CNI News
၂၀၂၅ ခုနှစ် ဧပြီ ၂၅
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် စာသင်ကျောင်းများ ပြိုကျမီးလောင်၍ စာမေး ပွဲ အဖြေလွှာများ ပျက်စီးသွားခြင်းကြောင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြန်လည် ဖြေကြားရမည်ဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လာခြင်းက ပြန်လည် ဖြေခိုင်းသင့်/မသင့်ကြား အငြင်းပွားလျက်ရှိနေသည်။
ငလျင်ဘေးဒဏ်သင့် ကျောင်းသူ/သားများသည် သဘာဝဘေးအန္တရယ်ကြောင့် စိတ်နှင့်ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု များ ရထားပြီးဖြစ်သည့်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို လုံးဝပြန်လည် မဖြေဆိုခိုင်းသင့်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျန်ကလေးတွေကိုက ပြန်မဖြေခိုင်းသင့်ဘူးပေါ့နော် ပြန်မဖြေခိုင်းသင့်ဘဲ အ(အောင်)အောင်ပေးသင့် တယ်လို့ အန်တီတော့ ထင်မြင်ယူဆတယ် ဟိုဟာလေ တစ်ပုဒ်ဖြေရင်တော့ မအောင်ဘူးပေါ့ကွယ် မအောင်သင့်တဲ့ လူတွေလည်း ပါလာမှာပေါ့နော်၊ ဒါပေမဲ့လည်း အန်တီတို့က ဒါကိုကြည့်လို့မရဘူးပေါ့။ ပြီးတော့ ပေးအောင်လိုက် ပြီးမှ သက်ဆိုင်ရာ တက္ကသိုလ်တွေက ဒီနှစ် ဒီကျောင်းသူကျောင်းသားတွေကို ဝင်ခွင့်(အ)တွက်ကို သီးသန့် ထက် ပြီးတော့ပေါ့နော် ဒီဝင်ခွင့်စာမေးပွဲတွေ လုပ်သင့်တယ် ဆေးတက္ကသိုလ်ဆိုလည်း ဆေးတက္ကသိုလ်ပေါ့၊ ကွန်ပျူတာတက္ကသိုလ်ဆိုလည်း ကွန်ပျူတာတက္ကသိုလ်၊ ဝိဇ္ဇာ ၊သိပွံဘာသာရပ်ဆိုင်ရာ သူတို့ဘာသာရပ်ဆိုင်ရာ ဝင်ခွင့်စာမေးပွဲလေးတွေ လုပ်လိုက်ခြင်းအားဖြင့်နော် ရှဥ့်လည်းလျောက်သာ ပျားလည်းဆွဲသာ ဖြစ်မယ်ပေါ့နော် အခုလိုမျိုး ဒီစာမေးပွဲကို ပြန်ဖြေရတယ်ဆိုတာ ဒီကလေးတွေ(အ)တွက်ကော၊ မိဘတွေ(အ)တွက်ကော ကျောင်း သား ၆၀၀၀၀ ကျော်အတွက်က အင်မတန်ကို ကြီးမားတဲ့ ဝန်ထုတ်ဝန်ပိုးကို ဖြစ်စေတယ်ပေါ့နော် နိုင်ငံတော်အစိုးရ အနေနဲ့က ဒီလိုဝန်ထုတ်ဝန်ပိုးတွေ ပေးမဲ့အစားပေါ့နော် ပြည်သူလူထုက ငလျင်ဒဏ် ခံစားလိုက်ရတဲ့ မိဘတွေ ရော ကလေးတွေရော နှစ်ဖက်စလုံးကို သက်သာခွင့်ပေးတဲ့ ဒီစာမေးပွဲတွေကို ဖြေခိုင်းမယ်ဆိုတာကို ဒါရုပ်သိမ်း သင့်တယ်ပေါ့နော် မဖြေခိုင်းသင့်ဘူး”ဟု ပြောသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေကြတဲ့ ကျောင်းသား/သူများကို တွေ့ရစဉ်
မန္တလေးတက္ကသိုလ်စာစစ် လုပ်ငန်းများ ဆောင်ရွက်နေစဥ် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က အင်အားပြင်း ငလျင် လှုပ်ခတ်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင် မီးလောင်ပျက်စီးသွားခဲ့သည်။
