- By CNI
- Category: ဆောင်းပါး
- Hits: 61
CNI Sport Article
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄
၁၉၃၀ ခုနှစ်ကနေ စတင်ပြီး ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထူးခြားတဲ့ မှတ်တမ်းတစ်ခုတော့ ရှိပါတယ်။
ဒါကတော့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို နိုင်ငံခြားသား နည်းပြတွေ ရယူဖူးခြင်း မရှိသေးဘဲ ကိုယ့်နိုင်ငံသားတွေရဲ့ ဦးဆောင်မှုနဲ့ ဘရာဇီးလ်၊ ဂျာမနီ၊ အီတလီအစရှိတဲ့ အသင်းတွေဟာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
၁၉၃၀ ကနေ ၂၀၂၂ ခုနှစ်အထိ ကျင်းပပြီးစီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂၂ ကြိမ်စလုံးမှာ ဒီမှတ်တမ်းတစ်ခုက ဆက်ပြီး တည်ရှိနေတာပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ အသင်းက ၈ သင်းသာရှိသေးပြီး ဒီအသင်းတွေကတော့ ဘရာဇီးလ်၊ အီတလီ၊ ဂျာမနီ၊ အာဂျင်တီးနား၊ ပြင်သစ်၊ ဥရုဂွေး၊ အင်္ဂလန်နဲ့ စပိန်အသင်းတို့ ဖြစ်ပါတယ်။
ဒီအသင်းတွေဟာ သူတို့ လူမျိုးနည်းပြ ကိုင်တွယ်တဲ့ လက်အောက်မှာ ချန်ပီယံဆုကို ရခဲ့ကြတာပါ။

ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ နိုင်ငံတွေကို တွေ့ရစဉ်
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ နာမည်ကြီး နိုင်ငံတချို့ဟာ နိုင်ငံခြားသား နည်းပြတွေကို ခန့်အပ်ပြီး ဝင်ရောက် ယှဉ်ပြိုင်နေတာကြောင့် ဒီမှတ်တမ်းတစ်ခု အဆုံးသတ် သွားမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
အချက်အလက်တွေအရ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ၄၈ နိုင်ငံမှာ ၂၆ နိုင်ငံဟာ နိုင်ငံခြား သား နည်းပြတွေရဲ့ ဦးဆောင်မှုနဲ့ ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
ပူးတွဲအိမ်ရှင်တွေဖြစ်တဲ့ ကနေဒါအသင်းက အမေရိကန်လူမျိုး ဂျက်ဆီမာ့ရှ်၊ အမေရိကန်အသင်းက အာဂျင်တီးနား လူမျိုး ပိုချက်တီနိုကို နည်းပြအဖြစ် ခန့်အပ်ထားတာပါ။
တူရကီအသင်းက အီတလီလူမျိုး မွန်တယ်လား၊ ဥရုဂွေးအသင်းက အာဂျင်တီးနားလူမျိုး ဘီယဲလ်ဆာ၊ ဘယ်လ်ဂျီယံအသင်းက ပြင်သစ်လူမျိုး ရူဒီဂါစီယာကို ခန့်အပ်ထားပါတယ်။
ဘရာဇီးလ်အသင်းကတော့ သူတို့ရဲ့သမိုင်းမှာ ပထမဆုံး နိုင်ငံခြားသား နည်းပြအဖြစ် အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီကို ခန့်အပ်ထားပြီး ကမ္ဘာ့ဖလားချန်ပီယံဆုကို ၆ ကြိမ်မြောက် ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါ တယ်။

အင်္ဂလန်အသင်းကို တွေ့ရစဉ်
ပေါ်တူဂီအသင်းက စပိန်လူမျိုးနည်းပြ ရော်ဘတ်တို မာတီနက်ဇ်နဲ့ အင်္ဂလန်အသင်းက ဂျာမန်လူမျိုးနည်းပြ တူချယ်လ်ကို နည်းပြအဖြစ် ခန့်အပ်ထားပြီး ကမ္ဘာ့ဖလား ချန်ပီယံဆု ကိုင်မြှောက်နိုင်ဖို့ ရည်မှန်းနေတာပါ။
လက်ရှိ ချန်ပီယံ အာဂျင်တီးနား၊ စပိန်၊ ပြင်သစ်နဲ့ ဂျာမနီအသင်းတို့က သူတို့ရဲ့ လူမျိုး ဦးဆောင်မှုနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေအဖြစ် စပိန်၊ ပြင်သစ်၊ အင်္ဂလန်၊ ပေါ်တူဂီ၊ ဘရာဇီးလ် နဲ့ အာဂျင်တီးနားအသင်းတို့က ဦးဆောင်နေတာပါ။
အင်္ဂလန်၊ ပေါ်တူဂီနဲ့ ဘရာဇီးလ်အသင်းတို့ထဲက တစ်သင်းသင်းက ကမ္ဘာ့ဖလား ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့ ရင် နိုင်ငံခြားသားနည်းပြတွေ ကမ္ဘာ့ဖလားမရဖူးတဲ့ အရာတစ်ခု အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ၂၃ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထူးခြားတဲ့ မှတ်တမ်းတစ်ခု အဆုံးသတ်သွားမလား ဒါမှမဟုတ် ဒီမှတ်တမ်း ဆက်ပြီး တည်ရှိနေမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 219
CNI Article
၂၀၂၆ ခုနှစ်၊ ဇွန်လ ၆
နှစ်စဉ်နှစ်တိုင်း ရာနှင့်ချီသည့် လူငယ်များသည် မြေရှားသတ္တုများအကြောင်း လေ့လာသင်ယူရန် တရုတ်နိုင်ငံ မြောက်ပိုင်း ဒေသများသို့ သွားရောက်ကြပြီး အင်းနားမွန်ဂိုလီးယား သိပ္ပံနှင့် နည်းပညာတက္ကသိုလ် (Inner Mongolia University of Science and Technology) ကဲ့သို့သော ကျောင်းများတွင် ပညာသင်ကြားနေကြသည်။
ထိုလူငယ်များသည် ကျောင်းပြီးသည့် အခါတွင် ပေါင်ထို (Baotou) မြို့ရှိ နိုင်ငံပိုင် သတ္တုသန့်စင်ရေးစက်ရုံများနှင့် သုတေသန အဖွဲ့အစည်းများတွင် တိုက်ရိုက် ဝင်ရောက်လုပ်ကိုင်ကြသည်။
ထိုစက်ရုံများနှင့် သုတေသနအဖွဲ့များတွင် ဝင်ရောက် လုပ်ကိုင်ခြင်း မရှိသည့် ဘွဲ့ရလူငယ်များ အနေဖြင့် ကမ္ဘာ့အကြီးဆုံး မြေရှားသတ္တု မိုင်းတွင်းနှင့် ၉၃ မိုင် (၁၅၀ ကီလိုမီတာခန့်) မျှသာ ကွာဝေးသော ပေါင်ထို ရှားပါးမြေဒြပ်စင် သုတေသနအဖွဲ့ (Baotou Rare Earth Research Institute) တွင် ဆက်လက် ပညာသင်ကြား ကြသည်။
တရုတ်နိုင်ငံတွင် နောက်ဆုံးပေါ် သုတေသနများ ပြုလုပ်နေသည့် အထူးပြုဓာတ်ခွဲခန်း ၄၀ ကျော်နှင့် တက္ကသိုလ် ၁၁ ခုထက်မနည်း ရှိနေပြီး ထိုအဖွဲ့အစည်းများသည် နှစ်စဉ် မြေရှားသတ္တုဆိုင်ရာ ဘွဲ့ဒီဂရီသင်တန်းများအတွက် ကျောင်းသားဦးရေ ၅၀၀ ကျော်ကို မွေးထုတ်ပေးနေသည်။
တရုတ်တက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းများသည် စက်မှုလုပ်ငန်းကဏ္ဍ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် အဓိကဦးတည်ထားပြီး ကျောင်းသားများသည် ဘွဲ့မရမီကတည်းက ကုမ္ပဏီများနှင့်အတူ လက်တွေ့ သုတေသန စီမံကိန်းများကို လုပ်ဆောင်ခွင့် ရရှိကြသည်။
ထိုကဲ့သို့ ပညာရပ်ဆိုင်ရာ နယ်ပယ်နှင့် စက်မှုလုပ်ငန်းကြား အနီးကပ် ပူးပေါင်းမှုကြောင့် တရုတ်ကုမ္ပဏီများသည် ကုန်ကျစရိတ် သက်သာစွာဖြင့် လျင်မြန်စွာ ထုတ်လုပ်နိုင်သည်။

မြေရှားသတ္တု တည်ရှိရာနေရာများကို ပြသထားစဉ်
အနောက်နိုင်ငံများ၏ အခြေအနေနှင့် စိန်ခေါ်မှုများ
*********************************************
တစ်ချိန်က အနောက်နိုင်ငံများသည် မြေရှားသတ္တု သန့်စင်မှုကဏ္ဍကို လွှမ်းမိုးခဲ့သော်လည်း ၂၀ ရာစုနှောင်းပိုင်း တွင် ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့သည်။
အမေရိကန်အခြေစိုက် အဖွဲ့အစည်း အချို့သည် ၎င်းတို့၏ သင်ရိုးညွှန်းတမ်းများတွင် မြေရှားသတ္တုဆိုင်ရာ ဘာသာ ရပ်များကို ပိုမိုအာရုံစိုက် ထည့်သွင်း သင်ကြားလာကြပြီ ဖြစ်သော်လည်း၊ တရုတ်နိုင်ငံ ပြင်ပတွင် ထိုဘာသာရပ် အတွက် သီးသန့် ဘွဲ့ကြိုဒီဂရီ ပေးအပ်သည့် ကျောင်းမျိုးကို မတွေ့ရသေးကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်ကျောင်းသားများသည် သတ္တုတွင်းလုပ်ငန်းကို ညစ်ပတ်ပေရေပြီး ခေတ်နောက်ကျသော အလုပ်အဖြစ် ရှုမြင်သောကြောင့် စိတ်ဝင်စားမှု နည်းပါးကြသည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ်တွင် အမေရိကန်တစ်နိုင်ငံလုံး၌ သတ္တုတွင်းနှင့် သတ္တုဗေဒဆိုင်ရာ ဘွဲ့ရရှိသူ ၂၀၀ ကျော်သာ ရှိခဲ့သည်။
ထို့ကြောင့် အနောက်နိုင်ငံရှိ ကုမ္ပဏီများသည် ဘွဲ့ရလူငယ်များကို လုပ်ငန်းခွင်ဝင်နိုင်ရန် သုံးနှစ်ခန့် အချိန်ယူ သင်တန်းပေးရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် အနောက်နိုင်ငံ ခေါင်းဆောင်များကမူ မြေရှားသတ္တု ကဏ္ဍတွင် တရုတ်၏ချုပ်ကိုင်မှုကို ချိုးဖျက်နိုင်ရန် ရန်ပုံငွေများ ကတိပြုထားကြသည်။
အမေရိကန်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်တွင်း ထုတ်လုပ်မှု တိုးချဲ့ရန်နှင့် အလုပ်သမားများ၏ စွမ်းရည်မြှင့်တင် ရန် ဒေါ်လာဘီလျှံချီ ရင်းနှီးမြှုပ်နှံထားပြီး ကိုလိုရာဒို သတ္တုတွင်းကျောင်းသည် စွမ်းအင်ဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး အရေးပါသော တွင်းထွက်သတ္တုဆိုင်ရာ သုတေသန အဆောက်အအုံအသစ်များ တည်ဆောက်နေသည်။
အမေရိကန်လွှတ်တော်ကလည်း သတ္တုတွင်းပညာရေးအတွက် မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မည့် ဥပဒေကြမ်းကို စဉ်းစားလာခဲ့သည်။

မြေရှားသတ္တု တူးဖော်မှုကိုတွေ့ရစဉ်
ထုတ်လုပ်မှုအခက်အခဲနှင့် ပတ်ဝန်းကျင်ထိခိုက်မှု
*********************************************
မြေရှားသတ္တုများကို သန့်စင်ထုတ်လုပ်ရခြင်းသည် အလွန်ခက်ခဲပြီး ကုန်ကျစရိတ် အဆမတန် မြင့်မားသည်။
သတ္တုသန့်စင်စက်ရုံများသည် ဓာတုဗေဒဂုဏ်သတ္တိချင်း ဆင်တူနေသည့် မတူညီသော မြေရှားဒြပ်စင် ၁၇ မျိုးကို ကိုင်တွယ်ဖြေရှင်းကြရပြီး ထိုကဲ့သို့ ရှုပ်ထွေးလှသော အခြေအနေကြောင့် တစ်ခုနှင့်တစ်ခု သီးခြားခွဲထုတ်ရန် ခက်ခဲလှသည်။
ဥပမာအားဖြင့် လျှပ်စစ်ကားများတွင် အသုံးပြုရန် Neodymium နှင့် Praseodymium တို့ကို ထုတ်ယူရာတွင် ကမ္ဘာ့အပေါ်ယံ မြေလွှာတွင် ပိုမိုပေါများစွာ တွေ့ရှိရပြီး အသုံးဝင်မှုနည်းပါးသည့် Lanthanum နှင့် Cerium တို့ကို ပထမဦးစွာ ဖယ်ရှားပစ်ရန် လိုအပ်သည်။
ထိုသို့ သီးခြားခွဲထုတ်သည့် လုပ်ငန်းစဉ်တွင် အက်ဆစ်နှင့် အခြားသော ဓာတုပစ္စည်းများကို နည်းစနစ်တကျ အချိုးကျ ပေါင်းစပ်အသုံးပြုရသည်။
စနစ်တကျ သိမ်းဆည်းခြင်း မပြုပါက မြေဆီလွှာနှင့် ရေထုကို ပြင်းထန်စွာ ညစ်ညမ်းစေသည့် ဘေးထွက် ဆိုးကျိုးများ ရှိရုံသာမက အချို့ မြေရှားသတ္တုများနှင့် အလွန်အကျွံ ထိတွေ့မိပါက လူသားများ၏ အာရုံကြော စနစ်ကို ထိခိုက်ပျက်စီးစေနိုင်သည်။
လက်ရှိတွင် ပေါင်ထိုမြို့ရှိ အဓိက သိုလှောင်ရုံ ဧရိယာတစ်ဝိုက်တွင် မြေအောက်ရေ ညစ်ညမ်းမှုများရှိကြောင်း တရုတ်သုတေသီများက မှတ်တမ်းတင်ထားပြီး တရုတ်အစိုးရကလည်း သတ္တုသန့်စင်မှု လုပ်ငန်းများသည် ပတ်ဝန်းကျင်ကို ပြင်းထန်စွာ ပျက်စီးစေခဲ့ကြောင်း ဝန်ခံထားသည်။

