းတာကတော့ ခရီးသွား ခွင့်တို့ ဘာတို့ အဲဒါမျိုးကိစ္စတွေကြတော့ စကားပြောပြီပေါ့နော်။ ဥပမာ တက္ကသိုလ်တက်တဲ့ကိစ္စတွေ၊ နောက်ပြီး ထူးချွန်တဲ့ကလေးတွေဆိုရင် သက်ဆိုင်ရာ ညီလာခံတို့ ဘာတို့ ဒါမျိုးတွေ သွားရောက်တက်တဲ့အချိန်မှာ အဲဒီ အချိန်မှာဆို တစ်ခါတစ်လေကျ အခက်အခဲ ပြဿနာတွေရှိတယ်။ ဆိုတော့ အဲဒီထုတ်ပေးမယ်ဆိုတဲ့ ကဒ်က ဘယ်အတိုင်းအတာထိ ဟိုဒင်းဖြစ်သလဲပေါ့။ ဥပမာ ကျောင်းသွား၊ ကျောင်းတက် တရားဝင်နေထိုင်ခွင့် အတွက်ပဲ သီးသန့်ပဲ ထုတ်ပေးတာလား။ ဘယ်လိုပဲဖြစ်ဖြစ် အထောက်အထားတစ်ခု အဲဒီလို သတ်သတ်မှတ်မှတ်နဲ့ ထုတ် ပေးတယ်ဆိုရင်တော့ ကောင်းတာပေါ့” ဟု ပြောသည်။
Move Forward ပါတီကိုတွေ့ရစဉ်
ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက ထိုင်းနိုင်ငံ၊ အန်ထော်ခရိုင်ရှိ ထိုင်းရတ်ဝိထယာ စာသင်ကျောင်းသို့ ထိုင်းအာဏာ ပိုင်များမှ ဝင်ရောက်ဖမ်းဆီးရာတွင် ကျောင်းတက်ရောက်နေသည့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း ကျောင်းသား ၁၂၆ ဦးအား နေရပ်သို့ ပြန်ပို့ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ထိုကိစ္စနှင့်ပတ်သက်၍ သေချာစွာ စစ်ဆေးအတည်ပြု နိုင်ရန်နှင့် အဆိုပါကလေးငယ်များ ထိုင်းတွင် ပညာ ပြန်သင်ကြားနိုင်ရန်အတွက် ကူညီပေးသွားမည်ဟုလည်း Move Forward ပါတီက ပြောထားသည်။
လက်ရှိတွင် Move Forward ပါတီ၏ အန်ထော်ခရိုင် လွတ်တော်အမတ် ဦးဆောင်သည့် အဖွဲ့မှ အချက်အလက် များ စုဆောင်းလျက်ရှိကြောင်း သိရသည်။
ကျောင်းသား/သူ ကလေးငယ်များကိုတွေ့ရစဉ်
သို့သော် မြန်မာ အပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်း ကလေးငယ်များ ထိုင်း၌ ပညာသင်ကြားခွင့် အထောက် အထား ထုတ်ပေးရန် တောင်းခံသွားမည်ဟု MFP ပါတီ၏ ပြောဆိုမှုသည် လက်တွေ့တွင် မလွယ်ကူလှကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါက သူ့နိုင်ငံသားတွေ အပေါ်မှာတောင် ရွေးကောက်ပွဲ မဝင်ခင်ကတည်းက သူတို့ကြေညာခဲ့တဲ့ ဟာတွေ သူတို့ပေးခဲ့တဲ့ ကတိတွေ ပျက်ပြယ်ပြီးတော့မှ သူတို့ MOU ထိုးတဲ့ပါတီတွေ ပျက်သွားတာမျိုးတွေ ရှိတယ်။ အဖက် အဖက်ကနေ ထိုးနှက်တာတွေလည်း ရှိတယ်။ ဒါက လွယ်လွယ်နဲ့ တောင်းဆိုလို့ရတဲ့ ကိစ္စမဟုတ်ဘူးလေ။ တည်ဆဲ ဥပဒေအတိုင်းသွားမယ်။ ဥပဒေတစ်ခုကို ပြန်လည်ပြင်ဆင်မယ်ဆိုရင် လွှတ်တော်ထဲမှာ ထိရောက်တဲ့ သူတွေနဲ့ လွှတ်တော် ခေါ်တာမျိုးတွေ အများကြီး။ အချိန်တွေအများကြီး ယူရမယ်။ အဲဒီတော့ ဒီနေရာမှာ ခြုံပြီး ပြောချင် တာက ဘယ်ပါတီပဲ မြန်မာအရေးကို ဟိုဟာလုပ်ပေးမယ်၊ ဒီဟာလုပ်ပေးမယ်လို့ ပြောနေပါစေ အရပ်သားအစိုးရ ဖွဲ့စည်းနိုင်ခြင်း မရှိတာဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှ ယုံလို့မရသေးဘူး။ သူ့နိုင်ငံသား အချင်းချင်းတောင် ကတိ ကဝတ်တွေ ပျက်တာမျိုးတွေ ရှိတာပေါ့” ဟု ပြောသည်။