ထိုမီးလောင်မှုကြောင့် တက္ကသိုလ်စာမေးပွဲ အဖြေလွှာများဖြစ်သည့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေမှ ဖြေဆိုသူဦးရေ ၆၂,၉၅၄ ယောက်၊ အဖြေလွှာအုပ်ရေ ၃၇၆,၉၅၆ မီးလောင်ပျက်စီးသွားသည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ငလျင်ကြောင့် ပျက်စီးသွားသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်မှ ၂၁ ရက်နေ့ထိ ပိတ်ရက်မရှိ ပြန်လည် ဖြေဆိုခိုင်းမည်ဟု ထုတ်ပြန်ခဲ့သည်။
ယခုလိုမျိုး စာမေးပွဲ အဖြေလွှာ ပျက်စီးဆုံးရှုံးသွားသည့်ဒေသမှ ကလေးများအား ချွင်းချက်အနေဖြင့် အ(အောင်) အောင် ပေးလိုက်မည်ဆိုပါက အမှတ်စာရင်း မထွက်သေးသော ကလေးများအတွက် စဥ်းစားရန်လိုကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ငလျင်ကြောင့် ပြိုကျတဲ့ ဝန်ထမ်းအိမ်ယာကို ကယ်ဆယ်ရေးလုပ်နေကြစဉ်
၎င်းက “အဲဒီဟာက နှစ်မျိုးသုံးသပ်ရမှာပေါ့ ပထမတစ်ခုက တစ်နိုင်ငံလုံးကျင်းပတဲ့ စာမေးပွဲဖြစ်တာပေါ့နော် အဲတာကြောင့်မို့ ဘေးဥပါဒ် ဖြစ်တဲ့နေရာက အခုလိုမျိုး ပျက်စီးဆုံးရှုံးသွားတဲ့အခါမှာ ပြန်ဖြေစရာမလိုဘူး ဆိုတာနဲ့ တွေးကြမှာပေါ့၊ အဲသလိုမျိုးတွေးရင် ယှဥ်ပြိုင်တဲ့နေရာတွေ စကားပြောရတော့မယ် ဥပမာ အထက်တန်း၊ ဆယ်တန်းပေါ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြစ်တယ်၊ အဲဒီရဲ့နောက်မှာ တက္ကသိုလ်အတည်ပြုတဲ့ ယှဥ်ပြိုင်တဲ့ တက္ကသိုလ်စာမေးပွဲ ရှိတာပေါ့။ အဲတော့ ဝင်ခွင့်စာမေးပွဲ တက္ကသိုလ်စာမေးပွဲကို အဓိကထားပြီးမှ ခုနအဖြေ မရ သေးတဲ့ ကလေးတွေကို စဥ်းစားမှာလားဆိုတဲ့ တစ်ခုနဲ့ စဥ်းစားဖို့လိုတာပေါ့ အဲဒီလိုမျိုးစဥ်းစားရင် တခြားဒေသက ကလေးတွေ ၊ခုနက အခင်းကျင်းဖြစ်တဲ့ ဒေသက ကလေးတွေ ဘာ၊ ဘယ်လိုဟာ တစ်ခုနဲ့ တက္ကသိုလ်ဝင်ခွင့်ပေး ရမှာလဲဆိုတဲ့ ဥစ္စာတစ်ခု အစိုးရမှာ စဥ်းစားဖို့လိုတယ်ပေါ့နော် ဒီဥစ္စာကို စဥ်းစားဖို့လိုမယ်”ဟု ပြောသည်။
၂၀၂၄ - ၂၀၂၅ ခုနှစ် ပညာသင်နှစ်၏ နိုင်ငံခြားစာစစ်ဌာန အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ် ဝင်စာမေးပွဲ ဖြေဆိုသူဦးရေ ၂၀၈,၈၈၉ ရှိသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ငလျင်ဘေးဒဏ် ခံစားနေရသည့် ကျောင်းသား/သူ မိဘများအတွက် တစ်ပူပေါ် တစ်ပူဆင့်ပြီး မလိုလားအပ်သော ဝန်ထုတ်ဝန်ပိုး ဖြစ်စေသည်ဟုလည်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် လူပေါင်း ၄၀၀၀ ဝန်းကျင် သေဆုံးကာ ၅၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁၀၀ ကျော် ပျောက်ဆုံးနေသည်။
ထို့ပြင် လူနေအိမ်များ၊ စာသင်ကျောင်းများ၊ အစိုးရရုံးများ၊ ဝန်ထမ်းအိမ်ယာများ၊ ဟိုတယ်များ၊ ဘာသာရေး အဆောက်အအုံများ၊ လမ်းတံတားများ ပြိုကျပျက်စီးခဲ့၍ ပြန်လည်ထူထောင်ရေး လုပ်ရန် အရေးတကြီး လိုအပ် နေသည်။