မြေရှားသတ္တု တည်ရှိရာနေရာများကို ပြသထားစဉ်
ပထဝီနိုင်ငံရေးနှင့် နည်းပညာထိန်းချုပ်မှု
***********************************
တရုတ်နိုင်ငံ၏ မြေရှားသတ္တု စက်မှုလုပ်ငန်းသည် ၁၉၈၀ ပြည့်လွန်နှစ်များနှင့် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်းက အခွန်နှုန်းထား နည်းပါးခြင်းနှင့် လုပ်အားခ သက်သာသော လုပ်သားအင်အားထုကြောင့် အကျိုးအမြတ်များစွာ ရရှိခဲ့သည်။
လက်ရှိတွင်လည်း တရုတ်နိုင်ငံပိုင်ဘဏ်များက တွင်းထွက် သတ္တုတူးဖော်သည့် ကုမ္ပဏီများကို သက်သာသော စည်းကမ်းချက်ဖြင့် ငွေချေးပေးနေသည်။
တရုတ်နိုင်ငံပိုင် အမျိုးသားသုတေသနစင်တာက တီထွင်လိုက်သည့် နည်းပညာအသစ်ကြောင့် ထုတ်လုပ်မှု စွမ်းအား သိသိသာသာ မြင့်တက်လာပြီး စက်ရုံတစ်ခုတည်းကပင် တစ်နှစ်လျှင် အဆင့်မြင့်သန့်စင်ပြီး မြေရှား သတ္တု မက်ထရစ်တန်ချိန် ၅၀,၀၀၀ အထိ ထုတ်လုပ်နိုင်သည်။
ထိုပမာဏသည် တရုတ်နိုင်ငံပြင်ပရှိ အကြီးဆုံး ဩစတြေးလျ Lynas သတ္တုတွင်းကုမ္ပဏီ၏ ထုတ်လုပ်မှုထက် ငါးဆမျှ ပိုများသည်။
တရုတ်အစိုးရသည် ၎င်းတို့၏ ကျွမ်းကျင်မှု ပညာရပ်များကို ပြည်ပသို့ မပေါက်ကြားစေရန် တင်းကျပ်စွာ စောင့်ကြည့်နေပြီး နည်းပညာနှင့် စက်ပစ္စည်းများ ပြည်ပတင်ပို့မှုကို ကန့်သတ်ချက်များ တိုးမြှင့်ခဲ့သည်။
ထို့ပြင် စက်မှုလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် နိုင်ငံခြားသားများကြား ထိတွေ့ဆက်ဆံမှုကိုလည်း ကန့်သတ်ထားကာ နည်းပညာရှင်အချို့သည် ၎င်းတို့၏ နိုင်ငံကူး လက်မှတ်များကို အစိုးရထံ အပ်နှံထားရန် အမိန့်ပေးခြင်း ခံခဲ့ရကြောင်း ထိုအခြေအနေကို ကောင်းစွာသိရှိသည့် လူသုံးဦး၏ ပြောကြားချက်အရ သိရသည်။
တရုတ်တက္ကသိုလ်အချို့က ထုတ်ဝေထားပြီး ရိုက်တာက လေ့လာဆန်းစစ်ခဲ့သည့် သင်ရိုးညွှန်းတမ်းဆိုင်ရာ အချက် အလက်များအရလည်း ၎င်းတို့၏ ပညာရေးစနစ်သည် စက်မှုလုပ်ငန်းကဏ္ဍ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်ရန် အဓိက ဦးတည် အာရုံစိုက်ထားကြောင်း ပြသနေသည်။
အင်းနားမွန်ဂိုလီးယား တက္ကသိုလ်တွင် မြေရှားသတ္တု အင်ဂျင်နီယာဘာသာရပ်ကို အဓိကထား သင်ယူကြသည့် ကျောင်းသားများသည် မြေရှားဒြပ်စင် ဓာတုဗေဒနှင့် ရုပ်ဝတ္ထုသိပ္ပံ ကဲ့သို့သော ဘာသာရပ် သင်တန်းများတွင် သင်ကြားချိန်နာရီ ၁၀၀ ကျော်အထိ သင်ယူကြရသည်။
အခြေခံကျသော သင်ရိုးညွှန်းတမ်း တစ်ခုကိုမူ မြေရှားသတ္တု ဓာတ်ခွဲခန်းများ၊ ကုမ္ပဏီများနှင့် ပူးပေါင်း၍ သင်ကြား ပေးခြင်းဖြစ်ပြီး ကျောင်းသားများ အနေဖြင့် ကုမ္ပဏီများ၏ လုပ်ငန်းခွင်အတွင်းရှိ အဆောက်အအုံများ၌ ပို့ချချက် များကို သွားရောက် နားထောင်နိုင်သည်။
တရုတ်နိုင်ငံရှိ မြေရှားသတ္တု အင်ဂျင်နီယာဘာသာရပ်ဖြင့် ဘွဲ့လွန်တက်ရောက် နေသူများသည် အခြားနိုင်ငံများရှိ ကျောင်းသားများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့၏ သုတေသန နယ်ပယ်အပေါ် ပိုပြီးအာရုံစိုက်လေ့ရှိကြောင်း တရုတ် နိုင်ငံရှိ သုတေသနအဖွဲ့အစည်းများသို့ ဆယ်စုနှစ် နှစ်ခုနီးပါး သွားရောက် လေ့လာခဲ့သည့် ပေါ်တူဂီလူမျိုး ရူပဗေဒ ပညာရှင် လူဝစ် ကားလို့စ် (Luís Carlos) က ပြောကြားခဲ့သည်။
“ဒါပေမဲ့ လူတွေကို စက်ယန္တရားကြီးတစ်ခုရဲ့ အစိတ်အပိုင်း အသေးလေးတွေအဖြစ် ခံယူပြီး စဉ်းစားကြည့် မယ်ဆို ရင်တော့ ဒီလိုစနစ်မျိုးက စက်ယန္တရားကြီး တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့အတွက် အလွန်အကျိုး ရှိပါ တယ်” ဟု ၎င်းက ဆိုသည်။
ကမ္ဘာ့ထိပ်တန်း သတ္တုတွင်း ကျောင်းများထဲမှ တစ်ခုအဖြစ် လူသိများ အသိအမှတ်ပြုထားသည့် အမေရိကန်၏ ကိုလိုရာဒို သတ္တုတွင်း ကျောင်းသည်လည်း လက်ရှိ အစီအစဉ်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စွမ်းအင် ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ အရေးပါသော တွင်းထွက်သတ္တုဆိုင်ရာ သုတေသန အဆောက်အအုံ အသစ်နှစ်ခုကို တည်ဆောက်နေပြီး ၎င်းတို့အနက် ပထမဆုံး အဆောက်အအုံကို ၂၀၂၇ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ရန် မျှော်မှန်း ထားသည်။
ထို့ပြင် အဆိုပါကျောင်း၏ သတ္တုတွင်းနှင့် ဆက်စပ်သော ဘွဲ့ကြိုသင်တန်းများသည်လည်း မကြာသေးမီ နှစ်များ အတွင်းက ပိုမိုအာရုံစိုက်ခြင်း ခံလာရပြီး ကျောင်းသား တက်ရောက်မှုလည်း များပြားလာခဲ့သည်။
“အမေရိကန်ရဲ့ တွင်းထွက်သတ္တု လုပ်ငန်းကဏ္ဍ အနေနဲ့ ကျနော်တို့ဆီမှာ အရည်အချင်းရှိတဲ့သူတွေ လိုအပ်နေ တယ်ဆိုတဲ့အချက်နဲ့ သတ္တုတွင်းလုပ်ငန်းဟာ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အသက်မွေးဝမ်းကျောင်း လမ်းကြောင်း တစ်ခု ဖြစ်တယ်ဆိုတဲ့အချက်ကို ရှင်းရှင်းလင်းလင်း သိမြင်အောင် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်” ဟု အမေရိကန်သတ္တုကုမ္ပဏီတစ်ခုဖြစ်သည့် Valor ကုမ္ပဏီ၏ စီအီးအို ကုနားလ် ဆင်ဟား (Kunal Sinha) က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: ဆောင်းပါး
- Hits: 267
CNI International Article
၂၀၂၆ ခုနှစ်၊ မေလ ၃၀
ဗီယက်နမ်နှင့် ထိုင်းကြား ၁၉၇၆ ခုနှစ်တွင် စတင် ထူထောင်ခဲ့သည့် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ၅၀ ပြည့် မြောက်သည့် အချိန်မှာ ဗီယက်နမ်သမ္မတ တိုလမ် (To Lam) သည် မေလ ၂၇ ရက်မှ ၂၉ ရက်အထိ ထိုင်းနိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်။
ထိုခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေး၏ ထူးခြားသော ပြောင်းလဲတိုးတက်မှုကို ထင်ဟပ်စေရုံသာမက အာဆီယံ အနေဖြင့် အင်အားကြီး နိုင်ငံများအကြား ပြင်းထန်လာသော ပြိုင်ဆိုင်မှုများ၊ ဒေသတွင်း မတည်ငြိမ်မှုများနှင့် အသစ် ပေါ်ပေါက်လာသော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင် ကျော်လွှားနေရချိန်တွင် ထိုင်းနှင့် ဗီယက်နမ်ကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ အရေးပါမှု ပိုမိုမြင့်တက် လာနေခြင်းကိုပါ ထင်ဟပ် ပေါ်လွင်စေသည့် မှတ်တိုင်တစ်ခု ဖြစ်သည်။
အရှေ့တောင်အာရှတွင် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံကြား ဆက်ဆံရေးလောက် သိသိသာသာ ပြောင်းလဲတိုးတက် ခဲ့သည့် ဆက်ဆံရေးမျိုး မရှိသလောက် ရှားပါးလှသည်။
တစ်ချိန်က စစ်အေးတိုက်ပွဲ တင်းမာမှုများနှင့် ပထဝီနိုင်ငံရေးအရ ဗီယက်နမ်နှင့် ထိုင်းတို့သည် ပြိုင်ဘက်များ ဖြစ်ခဲ့သော်လည်း ယခုအခါတွင် နှစ်နိုင်ငံ ဆက်ဆံရေးကို တဖြည်းဖြည်း ပြုပြင်ပြောင်းလဲလာခဲ့ပြီး အာဆီယံ အတွင်း အရှိန်အဟုန် အကောင်းဆုံး မိတ်ဖက်ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့သည်။
၁၉၈၀ ပြည့်လွန်နှစ်များ၏ နောက်ပိုင်း ကာလတွင် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ချာတီချိုင်း ချွန်ဟာဗန် (Chatichai Choonhavan) က အင်ဒိုချိုင်းနားဒေသကို စစ်တလင်းအဖြစ်မှ ဈေးကွက်အဖြစ်သို့ ပြောင်းလဲရန် ဆိုသည့် မျှော်မှန်းချက်ကို ဖော်ဆောင်ခဲ့သည်။

ထိုင်း-ဗီယက်နမ် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ်ကို တွေ့ရစဉ်
ထိုမျှော်မှန်းချက်သည် ထိုင်းနိုင်ငံ အနေဖြင့် ဗီယက်နမ် အပါအဝင် အိမ်နီးချင်း နိုင်ငံများနှင့် ထိပ်တိုက် တွေ့ဆုံမှု များမှ ပြန်လည်သင့်မြတ်ရေးနှင့် ထိတွေ့ဆက်ဆံရေး လမ်းကြောင်းဆီသို့ ကူးပြောင်းမှုကို ပြသလိုက်သည့် ကြီးမားသော အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့သည်။
၁၉၇၆ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့တွင် သံတမန်ဆက်ဆံရေး စတင် ထူထောင်ခဲ့ပြီးကတည်းက ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သည် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆီသို့ တဖြည်းဖြည်းချင်း တိုးတက်လာခဲ့ပြီး၊ ၂၀၂၅ ခုနှစ်တွင်မူ ဆက်ဆံရေးကို ပြည့်စုံကျယ်ပြန့်သည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ မြှင့်တင် နိုင်ခဲ့သည်။
ယခုကဲ့သို့ နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်မြှင့်တင်လိုက်ခြင်းသည် အရှေ့တောင်အာရှ ကုန်းတွင်းပိုင်းဒေသ၏ အရေးအပါဆုံး စီးပွားရေး အင်အားကြီး နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် အကျိုးစီးပွားချင်း တူညီမှု၊ နိုင်ငံရေး အရ ယုံကြည်မှု ပိုမိုနက်ရှိုင်းလာမှုနှင့် စီးပွားရေးအရ အပြန်အလှန် ပိုမိုမှီခိုလာရမှုတို့ကို ထင်ဟပ်စေသည်။
လက်ရှိတွင် နှစ်နိုင်ငံလုံးသည် အရှိန်အဟုန် ပြင်းထန်လာသော ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုများနှင့် ဒေသတွင်း သဘောထား ကွဲလွဲမှုများကြားတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မရှိမဖြစ် လိုအပ်သည့် ဒေသတွင်း မိတ်ဖက်နိုင်ငံ များအဖြစ် ရှုမြင်လာကြပြီ ဖြစ်သည်။
ထိုင်းနှင့် ကမ္ဘောဒီးယားကြား နယ်စပ်တင်းမာမှုများ၊ အရှေ့တောင်အာရှ ကုန်းတွင်းပိုင်း ဒေသတစ်လွှား၌ လှုပ်ရှား နေသည့် ဆိုက်ဘာရာဇဝတ်မှု ကွန်ရက်များနှင့် ရေကြောင်း လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လာ ခြင်း အပါအဝင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် စိန်ခေါ်မှုများသည် ဒေသတွင်း ပိုမိုခိုင်မာသော ပူးပေါင်းညှိနှိုင်း မှုနှင့် နိုင်ငံရေးအရ ယုံကြည်မှု တည်ဆောက်ရန် လိုအပ်ကြောင်းကို မီးမောင်းထိုးပြသနေသည်။
ဗီယက်နမ်နှင့် ထိုင်း နိုင်ငံများအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် လုပ်ဆောင်ခြင်း သည် သံတမန်ရေးရာ ရွေးချယ်စရာ လမ်းကြောင်းတစ်ခု သက်သက် မဟုတ်တော့ဘဲ လက်တွေ့ကျသည့် မဟာဗျူဟာမြောက် မဖြစ်မနေ လိုအပ်ချက်တစ်ခု ဖြစ်လာနေပြီ ဖြစ်သည်။
နိုင်ငံရေးအရ ယုံကြည်မှုသည် နှစ်နိုင်ငံဆက်ဆံရေး၏ အခြေခံအုတ်မြစ်အဖြစ် ဆက်လက် ရှိနေသည်။