ထိုင်းရတ်ဝိထယာစာသင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး အပါအဝင် ဆရာ/ဆရာမ ၅ ဦးအား လက်ရှိတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အစိုးရကျောင်းများ၊ ပုဂ္ဂလိကကျောင်းများအပြင် ရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ်များ အတွက် ရည်ရွယ်ကာ အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများရှိကြောင်း၊ အစိုးရကျောင်းနှင့် ရွှေ့ပြောင်း အလုပ်သမားကျောင်းများတွင် တက်ရောက်နေသည့် မြန်မာရွှေ့ပြောင်းကျောင်းသားဦးရေမှာ သောင်းနှင့်ချီ ရှိကြောင်း သိရသည်။
- By CNI
- Category: ပညာရေး
- Hits: 2137
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃
မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် အသက်မပြည့်မှီ လုပ်ငန်းခွင် ဝင်နေကြရသည့် ကလေးများအတွက် နစကအနေဖြင့် ကောင်းမွန်သော ပညာရေးစနစ်တစ်ခုကို ဖော်ဆောင်ပေးသင့်ကြောင်း လူ့အခွင့်အရေး လုပ် ဆောင်ပေးသူများက ပြောသည်။
ဆင်းရဲချို့တဲ့သော ကလေးငယ်များနှင့် ငွေကြေး မတတ်နိုင်ဘဲ လမ်းဘေးမှာ တောင်းရမ်းစားသောက် ခြင်းနှင့် ဈေးရောင်းနေကြရသည့် ကလေးငယ်များအတွက် လက်လှမ်းမှီသော ပညာရေးစနစ်တစ်ခုကို ဖော်ဆောင်ပေး သင့်ကြောင်း တအောင်းလူ့အခွင့်အရေးဆိုင်ရာကွန်ရက် အတွင်းရေးမှူး လွေးချီဆငါးက CNI သတင်းဌာနသို့ ပြောသည်။
လွေးချီဆငါးက “အဲ့လိုမျိုး ကလေးတွေ အတွက်ကတော့ ကျမတို့ကတော့ ကလေးတွေ လက်လှမ်းမှီနိုင်တဲ့ ပညာရေးစနစ် တစ်ခုတော့ လမ်းဖွင့်သင့်တယ်လို့ မြင်တယ်။ တစ်ချို့ဆိုရင်တော့ ကိုယ်ထူကိုယ်ထ ကျောင်းဖွင့် လှစ်တာတွေ ရှိသလို တစ်ချို့တွေကျတော့ ဘ.က ကျောင်း ဘုန်းကြီးကျောင်းတွေ ဖွင့်လှစ်တာတွေ ရှိတယ်။ ဒါပေမယ့် ကလေးတိုင်းက လက်လှမ်းမမှီတာ တွေ့နေရတယ်။ အဲ့လိုမျိုး ခုနကပြောနေတဲ့ အလုပ်သမားရုံမှာ ရောက်တဲ့ ကလေးတွေ လမ်းပေါ်မှာ ဈေးရောင်းနေတဲ့ ကလေးတွေဆိုရင်လည်း အဲ့လိုမျိုးပညာရေး စနစ်တွေကို ဖန်တီးပေးနိုင်တယ် ဆိုလို့ရှိရင်တော့ သူတို့လည်း လက်လှမ်းမှီ နိုင်မယ်လို့ ထင်တယ်။ ဘ.က ကျောင်းပဲဖြစ်ဖြစ် ကိုယ်ထူကိုယ်ထ ပရဟိတကျောင်းတွေ ပုံစံမျိုး လုပ်မယ်ဆိုရင်တော့ လက်လှမ်းမှီနိုင်မယ်လို့ ထင်တယ်။ ကလေး တွေက တော်တော်များများ ပညာရေးတစ်ခုတည်း မဟုတ်ဘူးပေါ့နော်။ တခြားကလေးတွေမှာ ရသင့်ရထိုက်တဲ့ တော်တော်များများ မြန်မာပြည်မှာဆိုလို့ရှိရင် ဆုံးရှုံးနေတဲ့ အပိုင်းတွေရော အများကြီး တွေ့နေရတယ်။ တစ် ဒေသနဲ့ တစ်ဒေသ ဆုံးရှုံးမှု နည်းနည်းချင်း ကွာပေမယ့်လည်း ပြန်ချုံငုံ သုံးသပ်ကြည့်မယ်ဆိုရင်တော့ အကုန်လုံး မြန်မာတစ်နိုင်ငံလုံး နီးပါးက တူညီနေတာတွေ တွေ့နေရတယ်ဆိုတော့ ကလေးက ပညာသင်နေရမယ့် အရွယ်မှာ မသင်ရတဲ့ အပိုင်းတွေ အများကြီး တွေ့နေရတယ်ဆိုတော့ တတ်နိုင်တဲ့ဘက်ကနေ နီးစပ်ရာ ပရဟိတကျောင်း ဖြစ် ဖြစ် ဘ.က ကျောင်းပဲဖြစ်ဖြစ် ကလေးတွေကို ပညာရေးစနစ် လက်လှမ်းမှီနိုင်ဖို့အတွက် ဆောင်ရွက်ပေးနိုင်ရင် တော့ ပိုကောင်းနိုင်တယ်လို့ ပြောချင်ပါတယ်”ဟု ပြောသည်။
ပညာသင်ကြားနေသော ကလေးငယ်များကိုတွေ့ရစဉ်
မြန်မာနိုင်ငံထဲတွင် တောင်းရမ်းစားသောက်ပြီး ဝင်ငွေရှာသည့် ကလေးများမှာ ယခင်ကထက် နှစ်ဆလောက် တိုးလာပြီး စီးပွားရေး ကျပ်တည်းမှုကြောင့် ပိုမိုများပြားလာကြောင်း ကလေးများအတွက် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ပရဟိတပညာသင်ကြားပေးနေသည့် ရေချမ်းစင်ပရဟိတအဖွဲ့ တည်ထောင်သူ ကိုဖြိုးက CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “အဓိကက တိုင်းပြည်စီးပွားရေး နိမ့်ကျလာတယ်။ တခြား အကြောင်းအရင်းတွေလည်း အများကြီးရှိမှာ ပေါ့။ ဘာပဲဖြစ်ဖြစ်ပါ အဓိက ဒီလိုကလေးတွေ ရှိတယ်။ ပညာသင်ကြားခွင့် ဆုံးရှုံးနေတဲ့ ကလေးတွေ ရှိတယ်ဆိုရင် ကျနော်တို့ အနေနဲ့ ဒါက ကိုယ့်ကိုယ်ကို ဂုဏ်ယူတယ်ပေါ့ ဒီကလေးတွေ အတွက်ကို ဂုဏ်ယူသင့်တယ်ဆိုတဲ့ စိတ် ခံစားချက်နဲ့ ကျနော်တို့မှာ တာဝန်ရှိတယ် လူ့အဖွဲ့အစည်းမှာ တာဝန်ရှိတယ်ဆိုတဲ့ ခံယူချက်နဲ့ ဒီရေချမ်းစင်ကို စလုပ်ခဲ့တာပါ။ အစက ကျနော်စိတ်ပူတာက သူတို့က စာသင်ရမယ်ဆိုရင် လန့်ပြီးတော့ ကျနော်တို့ဆီကို မလာ တော့မှာ စာသင်ရမှာ ကြောက်တာကို ကျနော်တို့က စိုးရိမ်တာ ဒါပေမယ့် စာသင်တဲ့ အခါကျတော့ တကယ်တမ်း ကလေးတွေက ဒီပညာရေးကို တော်တော်လေးကို စာသင်ချင်ကြတာကို တွေ့ရတယ်။ တော်တော်လေး စာတတ် ချင်ကြတယ်။ ကျနော်တို့ စာလာသင်မှာကို သူတို့စောင့်နေကြတယ်။ အရင်တုန်းကဆိုရင် ၄-၅ ယောက်လောက်နဲ့ စခဲ့တာလေ ကျနော်တို့ လမ်းဘေး စာသင်ဝိုင်းက အခုကျတော့ အရမ်းစာသင်ချင်တဲ့ ကလေး ဦးရေက များပြီး တော့ အခုဆို ကလေးဦးရေ အယောက် ၁၅၀ ကျော် ၁၈၀ လောက် ဖြစ်နေတဲ့ အခြေအနေပေါ့”ဟု ပြောသည်။
နိုင်ငံ၏စီးပွားရေး ကျပ်တည်းမှုနှင့် မိဘ၏ ခိုင်းစေမှု၊ အလုပ်ရှင်များ၏ ခိုင်းစေမှုများကြောင့် အခွင့်အရေး ဆုံးရှုံး နေရခြင်းဖြစ်ပြီး အစိုးရအနေဖြင့် ပြည်သူများ၏ စီးပွားရေးဖူလုံမှုမှာ အစိုးရတွင် တာဝန်ရှိကြောင်း ရခိုင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးမြတ်ထွန်းက “အဓိကတော့ မိဘနဲ့ဆိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေကို အုပ်ထိန်းတဲ့ သူတွေက မိဘပေါ့။ မိဘက တောင်းရမ်းခိုင်းတယ်ဆိုတော့ ဒါကတော့ ကလေးသူငယ် ဥပဒေကို ချိုးဖောက်ရာ ကျနေတယ်။ ဒါကတော့ CRC(Convention on the rights of the Child) ဥပဒေမှာလည်းပါတယ်။ မိဘရော အလုပ်ခိုင်းတဲ့ သူတွေရော တစ်ချို့ အလုပ်ရှင်တွေဆိုရင် အသက်မပြည့်သေးတဲ့ သူကို အလုပ်ခိုင်းတာတွေ ဘာတွေရှိတယ်။ နောက်တစ်ခါ စစ်မှုထမ်းတာတို့ ဘာတို့ရှိ တယ်။ ဒါကတော့ CRC ဥပဒေနဲ့ သက်ဆိုင်တယ်။ အဓိက ကလေးတွေ တောင်းရမ်းစားသောက်တဲ့ဟာနဲ့ ပတ်သက်လို့ မိဘနဲ့အများကြီး သက်ဆိုင်တယ်။ ကလေးတွေက အမှန်တော့ ဒီလိုမဖြစ်ရအောင်ဆိုတာ လူမှုဝန် ထမ်း အဖွဲ့တွေရှိတယ်။ အဲ့ဒီ လူမှုဝန်ထမ်း အဖွဲ့တွေက ဒီလိုမဖြစ်ဖို့အတွက် ကလေးတွေကို အကျင့်စာရိတ္တ ကောင်းဖို့အတွက် ဒီကလေးတွေရဲ့ လမ်းမှန်ကို ရောက်ဖို့အတွက် အစိုးရ အနေနဲ့ လုပ်ဆောင်ပေးသင့်တယ်လို့ ပြောချင်တယ်။ အုပ်ချုပ်တဲ့အစိုးရပေါ်မှာလည်း မူတည်တယ်။ အခုက တိုင်းပြည် ဖရိုဖရဲဖြစ်နေတယ်။ ကုန်ဈေးနှုန်းကြီးတယ်။ ဆန်ဈေးနှုန်းလည်း ကြီးတယ်။ အကုန်လုံး အစစအရာရာ ဈေးကြီးတဲ့ အခါကျတော့ မိဘတွေကလည်း တစ်နေ့လုပ်မှ တစ်နေ့ စားရတာဆိုလို့ရှိရင်တော့ ဒီစားဝတ် နေရေးတွေက အဆင်မပြေဘူး။ သားသမီးတွေကို တောင်းရမ်းခိုင်းတယ်။ ရှာခိုင်းတယ်။ အဲ့လိုပုံစံမျိုး လုပ်ရတာပေါ့။ အဓိက ပြောမယ်ဆိုလို့ရှိရင် အစိုးရနဲ့လည်း သက်ဆိုင်တယ်။ ပြည်သူတွေရဲ့ စားဝတ်နေရေး အဆင်ပြေဖို့ အစိုးရမှာ တာဝန်ရှိတယ်။ ဒီဟာကိုလည်း အစိုးရက ဖြေရှင်းပေးစေချင်တယ်လို့ ပြောချင်တယ်”ဟု ပြောသည်။