ထိုင်း-ဗီယက်နမ် ကုန်သွယ်ရေး သဘောတူညီခဲ့ကြစဉ်
နှစ်နိုင်ငံကြား ဆယ်စုနှစ်တစ်ခုကြာ အဆက်ပြတ်ခဲ့သည့် ပူးတွဲအစိုးရအဖွဲ့ အစည်းအဝေးကို ၂၀၂၅ ခုနှစ်တွင် ပြန်လည် စတင်နိုင်ခဲ့ခြင်းက ပူးပေါင်းဆောင်ရွက်မှုကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်ရန် နှစ်ဖက်စလုံး၏ ပြတ်သားသော သန္နိဋ္ဌာန်ကို ပြသလိုက်ခြင်း ဖြစ်သည်။
စီးပွားရေးအရကြည့်လျှင် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သည် အလွန်နက်ရှိုင်းစွာ ဆက်နွှယ်နေကြပြီ ဖြစ်သည်။
၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည် ဒေါ်လာ ၂၂ ဘီလျံကျော်အထိ ရှိခဲ့သဖြင့် ထိုင်းနိုင်ငံသည် အာဆီယံအတွင်း ဗီယက်နမ်၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့သည်။
ဗီယက်နမ်နိုင်ငံအတွင်း ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ၊ အထူးသဖြင့် စွမ်းအင်၊ လက်လီအရောင်း၊ ထောက်ပံ့ ပို့ဆောင်ရေး၊ စက်မှုဇုန်များနှင့် အစားအစာ ထုတ်လုပ်ရေး ကဏ္ဍတို့တွင် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
ဗီယက်နမ်သည် အရှေ့တောင်အာရှ၌ ဆွဲဆောင်မှုအရှိဆုံး ကုန်ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပန်းတိုင် တစ်ခုအဖြစ် ဆက်လက် ပေါ်ထွက်နေဆဲ ဖြစ်သည်။
ဗီယက်နမ်နိုင်ငံ၏ စက်မှုကဏ္ဍ ခေတ်မီဆန်းသစ်ရေး၊ ဒစ်ဂျစ်တယ်ကဏ္ဍ ကူးပြောင်းရေး ရည်မှန်းချက်များသည် ထိုင်းနိုင်ငံ၏ အမျိုးသားမဟာဗျူဟာ (၂၀၁၈-၂၀၃၇) နှင့် Thailand 4.0 အစီအစဉ်အောက်တွင် စီးပွားရေး ယှဉ်ပြိုင် နိုင်စွမ်းကို ပြန်လည်မြှင့်တင်ရန် ကြိုးပမ်းချက်များနှင့် တစ်ထပ်တည်း ကျနေသည်။
ပြန်ပြည့်မြဲစွမ်းအင်၊ ဒစ်ဂျစ်တယ် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ လျှပ်စစ်ကား (EV) များ၊ ထောက်ပံ့ ပို့ဆောင်ရေး ကွန်ရက် ချိတ်ဆက်မှုများနှင့် ထောက်ပံ့ရေးကွင်းဆက် ကြံ့ခိုင်မှုတို့သည် အနာဂတ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု၏ အဓိကမဏ္ဍိုင်များ ဖြစ်လာဖွယ်ရှိသည်။

ထိုင်းဝန်ကြီးချုပ် အနူတင်နဲ့ ဗီယက်နမ်သမ္မတ တိုလမ်ကို တွေ့ရစဉ်
တိုက်ရိုက် လေကြောင်းပျံသန်းမှု အရေအတွက် တိုးလာခြင်း၊ ကမ္ဘာလှည့် ခရီးသွားဝင်ရောက်မှု ကျယ်ပြန့်လာခြင်း နှင့် သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုများ ပိုမို ကောင်းမွန်လာခြင်းတို့က လူမှုအဖွဲ့အစည်းနှစ်ခုကို ပိုမိုနီးကပ် လာစေသည်။
အရေးကြီးသော အချက်မှာ ထိုင်းနှင့် ဗီယက်နမ်တို့သည် အာဆီယံ၏ ဗဟိုချက်ကျမှု (Asean centrality) ကို ထောက်ခံကြပြီး ဒေသတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းရန် ကြိုးပမ်းကြသည်။
အရှေ့တောင်အာရှရှိ အလတ်စား အင်အားကြီး နိုင်ငံများဖြစ်သည့် ထိုင်းနှင့် ဗီယက်နမ်တို့ကြား ပိုမိုနီးကပ်စွာ ပူးပေါင်းညှိနှိုင်းခြင်းက နှစ်နိုင်ငံ အကျိုးစီးပွားအတွက် သာမက အာဆီယံတစ်ခုလုံး၏ စုပေါင်းကြံ့ခိုင်မှုကိုလည်း အားကောင်းစေကြောင်း အသိအမှတ်ပြုထားကြသည်။
ဗီယက်နမ်က ၂၀၂၇ ခုနှစ်တွင် Apec ထိပ်သီး အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ပြင်ဆင်နေပြီး၊ ထိုင်းနိုင်ငံက ၂၀၂၈ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းရယူမည် ဖြစ်သဖြင့် ယခုကဲ့သို့ ပူးပေါင်းညှိနှိုင်းမှုသည် ပို၍ပင် အဓိပ္ပာယ်ရှိလာမည် ဖြစ်သည်။
ထို့ကြောင့် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ် အချိန်အခါသည် အောင်ပွဲခံရုံ သက်သက် အတွက် သာ မဟုတ်ဘဲ မဟာဗျူဟာမြောက် ပြန်လည် သုံးသပ်ရန်အတွက်ပါ အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်စေသည်။
အရှေ့တောင်အာရှဒေသအနေဖြင့် တည်ငြိမ်မှုပျက်ယွင်းလာသည့် ပထဝီနိုင်ငံရေး အခင်းအကျင်းကို ရင်ဆိုင် ကျော်လွှား နေရချိန်တွင် ဗီယက်နမ်-ထိုင်း ဆက်ဆံရေး ပိုမိုအားကောင်းလာခြင်းသည် နှစ်နိုင်ငံအတွက်သာ အကျိုးရှိစေမည် မဟုတ်ဘဲ၊ လာမည့် ဆယ်စုနှစ်များအတွင်း ပိုမိုကျယ်ပြန့်သော ဒေသကြီးတစ်ခုလုံးအတွက် အရေးပါသည့် တည်ငြိမ်မှုထိန်းသိမ်းရေး အင်အားစု တစ်ရပ်အဖြစ်လည်း အထောက်အကူ ပြုနိုင်မည် ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: ဆောင်းပါး
- Hits: 281
CNI Sport Article
၂၀၂၆ ခုနှစ်၊ မေလ ၃၁
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ခရစ္စတယ်ပဲလေ့စ်အသင်း နည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ သြစတြီးယားလူမျိုး နည်းပြ ဂလက်စ်နာဟာ ၂၀၂၆ ခုနှစ်၊ မေလမှာ အသင်းကနေ ထွက်ခွာခဲ့ပြီး ထွက်ခွာချိန်မှာ ဆုဖလား ၃ ခု ရယူ ပေးနိုင်ခဲ့ပါတယ်။
ဂန္ထဝင်နည်းပြကြီး ရွိုင်းဟော့ဆန်ရဲ့ နေရာမှာ အစားထိုးဝင်ခဲ့ရတဲ့ ဂလက်စ်နာဟာ ခရစ္စတယ်ပဲလေ့စ်အသင်း သမိုင်းမှာ ကြီးမားတဲ့ ဆုဖလား အောင်မြင်မှုတွေ ရယူပေးနိုင်မယ်လို့ ဘယ်သူကမှ ထင်ခဲ့မှာ မဟုတ်ပါဘူး။
ဒါပေမယ့် ဂလက်စ်နာဟာ ခရစ္စတယ်ပဲလေ့စ်အသင်း သမိုင်းမှာ ပထမဆုံး အဓိကဆုဖလားအဖြစ် FA ဖလား၊ ပထမဆုံး ကွန်မြူနတီဒိုင်းနဲ့ ပထမဆုံး ဥရောပဆုဖလားအဖြစ် ကွန်းဖရန့်လိဂ် ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂလက်စ်နာဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေထဲမှာ အဓိက ဆုဖလားတွေ ရယူပေးနိုင်ခဲ့တဲ့ နည်းပြဖြစ်ပြီး အသင်းရဲ့ ဂန္ထဝင်တစ်ဦးဖြစ်ခဲ့တာပါ။
ဂလက်စ်နာ မကိုင်တွယ် ခင်တုန်းက ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အမှတ်ပေးဇယား အလယ်မှာသာ ရာသီ အဆုံးသတ်နေရပြီး ဖလားပြိုင်ပွဲတွေမှာလည်း စောစီးစွာ ထွက်ခွာခဲ့ရတာပါ။

ဆုဖလား သုံးလုံးနဲ့ ဂလက်စ်နာကို တွေ့ရစဉ်
ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာတော့ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဆုဖလား ၃ ခုအထိ ရယူနိုင်ခဲ့ပြီး နောက်ထပ် ဥရောပပြိုင်ပွဲကိုလည်း ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။
ဂလက်စ်နာဟာ ဒီရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်း အကြီးအကဲတွေနဲ့ အဆင်မပြေဖြစ်ခဲ့ပြီး ရာထူးကနေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်ခဲ့သေးတာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ FA ဖလား ရယူပြီးနောက် ဥရောပ ဝင်ခွင့်ရခဲ့ပေမယ့် လုံလောက်တဲ့ ကစားသမား ဖြည့်တင်းမှု မလုပ်ပေးခဲ့သလို အီဇီကို အာဆင်နယ်အသင်းထံ ရောင်းချခဲ့တာပါ။
ဒါ့အပြင် အသင်းခေါင်းဆောင် ဂူဟီကို လီဗာပူးလ်အသင်းထံ ရောင်းချဖို့ လုပ်ခဲ့ပေမယ့် ဂလက်စ်နာရဲ့ ခြိမ်းခြောက် မှုကြောင့် ဒီအပြောင်းအရွှေ့ မဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဂူဟီကို ရာသီကုန်ချိန်မှာ အလွတ်နဲ့ဆုံးရှုံးရမှာ စိုးရိမ်တာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်စီးတီးအသင်းကို ရောင်းချခဲ့ပါတယ်။
ဂူဟီကို ရောင်းချမှုအပြီးမှာ ဂလက်စ်နာဟာ ဒီရာသီကုန်ရင် ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ဂလက်စ်နာကို တွေ့ရစဉ်
ဂလက်စ်နာဟာ မထွက်ခွာချိန်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အကောင်းဆုံး ကိုင်တွယ်ပေးခဲ့ပြီး ပထမဆုံး ဥရောပဆုဖလားနဲ့အတူ လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိစေခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်း ကွင်းလယ်လူ ဝါတန်က ဂလက်စ်နာဟာ အသင်းကို ကိုင်တွယ်ဖူးတဲ့ နည်းပြတွေထဲမှာ အကောင်းဆုံးနည်းပြ တစ်ဦးဖြစ်ပြီး သူဟာ ပရီးမီးယားလိဂ်မှာ ဆက်ရှိဖို့နဲ့ ဥရောပပြိုင်ပွဲကို ယှဉ်ပြိုင်ရုံတင် မဟုတ်ဘဲ အမြင့်ဆုံး အောင်မြင်မှုရရှိအောင် ကြိုးစားတဲ့သူဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဂလက်စ်နာရဲ့ နေရာကို အစားထိုး ဝင်ရောက်ရမယ့် ခရစ္စတယ်ပဲလေ့စ်အသင်း နည်းပြသစ်ဟာ ဖိအားဒဏ်တွေ၊ သူနဲ့နှိုင်းယှဉ်ပြီး ပြောတာတွေလည်း ခံရနိုင်တာ ဖြစ်ပါတယ်။
ဂလက်စ်နာအနေနဲ့ လာမယ့်ရာသီမှာ ဘယ်ထိပ်တန်း ကလပ်ကို ကိုင်တွယ်ပြီး အောင်မြင်မှုတွေ ရယူပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာဖြစ်သလို ခရစ္စတယ်ပဲလေ့စ်အသင်း နည်းပြသစ် ဖြစ်လာမယ့်သူဟာ သူ့လို ဆုဖလား ရယူပေးနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 344
CNI International Article
၂၀၂၆ ခုနှစ်၊ မေလ ၂၃
ထိုင်းနိုင်ငံသည် မြန်မာ့ပြည်တွင်းရေးမှ ထွက်ပေါ်လာသည့် မည်သည့် အကျိုးဆက်ကိုမဆို တိုက်ရိုက် ရင်ဆိုင် ရမည်ဖြစ်ပြီး ထိုအချက်က ထိုင်းနှင့် အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ကွဲပြားခြားနားနေသည့် အချက် ဖြစ်သည်။
ထိုင်းအစိုးရသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေသစ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး လိုက်လျောညီထွေ ဖြစ်အောင် ကြိုးပမ်းခဲ့သော်လည်း ထိုင်း၏ ပြည်တွင်း အခြေအနေမှာလည်း တည်ငြိမ်မှု မရှိခဲ့သဖြင့် ထင်သလောက် မလွယ်ကူလှပေ။
မငြိမ်မသက် ဖြစ်နေသော နယ်စပ်ဒေသ တစ်လျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်ဆံရေးအပြင် နှစ်နိုင်ငံကြား ဆက်ဆံရေးများသည်လည်း အလားတူ နိုင်ငံရေး မရေရာမှုများနှင့် ကြုံတွေ့ နေရသည်။
မကြာသေးမီက စိန်ခေါ်မှု အသစ်များနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ပေါ်ပေါက်လာခဲ့သဖြင့် ထိုင်းနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအပေါ် ထားရှိသည့် ၎င်း၏ မူဝါဒများနှင့် လုပ်ငန်းစဉ်များအပေါ် အလေးအနက် ပြန်လည် သုံးသပ်မှုများ ပြုလုပ်ရန် စဉ်းစားလာခဲ့သည်။
ယခုအခါ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) ဦးဆောင်သည့် အမတ်အများစု ပါဝင်သော အစိုးရအဖွဲ့ လက်ထက်တွင် ထိုင်း-မြန်မာ ဆက်ဆံရေးကို မြန်မာပြည်တွင်းနှင့် နယ်စပ်ဒေသများရှိ အပြောင်းအလဲ များကိုပါ ထည့်သွင်းစဉ်းစားပြီး ပိုမိုပြည့်စုံကျယ်ပြန့်သော နည်းလမ်းဖြင့် ပြန်လည်ချိန်ညှိ ပြင်ဆင်လျက်ရှိသည်။
ထိုကဲ့သို့ ပြင်ဆင်ရာတွင် အဓိကကျသည့် နယ်စပ်ရေးရာ အထူးအဖွဲ့ကို ဖွဲ့စည်းကာ လုံခြုံရေးယန္တရားအား နောက်ဆုံးအကြိမ် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ရေတိုတွင် ထိုင်းအစိုးရ၏ အဓိက ဦးစားပေး လုပ်ငန်းမှာ မြန်မာနိုင်ငံကို အာဆီယံ မိသားစုဝင်အဖြစ် ပြန်လည် ခေါ်ဆောင်လာရန်ဖြစ်သည်။
သို့သော် မြန်မာအာဏာပိုင်များအနေဖြင့် အာဆီယံသို့ ပြန်ဝင်ရေးအတွက် ထောက်ခံမှုကို ရယူရန် လုံလောက်စွာ လုပ်ဆောင်ထားခြင်း ရှိ၊ မရှိ ဆိုသည်မှာမူ မေးခွန်းထုတ်စရာဖြစ်သည်။
ဖိလစ်ပိုင်တွင် ကျင်းပခဲ့သည့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးအတွင်း အဖွဲ့ဝင်နိုင်ငံများအကြား သဘောထား ကွဲလွဲမှုများ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် အာဆီယံ၏ တားမြစ်ကန့်သတ်ထားမှုများနှင့် ဝင်ရောက် စွက်ဖက်မှုများအပေါ် မြန်မာနိုင်ငံက ပြင်းထန် စွာ ဝေဖန်ခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၊ စီဗူး (Cebu) မြို့တွင် ပြုလုပ်ခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် နောက် ဆက်တွဲ ထိပ်သီးအဆင့် အစည်းအဝေးများအတွင်း မြန်မာ့အရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး၊ အထူး သဖြင့် မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံမှုကို ပြန်လည်ချိန်ညှိရန် အဆိုပြုထားသည့် ထိုင်းနိုင်ငံ၏ အဆိုပြုချက်ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆတ် ဖူအန်ကတ်ကော (Sihasak Phuangketkeow) ကလည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများမှတဆင့် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲ ကျင်းပပြီးနောက် နေပြည်တော်၌ အစိုးရသစ်တစ်ရပ် တက်လာခဲ့ပြီ ဖြစ်သည်။
ထိုင်းနိုင်ငံသည် ဧပြီလအတွင်းက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် မစ္စတာသီဟဆတ်၏ ခရီးစဉ်အပြီးတွင် မြန်မာအစိုးရသစ်ကို တိတ်တဆိတ် အသိအမှတ်ပြုခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆတ်နဲ့ သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မြန်မာ့ရွေးကောက်ပွဲသည် ပြီးပြည့်စုံမှု မရှိသော်လည်း ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ များစွာသော စိန်ခေါ်မှုများကို ချက်ချင်း အရေးယူ ဆောင်ရွက်ရန် လိုအပ်နေသောကြောင့် ထိုင်းနိုင်ငံအနေဖြင့် လက်ရှိ မြန်မာအစိုးရနှင့်အတူ ဆက်လက်လက်တွဲ လျှောက်လှမ်းရမည်ဖြစ်ကြောင်း သီဟာဆက်က မကြာသေးမီက Daily News ကို ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ မပါဝင်ဘဲ အာဆီယံသည် ယခင်ကကဲ့သို့ ကြံ့ခိုင်တောင့်တင်းမည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံကို အာဆီယံမိသားစု အသိုက်အမြုံအတွင်းသို့ ပြန်လည်ခေါ်ဆောင်လာခြင်းက အာဆီယံကို ပိုမိုခိုင်မာ စေရုံသာမက အာဆီယံ၏ ဗဟိုချက်ကျမှုကိုလည်း ပိုမိုအားကောင်းလာစေလိမ့်မည်ဟု ထိုင်းနိုင်ငံက ယုံကြည်ထား သည်။
ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ ရွေးကောက်ပွဲအလွန် အစိုးရသစ်ကို လျင်မြန်စွာ အသိအမှတ် ပြုလိုက်ခြင်းမှာ ကျားဖြန့်ဂိုဏ်းများနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများမှအစ လေထုညစ်ညမ်းမှုနှင့် ကုန်သွယ်ရေး ပြတ်တောက်မှု များအဆုံး၊ နယ်စပ်ပြဿနာများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသောကြောင့် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် မြန်မာအစိုးရနှင့် ပြန်လည် ထိတွေ့ဆက်ဆံလိုသည့် ဆန္ဒကို ပေါ်လွင်စေခဲ့သည်။
အဆိုးရွားဆုံးမှာ လွန်ခဲ့သည့် ငါးနှစ်တာ ကာလအတွင်း ထိုင်းနယ်စပ်နှင့် ထိစပ်နေသည့် အချို့သော ဒေသများ သည် တရားဥပဒေစိုးမိုးမှုမရှိသည့် နယ်မြေများ ဖြစ်လာခဲ့ပြီး၊ ထိုဒေသများတွင် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်း များက ကျားဖြန့်ဂိုဏ်းများ၊ မူးယစ်ဆေးဝါးများ၊ တရားမဝင် သစ်ခုတ်ခြင်းနှင့် သတ္တုတူးဖော်ခြင်း အပါအဝင် တရားမဝင် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေကြခြင်း ဖြစ်သည်။
လက်ရှိတွင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေမှာလည်း မတည်မငြိမ် ဖြစ်နေသော်လည်း ထိုင်းနိုင်ငံအတွင်း ခိုလှုံနေကြသည့် မြန်မာပြည်သူ ၆ သန်းကျော် ရှိနေခြင်းကြောင့် အစိုးရအနေဖြင့် ထိုင်း-မြန်မာ ပြဿနာများကို အရေးပေါ် ကိစ္စရပ်များအဖြစ် ဦးစားပေး လုပ်ဆောင်နေသည်။
ထိုင်းတွင် ခိုလှုံနေသည့် မြန်မာပြည်သူများအနက် လူဦးရေ ၂ ဒသမ ၃ သန်းခန့်သာ တရားဝင် မှတ်ပုံတင်ထားပြီး ထိုင်းနိုင်ငံ၏ လူမှုဖူလုံရေး ကွန်ရက်အောက်သို့ ရောက်ရှိထားကြသည်။
ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံသည် အမျိုးသားပြန်လည်သင့်မြတ်ရေးဆီသို့ တဖြည်းဖြည်းချင်း ဦးတည်ရွေ့ လျား သွားနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