ပညာသင်ကြားနေသော ကလေးငယ်များကိုတွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးတွင် လိုင်းကားပေါ်များနှင့် လမ်းမပေါ်များ၌ တောင်းရမ်း စားသောက်သည့် ကလေးများကို တွေ့ရသလို လက်လီ/လက်က္ကား ရောင်းသည့် ဈေးကြီးများတွင် ဈေးရောင်းနေရသည့် အသက်မပြည့်သေးသော ကလေးများကို တွေ့ရသည်။
ထို့ပြင် လမ်းမပေါ်များတွင် ပန်းရောင်းနေသည့် ကလေးငယ်များ၊ ရေသန့်များ ရောင်းချသည့် ကလေးများ၊ အမှိုက် ကောက်နေသည့် ကလေးများကို လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ကမာရွတ်မြို့နယ်၊ ဒလမြို့နယ်တို့တွင် အများဆုံး တွေ့ရကြောင်း ပရဟိတလုပ်သူများက ပြောသည်။
အဆိုပါ ကလေးငယ်များသည် ငွေကြေး မတတ်နိုင်သောကြောင့် ပညာသင်ကြားရေး အခွင့်အရေးများ ဆုံးရှုံးနေ ကြောင်း၊ ထိုကလေးများအတွက် လက်လှမ်းမှီနိုင်သည့် ပညာရေးစနစ်တစ်ခုကို ဖော်ဆောင်ပေးသင့်ကြောင်း လူ့အခွင့်အရေး လုပ်ပေးသူများက ပြောသည်။
မြန်မာနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေတဲ့ ကလေးငယ် ၁ သန်းကျော်ရှိကြောင်း၊ ထိုအထဲမှာ အသက် ၅ နှစ်နဲ့ ၁၇ နှစ်အကြား အရွယ်များဖြစ်ကြောင်း ILO က ထောက်ပြထားသည်။
လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေသည့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ အကျပ်အတည်းများကြောင့် လည်း မိသားစုများ အနေဖြင့် ကလေးအလုပ်သမားများကို အားကိုးအားထား ပြုရသည့် အခြေအနေ ဆိုက်ရောက် နေကြောင်း ILO ၏ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
- By CNI
- Category: ပညာရေး
- Hits: 2160
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၅
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်နေသည့် အချိန်ကာလအတွင်း တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်နေသည့် ကလေးများအတွက် ပညာရေးထိခိုက်မှုများ ရှိနေဆဲဖြစ်ကြောင်း တိုက်ပွဲရှောင်အရေး ကူညီလှုပ်ရှားသူများက ပြောသည်။
လက်ရှိတွင် မတည်ငြိမ်မှုများရှိနေဆဲဖြစ်သည့် ကယားပြည်နယ်ထဲက တိုက်ပွဲရှောင်ကလေးများမှာ စိတ်ချ လုံခြုံရသည့် အခြေအနေမရှိခြင်းကြောင့် ပညာသင်ယူမှုမှာလည်း နှောင့်နှေးနေကြောင်း ကယားပြည်နယ် လူ့အခွင့်အရေးဒါရိုက်တာ ကိုဗညားက CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်တိုက်ပွဲရှောင် ကလေးများ ပညာသင်ကြားနေစဉ်
ကိုဗညားက “အခုနောက်ပိုင်း ကျောင်းတွေကို ဗုံးကြဲခံရတာတွေ ပိုများလာတာပေါ့နော်။ ကျောင်းနဲ့ အနီးအနား ပတ်ဝန်းကျင်ရွာတွေကို ဗုံးကြဲခံရတာတွေ များလာတော့ ကျနော်တို့ ဘာတွေ့လဲဆိုတော့ ကျောင်းတွေ တော်တော်များများ ပိတ်လိုက်ရတာ တွေ့တယ်။ ကျနော်တို့က ကလေးတွေရဲ့ ပညာရေးအတွက်ဆိုရင် မိဘတွေ အနေ နဲ့ စိုးရိမ်မှုရှိတယ်။ စခန်းထဲမှာဆိုလည်း စခန်းထဲက ကျောင်းတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတာတွေက ရှိလာတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ အဲကြောင့်မို့ ကျောင်းသားမိဘတွေကလည်း ကျောင်းပို့ဖို့အတွက် ကလေးတွေ စိုးရိမ်မှုရှိတဲ့အပြင် ကျနော်တို့ စာရေးကိရိယာတွေ၊ ကျောင်း ဆရာ/ဆရာမတွေအတွက် စတိုင်ပင်လေးတွေ ပေးနိုင်ဖို့ အခက်ခဲရှိတယ်။ ပေးနိုင်ဖို့အတွက်လည်း အခက်ခဲတွေ ရှိတယ်။ ပညာရေးနဲ့ပတ်သက်လာရင် စိုးရိမ် ချက်တွေကတော့ တဖြည်းဖြည်း မြင့်တက်လာတယ်”ဟု ပြောသည်။
စာသင်ကျောင်းများကဲ့သို့ အများပြည်သူပိုင် နေရာများမှာ တစ်ဖက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAOs)များက တိုက်ပွဲဖော်ဆောင်ခြင်းကြောင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်လာရခြင်းဖြစ်ကြောင်း သေနင်္ဂမဟာ ဗျူဟာ လေ့လာရေးအဖွဲ့ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ဦးသိန်းထွန်းဦးက “အရင်တုန်းထဲက ကျနော်တို့က ရွာကိစ္စနဲ့ပတ်သက်ပြီး ဒီလက်နက်ကိုင် အဖွဲ့အစည်းက ဆေးရုံ ပဲဖြစ်ဖြစ်၊ စာသင်ကျောင်းပဲဖြစ်ဖြစ်၊ ဘုန်းကြီးကျောင်းပဲဖြစ်ဖြစ် အဲဒီနေရာမှာ နေရာဝင်ယူပြီးတော့ တပ်ကို သွား ပစ်တဲ့ အခါမျိုးကျတော့ စစ်မြေပြင်ရဲ့ ထိတွေ့တိုက်ခတ်မှု စည်းမျဥ်းစည်းကမ်းအရ ပြန်ပစ်မှာဘဲ အဲလိုအခါမျိုးဆို လို့ရှိရင် ထိခိုက်တဲ့ ဆုံးရှုံးမှုက ဖြစ်လာလိမ့်မယ်။ အဓိကအရေးကြီးတာက အဲဒါမျိုးနဲ့ လွတ်ကင်းတဲ့ နေရာတွေမှာ တိုက်ပွဲဖြစ်ရင်တော့ ပြောစရာမရှိဘူး။ ဒါပေမယ့် ခုနကပြောသလို အဲဒီစာသင်ကျောင်းမှာ ခံတပ်အနေနဲ့ထား တယ်။ ဆေးရုံမှာ ခံတပ်အနေနဲ့ ထားတယ်။ ဘုန်းကြီးကျောင်းမှာ ခံတပ်အနေနဲ့ ထားတယ်ဆိုရင် တကယ့် သုံးစွဲရ မယ့် အများပြည်သူပိုင် ပစ္စည်းတွေ၊ အဆောက်အဦတွေ ဒီလိုနေရာမျိုးတွေမှာ သွားသုံးနေတယ် ဆိုလို့ရှိရင်တော့ ရှောင်လွှဲလို့ ရမှာ မဟုတ်ဘူး။ အဲဒါကတော့ ပြောရရင်တော့ ဒီလက်နက်ကိုင်ပဋိပက္ခရဲ့ ဘေးထွက်ဆိုးကျိူးတွေလို့ပဲ သုံးသပ်ရပါလိမ့်မယ်”ဟု ပြောသည်။
တိုက်ပွဲရှောင် ဒေသတစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေးရွာတချို့မှာ အရပ်ဖက် အဖွဲ့အစည်းတချို့၏ ကူညီမှုဖြင့် တိုက်ပွဲရှောင် ကလေးများ၏ ပညာရေး အခက်အခဲမရှိကြောင်း အမည်မဖော်လိုသည့် တိုက်ပွဲရှောင်ရွာ သူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
KIO ထိန်းချုပ်နယ်မြေက ဂျန်ယန်တိုက်ပွဲရှောင်စခန်းက စာသင်ကျောင်းကိုတွေ့ရစဉ်
၎င်းက “ခုလောလောဆယ်တော့ ဆယ်ရွာမှာဘဲ ကိုယ့်အစီအစဥ်နဲ့ ကိုယ် ဖွင့်ထားတဲ့ ကျောင်းတွေမှာ ကလေးတွေ လိုက်နေတာလေ။ ခုလောလောဆယ် ကျောင်းကတော့ ရွာကလည်း ဝိုင်းပြီးတော့ သင်ပေးကြတယ်လေ။ ရွာက CDM ဆရာမတွေရော၊ Volenteer တွေရော ရွာက အောင်ထားတဲ့ ကလေးလေးတွေရော အကုန်လုံး ဝိုင်းပြီးတော့ သင်ပေးနေကြတယ်”ဟု ပြောသည်။
ထို့အပြင် တိုက်ပွဲယာယီ ရပ်စဲထားသည့် ရခိုင်ပြည်နယ်က တိုက်ပွဲရှောင် ကလေးများမှာ ကူညီထောက်ပံ့မှုများ နည်းခြင်းကြောင့် အခက်အခဲဖြစ်နေကြကြောင်း ကျောက်တော်မြို့နယ် တောင်မင်းကုလားတိုက်ပွဲရှောင်စခန်းမှ မအေးခိုင်က CNI သတင်းဌာနသို့ ပြောသည်။