အာဆီယံ အစည်းအဝေးမှာ လွတ်နေတဲ့ မြန်မာကိုယ်စားလှယ်နေရာကို တွေ့ရစဉ်
မြန်မာအစိုးရနှင့်သာမက နယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသား လူနည်းစု အဖွဲ့အစည်းများနှင့်ပါ ဆက်သွယ်ရေး လမ်းကြောင်းများကို ဆက်လက် ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူများက အလေးအနက် ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံနှင့် အာဆီယံအကြား ဆက်ဆံရေး တိုးမြှင့်မှုသည် ကန့်သတ်ချက်များ (သို့မဟုတ်) သတ်မှတ်ချက်များ အပေါ်တွင်သာ မူတည်ကြောင်း ထိုင်းနိုင်ငံက ရှင်းလင်းစွာ ပြောကြားထားသည်။
အာဆီယံဥက္ကဋ္ဌကမူ မြန်မာခေါင်းဆောင်များ အနေဖြင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင် အထည်ဖော်ရန် ပိုမိုလုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့သည်။
စီဗူးမြို့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ အာဆီယံခေါင်းဆောင်အချို့က မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အလေးအနက်ထား အကောင်အထည်ဖော်သည်ကို မြင်တွေ့လိုကြသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက်က လာမည့် ဇူလိုင်လတွင် ကျင်းပမည့် အာဆီယံ နှစ်ပတ်လည် အစည်း အဝေး၏ သီးခြား အစီအစဉ်အဖြစ် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် အလွတ်သဘော အစည်းအဝေးတစ်ခု ပြုလုပ်ရန် အာဆီယံခေါင်းဆောင်များကို တိုက်တွန်းနှိုးဆော်ထားသည်။
သို့သော် အဆိုပြုထားသည့် အစည်းအဝေးကို လူကိုယ်တိုင် တွေ့ဆုံမည်လော သို့မဟုတ် ဗွီဒီယိုဆက်သွယ်မှုဖြင့် ပြုလုပ်မည်လော ဆိုသည်ကိုမူ အာဆီယံဘက်က ဆုံးဖြတ်ရခြင်း မရှိသေးပေ။
ဇွန်လ ၁၇ ရက်မှ ၁၉ ရက်အထိ ရုရှားနိုင်ငံ၊ ကာဇန် (Kazan) မြို့၌ ရုရှားနှင့် အာဆီယံကြား ဆွေးနွေးဖက်အဖြစ် ထိတွေ့ဆက်ဆံမှု ၃၅ နှစ်ပြည့် အထိမ်းအမှတ်ကို ကျင်းပရန်ရှိနေသဖြင့် ထိုအခြေအနေသည် အခြားသော သံတမန်ရေးရာ စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်သည်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) သည် မြန်မာနိုင်ငံ၏ သမ္မတဦးမင်းအောင်လှိုင် အပါအဝင် အဖွဲ့ဝင် ၁၁ နိုင်ငံစလုံးထံ ဖိတ်ကြားစာများ ပေးပို့ထားကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
ထိုအခြေအနေသည် အာဆီယံခေါင်းဆောင် အများအပြား တက်ရောက်မည့် အရေးအပေါ် သက်ရောက်မှု ရှိလာနိုင်သည်။
ထိုင်း-မြန်မာနယ်စပ်သည် ထိုင်းနိုင်ငံ၏ နယ်စပ်လုံခြုံရေးဆိုင်ရာ မဟာဗျူဟာတွင် အားအနည်းဆုံး အစိတ် အပိုင်းအဖြစ် ရှိနေဆဲဖြစ်သည်။
ထိုင်း-မြန်မာ ဆက်ဆံရေးသည် ပိုမိုရင်းနှီးပြီး ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာသည်နှင့်အမျှ တစ်ဖက်တွင်လည်း ကီလိုမီတာ ၂၄၀၁ ရှည်လျားသော နယ်စပ်တစ်လျှောက်ရှိ အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် မကြာသေးမီ လများအတွင်း ပိုမိုအတင့်ရဲလာကြသည်။
ထို့ကြောင့် မြန်မာအစိုးရအနေဖြင့် ထိတွေ့ဆက်ဆံမှုဆိုင်ရာ တိကျပြတ်သားသော မူဝါဒတစ်ရပ်ကို ရှာဖွေနေ ချိန်တွင် ထိုင်းနိုင်ငံသည် ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအားလုံး ပါဝင်သည့် ပြည့်စုံကျယ်ပြန့်သော ဆွေးနွေးပွဲများ မရှိပါက နိုင်ငံရေးအရ အဖြေရှာနိုင်ရန် ခက်ခဲနေဦးမည် ဖြစ်သည်။
မြန်မာအစိုးရက ပဋိပက္ခဖြစ်ပွားနေသော တိုင်းရင်းသားအဖွဲ့အစည်း အားလုံးကို ဇူလိုင်လ ၃၁ ရက် နောက်ဆုံး ထားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရန် ကမ်းလှမ်းထားသော်လည်း ယခုအချိန်အထိ မည်သည့် အဖွဲ့ အစည်းကမျှ ရှေ့ထွက်လာခြင်း မရှိသေးပေ။
၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့သာ ပါဝင် လက်မှတ်ရေးထိုးခဲ့သည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကဲ့သို့သော အဓိက လက်နက်ကိုင်အဖွဲ့ကြီးများက လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့ကြသည်။
အခြားသော လက်နက်ကိုင်အဖွဲ့ငယ်များကလည်း တပ်မတော်နှင့် ဆက်လက် တိုက်ပွဲဖြစ်ပွားနေပြီး၊ တပ်မတော် ဘက်က နယ်မြေ ပိုမိုစိုးမိုးနိုင်ရေးနှင့် လုံခြုံရေးဆိုင်ရာ အသာစီး ရရှိစေရေးအတွက် လေကြောင်း တိုက်ခိုက် မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခဲ့သည်။
ထိုင်းအစိုးရသည် မြန်မာ့ပဋိပက္ခတွင် ပါဝင်ပတ်သက် နေသူများအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက် အောင် စီစဉ်ဆောင်ရွက်ပေးရန် ကမ်းလှမ်းထားသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ မားကို့စ်နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်ကို တွေ့ရစဉ်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် အများအပြားကမူ ၎င်းတို့၏ လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုထားကြသည်။
ထိုင်းနိုင်ငံ၏ အဆိုပြုချက်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများထံမှ ပိုမိုကျယ်ပြန့်သော ထောက်ခံမှုရရှိရန် အလွန်အရေး ကြီးသည်။
သို့မဟုတ်ပါက အာဆီယံနှင့် နေပြည်တော်ကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံ၏ ကြိုးပမ်း အားထုတ်မှုများသည် ပျက်ပြားသွားနိုင်ဖွယ် ရှိနေသည်။
အာဆီယံ၏ လာမည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီ မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ကြားဝင်စေ့စပ် ညှိနှိုင်းမှုများ ပိုမိုအရှိန်အဟုန် မြင့်တက်လာမည် ဖြစ်သည်။
အာဆီယံအနေဖြင့် မြန်မာနိုင်ငံအား အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပိုမိုပေးအပ်ခွင့်ပြုရန်၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်နှင့် ဘက်စုံပါဝင်နိုင်သော ဆွေးနွေးပွဲများကို ဆက်လက် လုပ်ဆောင်ရန် အစဉ်တစိုက် တောင်းဆိုခဲ့သည်။
လက်ရှိတွင် နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှတ်ပေးခဲ့လျှင်မူ မြန်မာ အစိုးရအတွက် အလွန်အကျိုးရှိစေမည့် အခွင့်အလမ်းတစ်ရပ် ဖြစ်လာပေလိမ့်မည်။
၂၀၂၆ ခုနှစ်၊ ဧပြီလတွင် သမ္မတရာထူးကို ရယူပြီးနောက် လွှတ်တော်သို့ ပြောကြားခဲ့သည့် ၎င်း၏ ပထမဦးဆုံး မိန့်ခွန်းတွင် သမ္မတဦးမင်းအောင်လှိုင်က ၎င်းတို့အစိုးရအနေဖြင့် အာဆီယံနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လိုပြီး အာဆီယံမိသားစုဝင်အဖြစ် ပြန်လည်ဝင်ရောက်လိုကြောင်း လူသိရှင်ကြား အရိပ်အမြွက် ပြောကြားခဲ့သည်။
သို့သော် အာဆီယံ-မြန်မာ ဆက်ဆံရေး တိုးတက်လာမည့် လမ်းစမှာ ပိုမိုကျဉ်းမြောင်းလာပြီဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် သက်တမ်းအတွင်း မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အစည်း အတွင်း ၎င်း၏ ထိုင်ခုံနေရာကို ပြန်လည် မရယူနိုင်ခဲ့ပါက ပြန်လည်ပူးပေါင်းနိုင်မည့် မျှော်လင့်ချက်မှာ လုံးဝ ပျက်သုဉ်းသွားနိုင်ခြေရှိနေသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: ဆောင်းပါး
- Hits: 328
CNI Sport Article
၂၀၂၆ ခုနှစ်၊ မေလ ၂၂
စပိန်လူမျိုးနည်းပြ အူနှိုင်းအမ်မရီဟာ အက်စတွန်ဗီလာအသင်းကို ယူရိုပါလိဂ်ဖလား ရယူပေးပြီး နှစ်ပေါင်း ၃၀ ကြာ ဆုဖလားလက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်ပေးကာ ၄၄ နှစ်အကြာမှ ပထမဆုံး ဥရောပဆုဖလား ပြန်လည် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
အူနှိုင်းအမ်မရီဟာ အက်စတွန်ဗီလာအသင်းကို ဆုဖလား အောင်မြင်မှု ပြန်ပြီး ရယူနိုင်အောင် ကြီးကြီးမားမား ပြောင်းလဲမှု ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။
အူနှိုင်းအမ်မရီဟာ အက်စတွန်ဗီလာအသင်းကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှာ စတင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး ဒီအချိန် မှာ အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာ ရပ်တည်နေပြီး တန်းဆင်းဇုန်ထဲက အသင်းနဲ့ ၁ မှတ်သာ ကွာဟတာပါ။
အဲ့ဒါကြောင့် အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားနိုင်မယ့် အခြေအနေမှာ ရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အူနှိုင်းအမ်မရီဟာ အက်စတွန်ဗီလာအသင်းကို ရလဒ်ကောင်းတွေ ဆက်တိုက် ရယူပေးနိုင်ခဲ့ပြီး ရာသီကုန်ဆုံးချိန်မှာ အဆင့် ၇ နေရာနဲ့ အဆုံးသတ်အောင် ကိုင်တွယ်ပေးနိုင်ခဲ့တာပါ။
အူနှိုင်းအမ်မရီဟာ အက်စတွန်ဗီလာအသင်းကို အချိန်တိုအတွင်းမှာ တန်းဆင်းဇုန်နဲ့ နီးကပ်တဲ့ နေရာကနေ ဥရောပဝင်ခွင့်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာကြောင့် ချီးကျူးမှု အများအပြား ရရှိခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်း ယူရိုပါလိဂ်ဖလား ရရှိသွားစဉ်
၂၀၂၃-၂၄ ရာသီမှာတော့ အူနှိုင်းအမ်မရီဟာ အက်စတွန်ဗီလာအသင်းကို ရာသီ အပြည့်အဝ ကိုင်တွယ်ခွင့်ရတဲ့ အတွက် ပိုပြီးကောင်းတဲ့ ရလဒ်တွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။
အက်စတွန်ဗီလာအသင်းဟာ ဥရောပပြိုင်ပွဲဖြစ်တဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၄ နေရာ ရပ်တည်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။
ဒါဟာ အက်စတွန်ဗီလာအသင်းအတွက် ၁၉၈၂-၈၃ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရခဲ့တာပါ။
အူနှိုင်းအမ်မရီ လက်ထက်မှာ ဥရောပရဲ့ အမြင့်ဆုံးပြိုင်ပွဲကို ပြန်ပြီးယှဉ်ပြိုင်ခဲ့ရတဲ့ အက်စတွန်ဗီလာအသင်းဟာ ကွာတားဖိုင်နယ်အထိ တက်နိုင်ခဲ့ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ PSG အသင်းကို အရေးနိမ့်ခဲ့တာပါ။
၂၀၂၄-၂၅ ရာသီမှာ အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၆ နေရာ ရပ်တည်ခဲ့ပြီး FA ဖလား ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ ရောက်ခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ နည်းပြ အူနှိုင်းအမ်မရီ လက်ထက် ဒီရာသီမှာတော့ ပိုမိုကောင်းမွန်လာခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု ပြေးလမ်းကြောင်းထဲ ရောက်ခဲ့သလို ပြိုင်ပွဲစုံ ၁၁ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင် ခဲ့တာပါ။
အူနှိုင်းအမ်မရီကလည်း အက်စတွန်ဗီလာအသင်း နည်းပြဘဝမှာ ပွဲပေါင်း ၁၀၀ နိုင်ပွဲရခဲ့တဲ့ စံချိန်မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်းကို တွေ့ရစဉ်
အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ် ရာသီမကုန်မီမှာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူနိုင်ခဲ့ သလို ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဖရိုင်းဘတ်အသင်းကို အနိုင်ရပြီး နှစ်ပေါင်းများစွာကြာ ဆုဖလားနဲ့ဝေးကွာနေ တာကို အဆုံးသတ်နိုင်ခဲ့တာပါ။
နည်းပြအူနှိုင်းအမ်မရီဟာ အက်စတွန်ဗီလာအသင်းကို ဆုဖလား ရယူနိုင်တဲ့ အသင်းဖြစ်အောင် ပြောင်းလဲပေးခဲ့ သလို သူကိုယ်တိုင်လည်း ယူရိုပါလိဂ်ဘုရင်ဘွဲ့ကို ရယူနိုင်ခဲ့ပါတယ်။
အူနှိုင်းအမ်မရီဟာ သူ့ရဲ့နည်းပြဘဝမှာ ယူရိုပါလိဂ် ချန်ပီယံဆုကို ၅ ကြိမ်အထိ ရယူနိုင်ခဲ့ပြီး ဒါက ယူရိုပါလိဂ် ပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ဘယ်နည်းပြထက်မဆို သာလွန်ခဲ့တာပါ။
အူနှိုင်းအမ်မရီအနေနဲ့ လာမယ့်ရာသီမှာ အက်စတွန်ဗီလာအသင်းကို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု စိန်ခေါ်နိုင်အောင် ကိုင်တွယ်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 356
CNI International Article
၂၀၂၆ ခုနှစ်၊ မေလ ၁၆
မျက်မှောက်ခေတ် ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုများကို စစ်ရေး စွမ်းဆောင်ရည် သို့မဟုတ် စီးပွားရေး အင်အားဖြင့် သာမက အကြောင်းအရာ၊ သတင်းစကားများကို ပုံဖော်ဖန်တီးနိုင်စွမ်းဖြင့်ပါ ဖြေရှင်းလာကြပြီဖြစ်သည်။
ယနေ့ခေတ်တွင် နိုင်ငံများသည် သံတမန်ရေး၊ သတင်းအချက်အလက်နှင့် စိတ်ဓာတ်ရေးရာ ကဏ္ဍများအားလုံး၌ တစ်ပြိုင်နက်တည်း ပြိုင်ဆိုင်နေကြရသည်။
ပြည်သူလူထုနှင့် နိုင်ငံတကာ၏ အတွေးအမြင်၊ သဘောထားသည် တရားဝင်မှု (Legitimacy) အပေါ် အလွန် လွှမ်းမိုးလာနိုင်သည်။
ယခုကဲ့သို့ ပြောင်းလဲလာသော အခြေအနေတွင် သတင်းအချက်အလက် စစ်ဆင်ရေးသည် မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုများနှင့် ထဲထဲဝင်ဝင် ပတ်သက်ဆက်နွှယ်လာခဲ့သည်။
မကြာသေးမီက ပါကစ္စတန်၊ အီရန်နိုင်ငံတို့နှင့် ပတ်သက်သည့် ဖြစ်စဉ်များအပြင် အရှေ့အလယ်ပိုင်းနှင့် တောင်အာရှ တစ်ခွင်တွင် ပေါ်ပေါက်လာနေသော သံတမန်ရေးရာ အခင်းအကျင်း အပြောင်းအလဲများကို နားလည် သဘောပေါက်ရန် အရေးကြီးသည်။
လူတစ်ဦးချင်းစီအလိုက် ကြည့်မည်ဆိုပါက ယခုဖြစ်ရပ်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်မှု မရှိသယောင် ထင်ရနိုင်သည်။
သို့သော် အားလုံးကို ခြုံငုံကြည့်လိုက်ပါက အနောက်နိုင်ငံများ ဦးဆောင်သည့် မူဘောင်များ၏ အပြင်ဘက်တွင် အခြားရွေးချယ်စရာ သံတမန်ရေးရာ အစီအမံများက အရေးပါလာသည့် အခါမျိုးတွင် သတင်းစကားများဖြင့် ဖိအားပေးမှုသည် ပိုမို ပြင်းထန်လာတတ်ကြောင်းကို ပြသနေသည်။
ဖြစ်စဉ်များကို အစီအစဉ်အတိုင်း သုံးသပ်ရမည်ဆိုပါက အလွန်မှတ်သားစရာ ကောင်းလှသည်။