မအေးခိုင်က “ထောက်ပံ့မှုပြုလုပ်တာက စာအုပ်တစ်ခုပဲရှိတယ်။ ကျောင်းစိမ်းတွေကတော့ မပေးသေးဘူး။ ကလေးတွေ ပညာမတတ်မှာကိုလည်း စိုးရတယ်။ ခုတောင်မှ ညတစ်ကြိမ်ပဲ တက်ရတာဆိုလို့ရှိရင် မနက်ပိုင်း တစ်ကြိမ် ညတစ်ကြိမ် မတက်ရတဲ့အချိန်မှာ သူတို့အတွက်ကတော့ ကျူရှင်လည်း မထားနိုင်ဘူးလေ။ အရင် တုန်းကဆိုရင် ဒီမှာ မူကြိုကျောင်းတွေရှိတယ်။ ကျောင်းတွေရှိလို့ရှိရင် အစ်မတို့က ဆယ်တန်းအောင်တဲ့၊ ကျတဲ့ သူတွေကို ကလေးတွေကို ဒီလိုမျိုး ပိုက်ဆံစုပြီးရင် ငှားနိုင်လို့ သင်တာရှိတယ်။ အခုက အဆောင်လည်း မရှိဘူး လေ။ စခန်းထဲမှာ သူတို့ကျောင်းတက်ဖို့ အဆောင်လည်း မလုပ်နိုင်ဘူး။ လေနဲ့ပါသွားပြီ။ အဲချိန်မှာ အစ်မတို့ စခန်းထဲက လူတွေကတော့ ၆ နှစ်၊ ၇ နှစ် ကျောင်းမတက်ရသေးဘူး။ အဲလိုမျိူးရှိတယ်။ မြို့မှာဆိုရင် (အသက်)၃ နှစ်၊ (အသက်) ၄ နှစ် မူကြိုတက်နေရပြီ။ ခုအစ်မတို့က (အသက်)၇ နှစ်ရှိနေပြီ ကျောင်းမထားရသေးဘူး။ ကျောင်း မထားရတာတွေ အများကြီးရှိ နေတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရသည့် တိုက်ပွဲရှောင်ဦးရေမှာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၀ ရက်အထိ စုစုပေါင်း ၁,၂၄၉,၇၈၉ ဦး(၁ သန်းကျော်) အထိ ရှိနေပြီဖြစ်ကြောင်း မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေး အင်စတီကျူ(ISP-Myanmar)၏ ထုတ်ပြန်ချက်များအရ သိရသည်။
- By CNI
- Category: ပညာရေး
- Hits: 2417
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁
ပြီးခဲ့သည့် ၂၀၂၂ - ၂၀၂၃ ပညာသစ်နှစ်တွင် စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုထားပြီး ကျရှုံးခဲ့သည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာအစိုးရအထက်တန်း ကျောင်းတွင် ကျောင်းတက်ခွင့်မရဘဲ အပြင်ဖြေအနေဖြင့် ဖြေဆိုကြရမည်ဟု ပညာရေးဝန်ကြီးဌာနက ပြောသည်။
စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း ကျရှုံးထားသည့် ကျောင်းသား/ကျောင်းသူများသည် အပြင်ကျူရှင် တက်ရောက် ရာတွင် စနစ်သစ်၏ ၁၁ တန်းနှင့် ၁၂ တန်း ကျောင်းစာများကိုလည်း သင်ကြားရန် လိုအပ်ကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်းမှ ပညာရေးမှူးတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တရားဝင်စာတော့ မထွက်ဘူး။ တက်ခွင့်တော့ မရှိဘူးပေါ့။ သူ့ဟာသူ အပြင်မှာပဲ ကျူရှင်တက်။ အဲလို တက်ပြီးမှပဲ နောက်ဆုံး ပြင်ပဖြေ အနေနဲ့ရမယ်။ အဲဒီလိုပဲ ပြောတာ။ ကျူရှင်ဆိုတာကတော့ သူတို့က Grade 10 က ပြန်တက်ရမှာပေါ့။ Grade 10, 11, 12 အထိပေါ့နော်။ အဲဒီလို တက်ရမယ်။ ၃ တန်းအတွက်ကို တက်ရမှာ။ အဲဒီ လို တက်မှပဲ ဖြေလို့ရမှာလေ။ သူတို့ပြင်ပ အနေနဲ့ အဲဒီလို မတက်ရင် သူတို့က တဆင့်တဆင့် ကျော်လို့မရဘူး လေ။ စနစ်သစ်ပဲ ဖြေရမှာလေ။ Grade 12 ပဲ ဖြေရမှာလေ” ဟု ပြောသည်။
စနစ်ဟောင်း သင်ရိုးညွှန်းတန်းဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ စစ်ဆေးခြင်းကို ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်သည် နောက်ဆုံး ဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အထက်တန်း ကျောင်းသူ/သားများကိုတွေ့ရစဉ်
ပြီးခဲ့သည့်နှစ်များတွင် တက္ကသိုလ်ဝင်တန်း ကျရှုံးထားသူများကို တစ်နှစ် ကျောင်းတက်ခွင့် ပေးထားပြီး၊ နောက် တစ်နှစ် ထပ်မံကျရှုံးမှာသာ အပြင်ဖြေအနေဖြင့် ဖြေကြရကြောင်း သိရသည်။
လက်ရှိတွင် ကျောင်းတက်ခွင့်နှင့် ပတ်သက်ပြီး တရားဝင် စာထုတ်ပြန်လာခြင်း မရှိသေးကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျူရှင်ကိုပဲ အားကိုးမှသာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ချင်းပြည်နယ်၊ ဆမီးမြို့နယ်မှ ဒေသခံ ဦးအောင်ဒင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျောင်းပြန်တက်ခွင့်တော့ မသေချာဘူးနော့်။ ကျနော် သတင်းမကြားမိဘူး။ ကျနော်တို့ ကြားတာတော့ ၁၂ တန်းပဲ ပြန်ဖြေရမယ်လို့ ပြောတယ်၊ အခု ၁၀ တန်းကျတဲ့ သူတွေလေ ဖြေချင်တယ်ဆိုရင်။ ကျူရှင်ပဲ အားကိုး ကြမယ်နဲ့တူတယ်။ ကျောင်းမှာ သီးသန့် ပြန်တက်တာတော့ မရှိလောက်ဘူး။ ကျောင်းမှာထက် ကျူရှင်မှာက ပိုပြီး တော့ လိုက်နိုင်မယ် ထင်တာပဲ” ဟု ပြောသည်။
စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း၏ သင်ရိုးညွှန်းတမ်းနှင့် စနစ်သစ်၏ သင်ရိုးညွှန်းတမ်းများသည် အနည်းငယ် ကွာခြားမှုရှိကြောင်း၊ ထို့နောက် စနစ်ဟောင်း၏ သင်ရိုးညွှန်းတမ်းများကို အခြေခံရှိထားမှသာ အဆင်ပြေမည် ဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူဦးရေ ၁၆၁,၈၅၀ ဦးရှိခဲ့ပြီး အောင်မြင်သူဦးရေ ၁၀၉,၈၅၁ ဦးရှိခဲ့သည်။ အောင်ချက်ရာခိုင်နှုန်း အနေဖြင့်မူ ၆၇ ဒသမ ၈၇ ရာခိုင်နှုန်း ဖြစ်သည်။
- By CNI
- Category: ပညာရေး
- Hits: 2108
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂
ရခိုင်ပြည်နယ်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် စာသင်ကျောင်း အများအပြား ပျက်စီးခဲ့ရသော် လည်း ကျောင်းသားများ အမိုးအကာမရှိဘဲ ကျောင်းတက်နေရခြင်းမှာ မဟုတ်မှန်ကြောင်း ရခိုင်ပြည်နယ်ကောင်စီက CNI သတင်းဌာနသို့ ပြောသည်။
တစ်နိုင်လုံးရှိ စာသင်ကျောင်းများကို ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က ပြန်ဖွင့်ပေးခဲ့ပြီး ရခိုင်ပြည်နယ်တွင် ပျက်စီးသွားသည့် ကျောင်းအဆောက်အအုံများကို ပြည်နယ်အစိုးရက ပြန်လည်ပြုပြင်ပေးနေသည့်အတွက် အမိုးအကာမရှိဘဲ ကျောင်းတက် နေရခြင်းမှာ အမှန်မဟုတ်ဟု ရခိုင်ပြည်နယ်၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။
ဦးလှသိန်းက "ထီးတွေဆောင်းပြီးကျောင်းမှာစာသင်တာ တကယ့်ဖြစ်ရပ်မဟုတ်ဘူး။ ရခိုင်ပြည်နယ်ထဲက အနေအထားတွေက အမျိုးမျိုးရှိတယ်။ ကျောင်းတွေကတော့ ပျက်စီးတာတော့ပျက်စီးတယ်။ပျက်တဲ့ထဲမှာ ဓာတ်ပုံတွေသွားရိုက်ကြတယ်။ ရိုက်ပြီးတော့ ပေါက်ကရဖြန့်နေကြတာ တစ်ပုံကြီး။ အဲဒါတွေက လုပ်ကြံတဲ့သတင်းတွေလေ။ ဘယ်ပညာရေးဌာနက အဲ့လိုကျောင်းထဲမှာ ထီးဆောင်းပြီး စာသင်ခိုင်းမလဲ" ဟု ပြောသည်။