အီရန်နဲ့အမေရိကန် ဆွေးနွေးပွဲ ပါကစ္စတန်မှာ ကျင်းပရန် ပြင်ဆင်နေစဉ်
ပါကစ္စတန်နိုင်ငံ၏ နူးရ်ခန်း လေတပ်အခြေစိုက်စခန်း (Nur Khan Airbase) တွင် အီရန်လေယာဉ်များ ရပ်နားထား သည်ဟူသော စွပ်စွဲချက်များကို CBS News သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။
ထိုစွပ်စွဲချက်များကို အချိန်နှင့်တစ်ပြေးညီ အတည်ပြုရန် ခက်ခဲနေချိန်တွင် ထိုသတင်းသည် အွန်လိုင်းပေါ်၌ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ထိုအချိန်နှင့် မရှေးမနှောင်းမှာပင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) က ပါကစ္စတန်သည် Bot farms ကွန်ရက်ဖြင့် လူမှုမီဒီယာများပေါ်တွင် အစ္စရေးဆန့်ကျင်ရေး အကြောင်းအရာများကို မြှင့်တင်ပေးနေသည့် အကောင့်တုများစွာဖြင့် လှုပ်ရှားနေကြောင်း အင်တာဗျူးတစ်ခု၌ စွပ်စွဲပြောဆိုခဲ့သည်။
Bot farms ဆိုသည်မှာ လူမှုကွန်ရက်များနှင့် အင်တာနက်ပေါ်တွင် လူကိုယ်တိုင် အသုံးပြုနေသကဲ့သို့ ဟန်ဆောင် ကာ အလိုအလျောက် လုပ်ဆောင်သော ဆော့ဖ်ဝဲများ သို့မဟုတ် ဖုန်း/ကွန်ပျူတာ အများအပြားကို ချိတ်ဆက်၍ စုပေါင်းအသုံးပြုသည့် စနစ်တစ်ခု ဖြစ်သည်။
မကြာမီ အချိန်အတွင်းမှာပင် အမေရိကန် အထက်လွှတ်တော် ကြားနာပွဲတစ်ခု၌ အမေရိကန် အထက်လွှတ်တော် အမတ် လင်းဆေး ဂရေဟမ် (Lindsey Graham)က အမေရိကန်နှင့် အီရန်ကြား ကြားဝင်စေ့စပ်ပေးနေသည့် ပါကစ္စတန်၏ အခန်းကဏ္ဍအပေါ် လူသိရှင်ကြား မေးခွန်းထုတ်ခဲ့သည်။
အိမ်ဖြူတော် သတင်းထောက် တစ်ဦးကလည်း အမေရိကန် အနေဖြင့် ပါကစ္စတန်၏ သံတမန်ရေးရာ အသုံးဝင်မှု ကို ပြန်လည်သုံးသပ်နေခြင်း ရှိ၊မရှိ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အား မေးမြန်းခဲ့သည်။
တစ်ချိန်တည်းမှာပင် ရိုက်တာသတင်းဌာနက ဆော်ဒီအာရေဗျသည် အီရန်နိုင်ငံအတွင်း လူသိရှင်ကြား ကြေညာ မထားသည့် တိုက်ခိုက်မှု အချို့ကို လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲထားသည့် သတင်းများကို ထုတ်ပြန်ခဲ့သည်။
ထိုသတင်းသည် ဒေသတွင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် ပထဝီနိုင်ငံရေးအရ ကြီးမားသော သက်ရောက် မှုများ ရှိလာနိုင်သည့် နောက်ထပ် ထုတ်ဖော်ချက် တစ်ခုလည်း ဖြစ်သည်။
ယခုဖြစ်စဉ်များအနက် မည်သည့် အချက်ကမှ စနစ်တကျ ပူးပေါင်း လုပ်ဆောင်ထားသည့် သတင်းမှား ဖြန့်ဝေမှု လမ်းကြောင်းတစ်ခု ရှိနေသည်ကို သီးခြားစီ ခွဲထုတ်ပြီး သက်သေမပြနိုင်ပေ။
လေးနက်သော ပထဝီနိုင်ငံရေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်ရာတွင် ခိုင်လုံသော သက်သေ အထောက် အထား မရှိဘဲ စိတ်မှန်း ဖြစ်နိုင်ခြေအဖြစ် ကောက်ချက်ချခြင်းကို သတိပြု ရှောင်ကြဉ်ရန် လိုအပ်သည်။
သို့သော် ကမ္ဘာ့နိုင်ငံရေးတွင် သတင်းစကားများကို ဟန်ချက်ညီညီ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာစေခြင်းသည် တစ်ခါတစ်ရံတွင် တရားဝင် ပူးပေါင်းဆောင်ရွက်မှုများကဲ့သို့ပင် ပထဝီနိုင်ငံရေး ရလဒ်များကို ထိရောက်စွာ ပုံဖော် ပေးနိုင်သည်။