ပြည်နယ်အစိုးရဘက်က စာသင်ကျောင်းများအား ပြုပြင်ပေးနေကြောင်း ပြောထားသောလည်း အချို့သော မြို့နယ်ကျေးရွာ အများစုရှိ စာသင်ကျောင်းများမှာ ပြန်လည်မပြုပြင်ရသေးသောကြောင့် သားသမီးပညာရေးအတွက် ထိခိုက်နစ်နာမှုများရှိကြောင်း ကျောင်းသားမိဘများက CNI သို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ကျောင်းအဆောက်အအုံတစ်ခုကို တွေ့ရစဉ်
ကျောက်တော်မြို့နယ် တောင်မင်းကုလားစစ်ရှောင်စခန်းမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ မအေးခိုင်က "ကျောင်းတွေက အကုန်လုံးပျက်စီးသွားတာ။ မပြုပြင်ရသေးဘူး။ ကလေးတွေ ကျောင်းတွေလည်း ကျောင်းမတက်ရသေးဘူး။ စားဝတ်နေရေး လည်းအဆင်မပြေဘူး။ ကျောင်းဝတ်စုံတွေ စာအုပ်တွေလည်း ထောက်ပံ့တာမျိုးမရှိသေးဘူး။ ငွေကြေးလည်း အဆင်မပြေတော့ သားသမီးငါးယောက်ရှိရင် နှစ်ယောက်ပဲ ပညာသင်ပေးနိုင်တယ်။ ကလေးတွေကို ကျောင်းထားမယ့်ကိစ္စကို မိဘတစ်ယောက်အနေနဲ့ စိတ်ပူမိတယ်။ ပညာရေးစရိတ်တွေကလည်း စျေးကြီးတော့ ကျောင်းတောင်မထားချင်တဲ့စိတ် ဖြစ်မိတယ်” ဟု ပြောသည်။
၎င်းအပြင် ခေါင်မိုးမလုံသည့် ကျောင်းဆောင်အောက်တွင် ပညာသင်နေကြရသောကြောင့် ကလေးများအတွက် ကျန်းမာရေး ထိခိုက်နိုင်ကြောင်း ရသေ့တောင်မြို့နယ် ကျောက်တန်းချေကျေးရွာမှ မမချေက ပြောသည်။
"ခေါင်မိုးလန်သွားတဲ့ စာသင်ကျောင်းတွေမှာ တာလပတ်ချာနဲ့သင်တာမျိုးရှိတယ်။ မိုးရွာရင် မိုးမလုံတော့ ကလေးတွေ နေမကောင်းဖြစ်နိုင်တယ်။ စာသင်ချိန်ကိုလည်း အချိန်ပြည့်မသင်ရဘူး။ နှစ်ချိန်ခွဲသင်ရတာပေါ့နော်" ဟု သူက ပြောသည်။
ရခိုင်မှာ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်း ၁၅၃၈ ကျောင်းပျက်စီးခဲ့ပြီး ပြန်လည်ပြုပြင်ပြီးသည့် ကျောင်း ၃၇၅ ကျောင်း၊ ပြုပြင်နေဆဲကျောင်း ၉၉၀ ကျောင်းနှင့် မပြင်ရသေးသည့်ကျောင်း ၁၇၃ ကျောင်းရှိနေသေးကြောင်း ပြည်နယ်ကောင်စီ က ပြောသည်။
- By CNI News
- Category: ပညာရေး
- Hits: 2725
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၅
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၉ ရက်နေ့ (သောကြာနေ့) နံနက် ၆ နာရီတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ကြေညာခဲ့ သည်။
အဆိုပါ အောင်စာရင်းများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ စာစစ်ဌာန ကျောင်းများတွင် တစ်ချိန်တည်း ကပ်ထားမည်ဖြစ်သလို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားမည်ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက “တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို Website မှ အသိပေးထုတ်ပြန် ကြေညာသည့်အပြင် ဝေးလံသော ဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက် အဆက် အသွယ် ကောင်းစွာ မရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံ ရေဒီယို အစီအစဉ်မှလည်း အောင်စာရင်း ထွက် သည့် နေ့တွင် ကြေညာပေးပါမည်”ဟု ပြောသည်။
အောင်စာရင်းနှင့် ပတ်သက်၍ မရှင်းလင်းသည်များ ရှိလာပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်းနံပါတ် ၀၁-၆၅၃၅၀၉ နှင့် ၀၁-၆၅၃၄၆၇ တို့ထံသို့ အောင်စာရင်း ထုတ်ပြန်ကြေညာမည့် ဇွန်လ ၉ ရက်နေ့တွင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။