ပါကစ္စတန် သတင်းဌာန တစ်ခုကို တွေ့ရစဉ်
¤ အခြားရွေးချယ်စရာ သံတမန်ရေးရာ မဟာမိတ်များ ပေါ်ထွက်လာခြင်း
မကြာသေးမီ နှစ်များအတွင်း ပါကစ္စတန်၊ တူရကီနှင့် ဆော်ဒီအာရေဗျကဲ့သို့သော နိုင်ငံများသည် ဒေသတွင်း တည်ငြိမ်ရေး၊ မဟာဗျူဟာမြောက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် သံတမန်ရေးအရ တင်းမာမှုများ လျှော့ချရေးတို့ အတွက် စိတ်ပါဝင်စားမှုများ ရှိနေကြောင်း ပြသလာခဲ့ကြသည်။
မည်သို့ပင်ဆိုစေ တရားဝင် မဟာမိတ်ဖွဲ့ခြင်းမျိုး မဟုတ်သလို ၎င်းတို့၏ အကျိုးစီးပွားများကလည်း အမြဲတမ်း ထပ်တူကျနေခြင်း မရှိပေ။
သို့သော် ထိုနိုင်ငံများသည် ပိုမို ကျယ်ပြန့်သော ဒေသတွင်း ပဋိပက္ခများ မကြီးထွား လာစေရန်နှင့် ပြိုင်ဘက် အင်အားစုများအကြား ဆက်သွယ်ရေး လမ်းကြောင်းများ ဆက်လက် ရှိနေစေရန်အတွက် ကြားဝင်စေ့စပ် သူများအဖြစ် ဆောင်ရွက်လာကြသည်။
ယခုကဲ့သို့ ပြောင်းလဲတိုးတက်လာသော သံတမန်ရေးရာ ဆုံမှတ်သည် နိုင်ငံတကာစနစ်အတွင်း ပိုမိုကျယ်ပြန့်သော အသွင်ကူးပြောင်းမှုကို ထင်ဟပ်နေသည်။
ကမ္ဘာ့အာဏာ တည်ဆောက်ပုံမှာ ပိုမိုကွဲပြားလာသည်နှင့်အမျှ အလယ်အလတ် အဆင့်ရှိ အင်အားကြီးနိုင်ငံများ (Middle powers) သည် ပုံမှန် အစဉ်အလာဖြစ်သည့် ပထဝီနိုင်ငံရေး အုပ်စုများအပေါ် မှီခိုခြင်း မရှိတော့ဘဲ မိမိတို့ဘာသာ သီးခြားခွဲထွက်ပြီး စေ့စပ်ညှိနှိုင်းသည့် အခန်းကဏ္ဍကို ရယူလာကြသည်။
မကြာသေးမီက ဒေသတွင်း သံတမန်ရေးရာ လှုပ်ရှားမှုများသည် ထိုအပြောင်းအလဲကို ပုံဖော်ပြသနေသည်။
ဒေသတွင်း တင်းမာမှုများ မြင့်တက်နေသည့် ကာလများအတွင်း ဒေသတွင်း အလယ်အလတ်အဆင့်ရှိ အင်အား ကြီး နိုင်ငံများသည် အနောက်နိုင်ငံများ ဦးဆောင်သည့် သံတမန်ရေးရာ မူဘောင်ကို အားကိုးခြင်း မရှိဘဲ ရလဒ် များကို ကိုယ်တိုင်ပုံဖော်ရန် ကြိုးပမ်းလာခဲ့သည်။
အနောက်နိုင်ငံများ ဦးဆောင်သည့် သံတမန်ရေးရာ မူဘောင်အောက်မှ သီးခြား ခွဲထွက်လာသည့် အလယ်အလတ် အဆင့်ရှိ အင်အားကြီး နိုင်ငံများသည် ဆက်သွယ်ရေး လမ်းကြောင်းများကို ချောမွေ့အောင် ကူညီပေးခြင်းဖြင့် ဖြစ်စေ၊ ပြိုင်ဘက် အင်အားကြီး နိုင်ငံများအကြား ဆက်ဆံရေးကို ဟန်ချက်ညီအောင် ထိန်းညှိပေးခြင်းဖြင့်ဖြစ်စေ သို့မဟုတ် တံခါးပိတ် ဆွေးနွေးပွဲများမှတစ်ဆင့် တင်းမာမှု လျှော့ချရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုများကို အားပေး ခြင်းဖြင့်ဖြစ်စေ ကူညီပေးလာခဲ့ကြသည်။
ထိုကဲ့သို့ ပြောင်းလဲလာမှုသည် မဟာဗျူဟာမြောက် သက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။

CBS သတင်းဌာနကို Paramount Skydance ကုမ္ပဏီ စီအီးအို ဒေးဗစ် အယ်လီဆင်ကို တွေ့ရစဉ်
ဤနေရာတွင် သတင်းစကားများဖြင့် စစ်ဆင်ရေးသည် ပိုမို၍ အရေးပါလာခဲ့သည်။
အသစ်ပြောင်းလဲလာသည့် သံတမန်ရေးရာ အပြောင်းအလဲများကို တိုက်ရိုက် ဆန့်ကျင်ရန် နိုင်ငံရေးအရ ခက်ခဲ လာသည့်အခါ၊ ကြားဝင်စေ့စပ်ပေးသည့် နိုင်ငံများ၏ ယုံကြည်စိတ်ချရမှုကို ဖျက်ဆီးခြင်းသည် ပိုမို ထိရောက်သော မဟာဗျူဟာတစ်ခု ဖြစ်လာနိုင်သည်။
အကယ်၍ ကြားဝင် ဖျန်ဖြေပေးနေသည့် နိုင်ငံများကို ယုံကြည်စိတ်ချ၍ မရသူများ၊ လှည့်ဖြားတတ်သူများ သို့မဟုတ် ပြိုင်ဘက်များ၏ အစီအစဉ်များနှင့် တိတ်တဆိတ် ပူးပေါင်းနေသူများအဖြစ် သတင်းစကားများဖြင့် ပုံဖော်နိုင်ခဲ့ပါက ကြားဝင်ဖျန်ဖြေပေးသည့် နိုင်ငံ၏ အခန်းကဏ္ဍကို ထိရောက်စွာ အားနည်းသွားစေနိုင်သည်။
ပါကစ္စတန်၏ ဖြစ်စဉ်သည် ထိုအချက်ကို ထင်ရှားစွာ ပုံဖော်ပြသနေသည်။
သမိုင်းကြောင်းအရ ကြည့်မည်ဆိုပါက ပါကစ္စတန်နိုင်ငံသည် ကျယ်ပြန့်သော ကမ္ဘာလုံးဆိုင်ရာ မီဒီယာလွှမ်းမိုးမှု နှင့် ဩဇာအာဏာရှိသည့် ဒေသတွင်း အင်အားကြီး နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နိုင်ငံတကာ သတင်းစကားများကို ထိရောက်စွာ ပုံဖော်ဖန်တီးနိုင်ရန် ရုန်းကန်ရလေ့ရှိသည်။
ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေး ပြောဆိုမှုများကို လွှမ်းမိုးနိုင်သည့် ခေတ်မီ ဆန်းပြားသော Bot farm စွမ်းရည်များ ပါကစ္စတန်တွင် ရုတ်တရက် ရှိနေပြီဆိုသည့် စွပ်စွဲချက်များသည် ပါကစ္စတန်၏ အရှိတရားနှင့်တော့ ကိုက်ညီမှု မရှိပေ။
ပါကစ္စတန်သည် အစိုးရ၏ ထုတ်ပြန်ချက်များကိုပင် နိုင်ငံတကာထံ စဉ်ဆက်မပြတ် ရောက်ရှိအောင် လုပ်ဆောင် ရန် အမြဲတမ်း အခက်အခဲရှိနေဖြင့် Bot farm စွမ်းဆောင်ရည် ရှိသည်ဆိုသည့်အချက်မှာ လက်တွေ့နှင့် ကိုက်ညီမှု မရှိပေ။
ပို၍ အရေးကြီးသည်မှာ အစ္စရေး၏ စစ်ရေး လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး အွန်လိုင်းပေါ်မှ ဝေဖန်မှု အများစုသည် ပါကစ္စတန်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုဝေဖန်မှုများသည် ပါကစ္စတန်အစိုးရက နောက်ကွယ်မှ ညွှန်ကြားသည့် လှုပ်ရှားမှုများကြောင့် မဟုတ်ဘဲ ပါကစ္စတန် ပြည်သူများ၏ စစ်မှန်သည့် ရင်တွင်း ခံစားချက်များအတိုင်း ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန် အပါအဝင် အစ္စလာမ်နိုင်ငံများတွင် နေထိုင်သည့် ပြည်သူများသည် ဂါဇာအရေးတွင် အစ္စရေးကို ပြင်းထန်စွာ ဝေဖန်နေခြင်းဖြစ်သည်။
ထို့ကြောင့် အစ္စရေးကို ဝေဖန်ရန်အတွက် ပါကစ္စတန် အပါအဝင် ကျန်အစိုးရများ အနေဖြင့် အခြေခံလူထုကြား တွင် သတင်းစကားများကို လုပ်ကြံဖန်တီးနေစရာပင် မလိုအပ်ပေ။

ဝင်ရိုးစုံ သံတမန်ရေးရာ နိုင်ငံ့ခေါင်းဆောင်တွေကို တွေ့ရစဉ်
¤ မီဒီယာ ဂေဟစနစ်များနှင့် မဟာဗျူဟာမြောက် ဘောင်သွင်းပုံဖော်မှုများ
မီဒီယာနှင့် ပတ်သက်၍ ပိုမိုကျယ်ပြန့်သော ကဏ္ဍကိုလည်း သေချာစွာ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
မီဒီယာကို ပိုင်ရှင်များက ကြိုးကိုင်ခြယ်လှယ် နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့်သာ တစ်ဖက်တည်း မကြည့်သင့်ပေ။
အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ် ကမ္ဘာ့အဓိက မီဒီယာအဖွဲ့အစည်း ကြီးများသည် သီးခြား လွတ်လပ်စွာ ရပ်တည်နေခြင်း မဟုတ်ဘဲ ဘီလျံနာများနှင့် ကော်ပိုရေးရှင်းကြီးများက ပိုင်ဆိုင်ထားသဖြင့် ထိုမီဒီယာများမှ ထွက်လာသည့် အကြောင်းအရာများသည် ပိုင်ရှင်များ၏ အကျိုးစီးပွားများနှင့် ကင်းကွာမှုမရှိသည့် အချက်ကို နားလည်ထားသင့်သည်။
ကော်ပိုရိတ် ပိုင်ဆိုင်မှု၊ နိုင်ငံရေး ကွန်ရက်များနှင့် ပထဝီနိုင်ငံရေး သတင်း စကားများအကြား ဆက်စပ်မှုကို ပိုမို ကျယ်ပြန့်စွာ ငြင်းခုံဆွေးနွေး လာသည်နှင့်အမျှ မီဒီယာများ၏ အကြောင်းအရာကို ဘောင်သွင်းပုံဖော်မှု(Media framing) နှင့် ပတ်သက်သည့် မေးခွန်းများလည်း ထွက်ပေါ်လာခဲ့သည်။
ဥပမာအားဖြင့် CBS သတင်းဌာနကို Paramount Skydance ကုမ္ပဏီ စီအီးအို ဒေးဗစ် အယ်လီဆင် (David Ellison) က ပိုင်ဆိုင်ပြီး Oracle Corporation ၏ စီအီးအိုလာရီ အယ်လီဆင် (Larry Ellison) ကလည်း ရှယ်ယာများ ထည့်ဝင်ထားသည်။
၎င်းတို့နှစ်ဦး စလုံးသည် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိသူများဖြစ်သည်။
ထိုဆက်ဆံရေးများကြောင့် သတင်းထုတ်လွှင့်မှုများ၊ တင်ဆက်မှုများတွင် ပူးပေါင်းကြံစည်မှုများ ရှိနေသည်ဟု ကျိန်းသေ သတ်မှတ်ထား၍မရပေ။
သို့သော် ပိုင်ဆိုင်မှုပုံစံ တည်ဆောက်ပုံ၊ အယူဝါဒ ပိုင်းဆိုင်ရာ နီးစပ်မှုများနှင့် ထိပ်တန်း နိုင်ငံရေး ကွန်ရက်များ သည် နိုင်ငံတကာ မီဒီယာကြီးများအတွင်း သတင်းတည်းဖြတ်မှု ဦးစားပေးချက်များ၊ အကြောင်းအရာကို ဘောင်သွင်းပုံဖော်မှု အလားအလာများနှင့် မဟာဗျူဟာမြောက် အလေးပေး ဖော်ပြမှုများကို ပုံဖော်ပေးနိုင်သည်။
ဒေသအသီးသီးရှိ မီဒီယာ အဖွဲ့အစည်းများသည် ၎င်းတို့လည်ပတ်ရာ နိုင်ငံရေးနှင့် ကော်ပိုရိတ် ရပ်ဝန်းများကို ထင်ဟပ်လေ့ရှိကြသည်။
ထို့ကြောင့် သီးခြား သတင်းထုတ်ပြန်ချက်များသည် လုပ်ကြံဖန်တီးထားခြင်း ဟုတ်၊ မဟုတ် ဆိုသည့်အချက်သည် အရေးကြီးသည့် အချက်မဟုတ်သေးပေ။
ထိုထက် ပိုအရေးကြီးသည့် အချက်မှာ ထိခိုက်လွယ်သော ပထဝီနိုင်ငံရေး အခိုက်အတန့်များအတွင်း ဒေသတွင်း ကြားဝင်စေ့စပ်ပေးသည့် နိုင်ငံများ၏ ပုံရိပ်ကို ထိခိုက်စေရန် သတင်းစကားများဖြင့် လုပ်ဆောင်နိုင်သည်ဆိုသည့် အချက်ဖြစ်သည်။

ပါကစ္စတန် သတင်းရုပ်သံလိုင်းတွေကို တွေ့ရစဉ်
¤ ဝင်ရိုးစုံ သံတမန်ရေးရာနှင့် တရားဝင်မှုအတွက် ရုန်းကန်ရမှု
ထိုကဲ့သို့ သတင်းစကားများဖြင့် ပြင်းထန်စွာ တိုက်ခိုက်နေကြခြင်းသည် ပြောင်းလဲလာနေသော ပထဝီနိုင်ငံရေး အခင်းအကျင်းကို ထင်ဟပ်ပြသနေခြင်းလည်း ဖြစ်နိုင်သည်။
အကယ်၍ ပါကစ္စတန်၊ တူရကီနှင့် ဆော်ဒီအာရေဗျ ကဲ့သို့သော နိုင်ငံများသည် အနောက်နိုင်ငံများ၏ သံတမန် ရေးရာ မူဘောင်ကို မှီခိုခြင်းမရှိဘဲ ဆွေးနွေးညှိနှိုင်းမှုများကို လွတ်လပ်စွာ ပိုမို ကူညီဆောင်ရွက် ပေးနိုင်လာလျှင်၊ နိုင်ငံတကာစနစ်အတွင်း အနောက်နိုင်ငံများ၏ သံတမန်ရေးရာ ကြီးစိုးမှုအတွက် စိန်ခေါ်မှု ဖြစ်လာမည်ဖြစ်သည်။
ဝင်ရိုးစုံ သံတမန်ရေးရာ (Multipolar diplomacy) သည် ကြားဝင်စေ့စပ်ပေးမှုများနှင့် ဒေသတွင်း ဩဇာလွှမ်းမိုး မှုများကို တစ်ဦးတည်းက အပိုင်စီးထားသည့် အခြေအနေကို တဖြည်းဖြည်း လျော့ပါးသွားစေသည်။
သတင်းအမှား အန္တရာယ်များအပြင် သံတမန်ရေးရာ ကဏ္ဍများ ထိရောက်စွာ လည်ပတ်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သော ယုံကြည်မှု တဖြည်းဖြည်းချင်း ပျက်စီးယိုယွင်းလာသည့် အခြေအနေမျိုး ဖြစ်နေသည်။
ကြားဝင်စေ့စပ်ပေးသည့် နိုင်ငံများကို နောက်ကွယ်မှ တိတ်တဆိတ် ကြိုးကိုင်သူများ၊ ယုံကြည်စိတ်ချ၍ မရသော မိတ်ဖက်များ သို့မဟုတ် လျှို့ဝှက် အစီအစဉ်များ၏ လက်ကိုင်တုတ်များအဖြစ် ထပ်တလဲလဲ ပုံဖော်ခံရသည့်အခါ သံတမန်ရေးရာ နယ်ပယ်သည် ကျဉ်းမြောင်းသွားပြီး၊ ဆွေးနွေးညှိနှိုင်းမှုများတွင် ယုံကြည်မှုအစား သံသယများ အစားထိုး ဝင်ရောက်လာကာ သဘောထားကွဲလွဲမှုများ ပိုမိုနက်ရှိုင်းလာစေမည်ဖြစ်သည်။
ထို့ကြောင့် ပိုမိုကျယ်ပြန့်သော သတင်းစကား စစ်ဆင်ရေး ပြိုင်ဆိုင်မှုသည် အနာဂတ် ကမ္ဘာ့နိုင်ငံရေး၏ တည်ဆောက်ပုံအပေါ် ပိုမိုကြီးမားသော အားပြိုင်မှုတစ်ခု ဖြစ်နေခြင်းကို ထင်ဟပ်နေသည်။
ဝင်ရိုးစုံစနစ် ပိုမို အားကောင်းလာနေသော ကမ္ဘာကြီးတွင် သံတမန်ရေးရာ သတင်းစကားများကို ပုံဖော်ဖန်တီး နိုင်ရန် ရုန်းကန်ရခြင်းသည် လက်တွေ့ သံတမန်ရေးရာ ဆောင်ရွက်မှုများကဲ့သို့ပင် အကျိုးသက်ရောက်မှု ကြီးမားလာသည်ကို သတိပြုရမည်ဖြစ်သည်။
- By CNI
- Category: ဆောင်းပါး
- Hits: 366
CNI Sport Article
၂၀၂၆ ခုနှစ်၊ မေလ ၁၅
ရီးရယ်လ်မက်ဒရစ်အသင်းဟာ ဒီရာသီအကုန်မှာ နည်းပြဟောင်း မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ပြန်လည် ခန့်အပ်မယ်လို့ အားကစားသတင်းတွေ အများအပြားမှာ ဖော်ပြထားပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရပြီး အသင်းရဲ့ အဝတ်လဲခန်းထဲမှာ အဆင်မပြေမှုတွေ အများအပြားရှိနေတာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီ ထွက်ခွာပြီးနောက် နွေရာသီမှာ ကစားသမား ဟောင်း အလွန်ဆိုကို နည်းပြသစ်အဖြစ် တာဝန်ပေးခဲ့တာပါ။
အလွန်ဆိုရဲ့ လက်ထက်မှာ ရီးရယ်လ်အသင်းဟာ ရလဒ်ပိုင်း မတည်မငြိမ်မှုတွေ ရှိခဲ့သလို ဗီနီစီးယက်စ်၊ ဘယ်လင်ဂမ် အပါအဝင် ကစားသမားတချို့ဟာ သူနဲ့ဆက်ဆံရေး အဆင်မပြေမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။
ဗီနီစီးယက်စ်ဆိုရင် သူ့ကို လူစားလဲတဲ့ အချိန်မှာ နည်းပြအလွန်ဆိုကို လက်ဆွဲ နှုတ်ဆက်မှု ပြုလုပ်ခြင်းမရှိဘဲ ထွက်ခွာခဲ့တာတွေ ဖြစ်ခဲ့တာပါ။

အလွန်ဆိုနဲ့ ဘတ်ပီကို တွေ့ရစဉ်
ရီးရယ်လ်အသင်းဟာ စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းကို အရေးနိမ့်ပြီးနောက် နည်းပြအလွန်ဆိုနဲ့ လမ်းခွဲဖို့ ဖြစ်ခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ အလွန်ဆိုရဲ့ နေရာမှာ နောက်ထပ် ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ အာဘီလိုအာကို ရာသီကုန်အထိ နည်းပြအဖြစ် တာဝန်ပေးခဲ့တာပါ။
အလွန်ဆိုရဲ့ လက်ထက်မှာ ရုန်းကန်ရမှုတွေရှိခဲ့တဲ့ ဗီနီစီးယက်စ်ဟာ အာဘီလိုအာ လက်ထက်မှာ အကောင်းဆုံး ပုံစံတွေ ပြသနိုင်ခဲ့ပေမယ့် အလွန်ဆို ကိုင်တွယ်ချိန်မှာ ခြေစွမ်းပြသခဲ့တဲ့ ဘာပေကတော့ ခြေစွမ်းကျဆင်းသွားပြီး ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။
အာဘီလိုအာရဲ့ လက်ထက်မှာလည်း ရီးရယ်လ်အသင်းဟာ ရလဒ်ကောင်းတွေရဖို့ ခက်ခဲခဲ့ပြီး လာလီဂါနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေကို လက်လွှတ်ခဲ့ရတာပါ။
အာဘီလိုအာ ကိုင်တွယ်ချိန်မှာ ရီးရယ်လ်အသင်းရဲ့ အဝတ်လဲခန်း အခြေအနေဟာ ပိုဆိုးရွားခဲ့ပြီး သူနဲ့ အသင်း ခေါင်းဆောင် ကာဗာဟယ်လ်၊ ဆီဘယ်လော့စ်တို့ အကြားမှာ တင်းမာမှုတွေရှိခဲ့ပြီး နောက်ခံလူ ရူဒီဂါနဲ့ ကာရီရက်စ်တို့အကြား ရန်ပွဲ၊ ဗယ်လ်ဗာဒီနဲ့ ချူအာမန်နီတို့အကြားမှာ ကြီးမားတဲ့ ရန်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီလို အဝတ်လဲခန်း အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် သြဇာကြီးမားတဲ့ နည်းပြတွေကို ခန့်အပ်ဖို့ လိုပြီဆိုတာကို သိရှိခဲ့ပါတယ်။
အန်ဆယ်လော့တီ လက်ထက်တုန်းက ရီးရယ်လ်အသင်းဟာ ဒီလို အခြေအနေတွေ မဖြစ်ခဲ့တဲ့အတွက် အသင်းဟာ သြဇာကြီးမားတဲ့ မော်ရင်ဟိုနဲ့ ကလော့ပ်တို့ထဲက တစ်ဦးကို ခန့်အပ်နိုင်ဖို့ ပစ်မှတ်ထားလာခဲ့တာပါ။ ဘင်ဖီကာအသင်းကို ကိုင်တွယ်နေတဲ့ မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းကို ကိုင်တွယ်ခဲ့ဖူးပြီး အသင်းရဲ့ အကြောင်း ကိုလည်း သိတာကြောင့် သူ့ကိုခန်အပ်ဖို့ အသင်းဘက်က ဆုံးဖြတ်လာဖို့ ရှိနေပါတယ်။

ရီးရယ်လ်အသင်းကို တွေ့ရစဉ်
မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းကို ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ ကိုင်တွယ်ခဲ့တဲ့ ပထမအကြိမ်မှာ လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလားတို့ကိုသာ ရယူပေးနိုင်ခဲ့တာပါ။
မော်ရင်ဟိုဟာ ဥရောပထိပ်သီး ကလပ် အများအပြားကို ကိုင်တွယ်ခဲ့ပေမယ့် နောက်ဆုံး ၁၁ နှစ်အတွင်း အမှတ်ပေးလိဂ်ကို ရယူနိုင်ခဲ့ခြင်း မရှိသလို နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ အသင်းတွေမှာ ထုတ်ပယ်ခံရတာက များနေပါတယ်။
အဲ့ဒါကြောင့် ရီးရယ်လ်အသင်းကို မော်ရင်ဟို ပြန်ပြီးကိုင်တွယ်မယ့်အပေါ် ထောက်ခံမှုတွေလည်း ရှိသလို ကန့်ကွက်မှုတွေလည်း ရှိနေကြပါတယ်။
မော်ရင်ဟိုဟာ ထိပ်တန်း ကစားသမား အများအပြားနဲ့ လက်တွဲ အလုပ်လုပ်ဖူးခဲ့တာကြောင့် ရီးရယ်လ်အသင်းက စူပါစတားတွေနဲ့ လက်တွဲ အလုပ်လုပ်ရမှာက သူ့အတွက်တော့ ခက်ခဲမှာမဟုတ်ပါဘူး။
မော်ရင်ဟိုဟာ စည်းလုံးမှုပြိုကွဲနေတဲ့ ရီးရယ်လ်အသင်းကို စည်းလုံးမှုရှိအောင် လုပ်ပေးရမှာ ဖြစ်သလို ဆုဖလား လက်မဲ့ ဖြစ်နေတာတွေကိုလည်း အဆုံးသတ်ပေးရမှာပါ။
အဲ့ဒါကြောင့် မော်ရင်ဟို အနေနဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံရမယ်ဆိုရင် ရီးရယ်လ်အသင်းရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 395
CNI Sport Article
၂၀၂၆ ခုနှစ်၊ မေလ ၈
၂၀၂၅-၂၆ ရာသီဟာ အာဆင်နယ်အသင်းရဲ့ အကောင်းဆုံးရာသီ တစ်ခုဖြစ်ပြီး အသင်းရဲ့သမိုင်းမှာ အကြီးမားဆုံး အောင်မြင်မှု ရယူနိုင်ဖို့ အခွင့်အရေးဟာ လက်တစ်ကမ်းအကွာကို ရောက်ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ ၂၂ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ပြန်လည် ရယူနိုင်ဖို့နဲ့ နှစ်ပေါင်း ၂၀ အကြာမှ ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီတွေမှာ ဆုဖလား ရယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေကနေ လက်လွှတ်ခဲ့ ရတာကြောင့် ဒီရာသီမှာ အသင်းကို ကြီးကြီးမားမား ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ နည်းပြအာတီတာရဲ့ ဦးဆောင်မှုအောက်မှာ ရာသီ တစ်လျှောက်လုံး တည်ငြိမ်တဲ့ အနေအထားရှိခဲ့ပြီး ဆုဖလား ၄ ခုစလုံး ရယူနိုင်ဖို့ ပစ်မှတ်ထားခဲ့ပါတယ်။
တကယ်လည်း အာဆင်နယ်အသင်းရဲ့ ခြေစွမ်းဟာ နေရာစုံမှာ အားကောင်းမှုကြောင့် ဆုဖလားတွေ အားလုံး ရယူနိုင်တဲ့ အခြေအနေမှာ ရှိခဲတာပါ။

အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
ဒါပေမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ မန်စီးတီးအသင်းကို အရေးနိမ့်မှု၊ FA ဖလားကွာတားဖိုင်နယ်မှာ ဆောက်သမ်တန်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ဆုဖလား ၂ ခုကို လက်လွှတ်ခဲ့ရပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားကိုသာ အာရုံစိုက်ခဲ့ရပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ဘုန်းမောက်နဲ့ မန်စီးတီးအသင်းတို့ကို ၂ ပွဲဆက် အရေးနိမ့်ခဲ့ပြီးနောက် အဆင့် ၁ နေရာကနေ ဆင်းပေးခဲ့ရပြီး အမှတ်ပေးဖလားကိုပါ ထပ်မံ ဆုံးရှုံးရမလားဆိုပြီး စိုးရိမ်စရာတွေရှိခဲ့တာပါ။
ဒါပေမယ့် အာဆင်နယ်အသင်းဟာ တည်တည်ငြိမ်ငြိမ်နဲ့ နောက်ဆုံး ၂ ပွဲကို ပေးဂိုး မပေးရဘဲ နိုင်ပွဲရယူပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုပဲ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ အက်သလက်တီကိုအသင်းကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၄ ပွဲ ကစားထားပြီး ၁၁ ပွဲအထိ အနိုင်ရကာ ၃ ပွဲသရေနဲ့ ရှုံးပွဲမရှိခဲ့တာ ဖြစ်ပါတယ်။
လန်ဒန်ကလပ်ဟာ ဒီပွဲတွေမှာ ၉ ပွဲအထိ ပေးဂိုးမပေးရဘဲ စွမ်းဆောင်ရည် အလွန်ကောင်းမွန်ခဲ့တာပါ။
အခုအချိန်မှာ အာဆင်နယ်အသင်းနဲ့ ပရိသတ်တွေကတော့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ အိပ်မက် မက်နေကြပြီ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ဒီအောင်မြင်မှုကို ရယူချင်တယ်ဆိုရင် လက်ကျန် ၄ ပွဲကို အမှားအယွင်းမရှိ ကျော်ဖြတ် ပြရတော့မှာပါ။ ၂၂ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ပြန်ရယူနိုင်ဖို့အတွက် လက်ကျန် ၃ ပွဲစလုံးကို အနိုင်ယူရမှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်း နည်းပြ အာတီတာနဲ့ ဖလား ၂ လုံးကို တွေ့ရစဉ်
ဒီလိုပဲ အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်ဖလားအတွက် လက်ရှိချန်ပီယံ PSG အသင်းကို အနိုင် ယူရတော့မှာပါ။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် လက်ကျန် ၃ ပွဲအဖြစ် ဝက်စ်ဟမ်း၊ ဘန်လေ၊ ခရစ္စတယ်ပဲလေ့စ် အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ တန်းဆင်းဇုန်ထဲကနေ လွတ်မြောက်အောင် ရုန်းကန်နေလို့ ဒီပွဲဟာ အာဆင်နယ်အသင်း အတွက် အကြီးမားဆုံး စမ်းသပ်မှုဖြစ်တာပါ။
ပရီးမီးယားလိဂ်ကနေ တန်းဆင်းပြီးဖြစ်တဲ့ ဘန်လေအသင်းနဲ့ပွဲ၊ နောက်ဆုံးပွဲအဖြစ် ကစားရမယ့် ခရစ္စတယ်ပဲ လေ့စ် အသင်းနဲ့ပွဲကိုလည်း အာဆင်နယ်အသင်းဟာ ဗိုလ်လုပွဲလို ကစားရမှာ ဖြစ်ပါတယ်။
ဒါမှ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်မှာပါ။ ဒီပွဲပြီးရင်တော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အာရုံစိုက်ပြီး ပြင်ဆင်ရမှာဖြစ်ပါတယ်။
အဲ့ဒါကြောင့် အာဆင်နယ်အသင်းဟာ ဒီ ၄ ပွဲကို အကောင်းဆုံး ကျော်ဖြတ်ပြီး အသင်းသမိုင်းမှာ အကြီးမားဆုံး ဆုဖလား ၂ ခုကို တစ်ရာသီအတွင်း ရယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 528
CNI Sport Article
၂၀၂၆ ခုနှစ်၊ မေလ ၂
ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမှာ ပြုလုပ်ခဲ့တဲ့ ဖီဖာကွန်ဂရက်မှာ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုဟာ အစ္စရေးနဲ့ပါလက်စတိုင်း ဘောလုံး အကြီးအကဲတွေကို စင်မြင့်ထက်မှာ လက်ဆွဲ နှုတ်ဆက်စေဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်ခြင်း မရှိခဲ့ပါ ဘူး။
လက်ရှိ ဖြစ်နေတဲ့ ပဋိပက္ခတွေကြားမှာ အင်ဖန်တီနိုဟာ အစ္စရေးနဲ့ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ် အကြီးအကဲ တို့ကို စင်မြင့်ပေါ် ဖိတ်ခေါ်ပြီး မိနစ်အနည်းငယ်ကြာ စကားပြောစေခဲ့ပါတယ်။
အစ္စရေးဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဘာဆင်မ်ဆူလီမန် စကားပြောအပြီးမှာ အင်ဖန်တီနိုဟာ သူ့ကို စင်မြင့်ပေါ်မှာ ဆက်ပြီးရှိနေပေးဖို့ တောင်းဆိုခဲ့တာပါ။
ဒီနောက် အင်ဖန်တီနိုက ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂျီဘရီလ်ရာဂျော့ဘ်ကို စင်မြင့်ပေါ်ထံ ပြန်လာဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ပါကလက်စတိုင်း ကိုယ်စားလှယ်နဲ့ ဖီဖာဥက္ကဋ္ဌ ဆွေးနွေးနေစဉ်
ရာဂျော့ဘ် စင်မြင့်ပေါ် တက်ရောက်လာချိန်မှာ ရပ်တန့်ပြီးနောက် အစ္စရေးဘောလုံးအဖွဲ့ချုပ် အကြီးအကဲနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ပြောခဲ့တာပါ။
ရာဂျော့ဘ်ကတော့ အင်ဖန်တီနိုရဲ့ လက်ဆွဲနှုတ်ဆက်ဖို့ အကြံပြုတာကို ငြင်းဆန်ခဲ့ပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ် အကြီးအကဲက သူတို့နှစ်ဦးကို စကားပြောခဲ့တာ ဖြစ်ပါတယ်။
အင်ဖန်တီနိုက “တူညီတဲ့ အခွင့်အရေးတွေ၊ တူညီတဲ့ တာဝန်တွေရှိတဲ့ ဖီဖာရဲ့အဖွဲ့ဝင် အစ္စရေးနဲ့ ပါလက်စတိုင်းက ကိုယ်စားလှယ်နှစ်ဦးကို ကျေးဇူးတင်ပါတယ်။ ဥက္ကဋ္ဌ ရာဂျော့ဘ်နဲ့ ဒုဥက္ကဋ္ဌ ဆူလီမန်တို့ အလုပ် အတူတူလုပ်ကြပါ စို့။ ကလေးတွေကို မျှော်လင့်ချက်ပေးဖို့ အလုပ် အတူတူလုပ်ကြပါစို့။ ကမ္ဘာပေါ်က ကလေးအားလုံး၊ နိုင်ငံပေါင်း ၂၁၁ နိုင်ငံကို ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်မယ့် အသက် ၁၅ နှစ်အောက် ပြိုင်ပွဲ မကြာမီ လာတော့မှာပါ။ ကျနော့်ရဲ့ ကတိကဝတ်တွေကို ခင်ဗျားတို့ ရရှိထားသလို၊ အခန်းတစ်ခုလုံး ထောက်ခံမှုကိုလည်း ခင်ဗျားတို့ ရရှိထားပါ တယ်”လို့ ပြောခဲ့ပါတယ်။
အင်ဖန်တီနိုဟာ စကားပြောပြီးနောက် သူတို့နှစ်ဦးကို လက်ဆွဲနှုတ်ဆက်ပြီး ဓါတ်ပုံအတူရိုက်ဖို့ ထပ်ကြိုးပမ်းခဲ့ ပေမယ့် ပါလက်စတိုင်း ဘောလုံးအကြီးအကဲ ရာဂျော့ဘ်က “ကျေးဇူးပြုပြီး မလုပ်ပါနဲ့၊ ကျနော်တို့ ဒုက္ခခံစား နေရတယ်”လို့ ပြောခဲ့တာပါ။

အစ္စရေးနဲ့ နှုတ်ဆက်ဖို့ ပါကလက်စတိုင်း ငြင်းဆန်နေစဉ်
ဒီနောက်မှာ ရာဂျော့ဘ်ဟာ အင်ဖန်တီနိုကို ပွေ့ဖက်ပြီး ပါးကိုနမ်းကာ စင်မြင့်ကနေ ဆင်းသွားခဲ့ပါတယ်။
ဆူလီမန်ကလည်း အင်ဖန်တီနိုကို ပွေ့ဖက်ပြီးနောက် အင်ဖန်တီနိုဟာ သူ့ရဲ့ထိုင်ခုံထံ ပြန်သွားခဲ့တာပါ။
အင်ဖန်တီနိုက အလွန်ရှုပ်ထွေးတဲ့ ကိစ္စတွေ ရှိပေမယ့် သူတို့ဟာ ဘယ်စိန်ခေါ်မှုကိုမှ လက်လျှော့သွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် အင်ဖန်တီနိုက ပါလက်စတိုင်းနဲ့ အစ္စရေးမှာရှိတဲ့ ကလေးအားလုံးဟာ အနာဂတ်မှာ တူညီတဲ့ မျှော်လင့် ချက် ရှိသင့်တာကြောင့် ဒါကို ဆက်လုပ်ဆောင်သွားမယ်လို့ ပြောခဲ့တာပါ။
ပါလက်စတိုင်းနဲ့ အစ္စရေး ၂ နိုင်ငံ စလုံးကိုလည်း သွားဖို့အခြေအနေက ခွင့်ပြုရင် သွားရောက် လည်ပတ်မယ်လို့ လည်း အင်ဖန်တီနိုက ပြောခဲ့ပါတယ်။

ပါလက်စတိုင်းက နှုတ်မဆက်ဘဲ ထွက်လာစဉ်
ပါလက်စတိုင်း ဘောလုံးအကြီးအကဲဟာ ကွန်ဂရက်ထံ ပြောကြားခဲ့မှုမှာ အစ္စရေးဟာ အနောက်ဘက်ကမ်း ဒေသ တွေမှာ ကလပ်တွေကို အခြေချခွင့်ပေးပြီး ခွဲခြားဆက်ဆံမှုတွေကို တိုက်ဖျက်တဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ ကြောင်း စွပ်စွဲခဲ့ပါတယ်။
အစ္စရေးဘောလုံးအကြီးအကဲ ဆူလီမန်ကတော့ ပါလက်စတိုင်းရဲ့ စွပ်စွဲမှုကို မတုန့်ပြန်ခဲ့ပေမယ့် အစ္စရေး FA ဟာ ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ်ရဲ့တည်ရှိမှုကို ပထမနေ့ကတည်းက ထောက်ခံခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဆူလီမန်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းခဲ့တဲ့ ရာဂျော့ဘ်က အင်ဖန်တီနိုဟာ တံတားတွေ တည်ဆောက်ဖို့ ကြိုးစား ခြင်းဟာ မှန်ကန်ပေမယ့် ဖီဖာအကြီးအကဲဟာ ပါလက်စတိုင်း ပြည်သူတွေရဲ့ကြီးမားတဲ့ ဒုက္ခကို မသိဘူးလို့ ပြောခဲ့ပါတယ်။
Source: Dailymail
- By CNI
- Category: ဆောင်းပါး
- Hits: 514
CNI International Article
၂၀၂၆ ခုနှစ်၊ မေလ ၂
ဂျပန်အစိုးရအဖွဲ့က လက်နက်တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ရန် မကြာသေးမီ သီတင်းပတ်တွင် ဆုံးဖြတ်လိုက်ခြင်းသည် ဂျပန်နိုင်ငံ၏ စစ်ပြီးခေတ်သမိုင်း၌ မှတ်တိုင်တစ်ခု ဖြစ်သည်။
သို့သော် လက်နက်တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ခြင်းသည် ဂျပန်နိုင်ငံ၏ ငြိမ်းချမ်းရေးဝါဒ (Pacifism) နိဂုံးချုပ်သွားခြင်းတော့ မဟုတ်ပေ။
ဂျပန်၏ လုံခြုံရေးမူဝါဒကို ဖော်ပြရာတွင် တိကျမှုရှိရန် လိုပြီး၊ ပြောင်းလဲလာသော မျက်မှောက်ခေတ် လုံခြုံရေး အခြေအနေနှင့်အညီ မဖြစ်မနေ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်မှုကိုလည်း နားလည်ရမည်ဖြစ်သည်။
ဧပြီ ၂၁ ရက်က ဂျပန်ဝန်ကြီးချုပ် တာကာအီချီ ဆာနာအဲ (Takaichi Sanae) ၏ အစိုးရအဖွဲ့သည် ကာကွယ်ရေး ဆိုင်ရာ ပစ္စည်းကိရိယာများနှင့် နည်းပညာများ တင်ပို့ရောင်းချမှုကို ထိန်းချုပ်ထားသည့် အခြေခံမူဝါဒ ၃ ရပ်အား ပြင်ဆင်ရန် အတည်ပြုခဲ့သည်။
ယခင်က ဂျပန်နိုင်ငံသည် ကယ်ဆယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ သတိပေးနှိုးဆော်ရေး၊ စောင့်ကြည့်စစ်ဆေးရေး နှင့် မိုင်းရှင်းလင်းရေးတို့တွင် အသုံးပြုနိုင်သည့် လူသေစေနိုင်ခြင်းမရှိသော ပစ္စည်း အမျိုးအစားများကိုသာ တင်ပို့ ရောင်းချခွင့်ရှိခဲ့သည်။
ထိုပစ္စည်းများကိုလည်း တိုက်ပွဲဖြစ်ပွားနေသော နိုင်ငံများသို့ ပို့ဆောင်ခွင့် မရှိခဲ့ပေ။
ယခုအခါတွင်မူ ဂျပန်ကုမ္ပဏီများသည် ဂျပန်နိုင်ငံနှင့် လက်နက်တင်ပို့မှုဆိုင်ရာ သဘောတူညီချက် ရှိထားသော နိုင်ငံများသို့ ကာကွယ်ရေးပစ္စည်းများကို ရောင်းချနိုင်ပြီဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ် တာကာအီချီ ဆာနာအဲနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထိုစာရင်းတွင် အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံ ပါဝင်နေပြီး မကြာမီ၌ နိုင်ငံ ၂၀ အထိ တိုးလာရန် မျှော်လင့်ရသည်။
ဂျပန်အမျိုးသားလုံခြုံရေးကောင်စီသည် လက်နက် အရောင်းအဝယ် အားလုံးကို ပြန်လည်သုံးသပ်ပြီး ထိုပစ္စည်း ကိရိယာများအား မှန်ကန်သော ဝယ်သူများထံသို့ ရောက်ရှိစေရန် သေချာအောင် ဆောင်ရွက်မည်ဖြစ်သလို ဆုံးဖြတ်ချက်ချပြီးပါက လွှတ်တော်ကို အကြောင်းကြားမည်ဖြစ်သည်။
တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည့် နိုင်ငံများသို့ တင်ပို့ခြင်းအပေါ် ကန့်သတ်ချက်ကို ဆက်လက် ထားရှိမည် ဖြစ်သော်လည်း ခိုင်လုံသော အမျိုးသားလုံခြုံရေး အကြောင်းပြချက် ရှိသည်ဟု ယူဆပါက ကင်းလွတ် ခွင့်များဖြင့် လက်နက်များ တင်ပို့နိုင်မည်ဖြစ်သည်။
ယခုကဲ့သို့ မူဝါဒ အပြောင်းအလဲမှာ စိန်ခေါ်မှုများ မြင့်တက်လာသော လုံခြုံရေး အခြေအနေကြောင့် ဖြစ်ကြောင်း နှင့် မည်သည့်နိုင်ငံမျှ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို တစ်နိုင်ငံတည်းဖြင့် ကာကွယ်နိုင်တော့မည် မဟုတ်ကြောင်း ဝန်ကြီးချုပ် တာကာအီချီက ပြောကြားခဲ့သည်။
အရေးကြီးဆုံး အချက်အနေဖြင့် ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီးနောက် လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ကတည်းက ငြိမ်းချမ်းသောနိုင်ငံအဖြစ် လျှောက်လှမ်းခဲ့သည့် မိမိတို့၏ လမ်းစဉ်နှင့် အခြေခံမူများကို ဆက်လက် ထိန်းသိမ်း သွားမည့် ကတိကဝတ်မှာ အကြွင်းမဲ့ ပြောင်းလဲမှု မရှိကြောင်း တာကာအီချီက လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့ သည်။
သတင်းမီဒီယာများကမူ ယခုစည်းမျဉ်းသစ်များသည် ဂျပန်နိုင်ငံ၏ ငြိမ်းချမ်းရေးဝါဒီ ဦးတည်ချက်မှ သွေဖည်သွား ခြင်းဖြစ်သည်ဟု ရှင်းလင်းဖော်ပြနေကြသည်။
လွန်ခဲ့သော သုံးနှစ်ကျော်ကလည်း ဂျပန်အစိုးရက အမျိုးသားလုံခြုံရေးဆိုင်ရာ စာတမ်းသစ် သုံးစောင်ကို ထုတ်ပြန်ခဲ့စဉ်ကလည်း မီဒီယာများက ထိုကဲ့သို့ သုံးသပ်ဖော်ပြခဲ့ဖူးသည်။
ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်ပွဲဆင်နွှဲနိုင်စွမ်းကို အမှန်တကယ် ကန့်သတ်ထားသည်။
အခြေခံဥပဒေ၏ ပုဒ်ခွဲ ၉ သည် နိုင်ငံတကာ အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် အင်အားသုံးစွဲခြင်းနှင့် စစ်မက်ပြုရန် လက်နက်ကိရိယာများ ပိုင်ဆိုင်ခြင်းတို့ကို တားမြစ်ထားသည်။
ထို့ကြောင့်ပင် ဂျပန်နိုင်ငံတွင် စစ်တပ်ဟု ခေါ်ဆိုခြင်းမရှိဘဲ မိမိကိုယ်ကို ကာကွယ်ရေးတပ်ဖွဲ့ (SDF) ဟုသာ ဖွဲ့စည်းခေါ်ဆိုထားသည်။
ထိုအချက်သည် ယခင်က လက်နက်တင်ပို့မှုအပေါ် ကန့်သတ်ချက်များ ထားရှိရခြင်း၏ အကြောင်းရင်းဖြစ်ပြီး ဂျပန်နိုင်ငံ၏ စစ်ပြီးခေတ် ဝိသေသလက္ခဏာအတွက် အခြေခံအုတ်မြစ်လည်း ဖြစ်လာခဲ့သည်။

ဂျပန်က မိမိကိုယ်ကိုကာကွယ်ရေးတပ်ဖွဲ့(SDF)ကို တွေ့ရစဉ်
သို့သော် ဂျပန်နိုင်ငံသည် အင်အားလုံးဝ သုံးစွဲရန် ဆန္ဒမရှိသည့် အဓိပ္ပာယ်မျိုးဖြင့် ငြိမ်းချမ်းရေးဝါဒီ ဖြစ်နေခြင်း မဟုတ်ပါ။
၁၉၅၄ ခုနှစ်ကတည်းက SDF ကို တည်ထောင်ထားရှိခြင်းသည် အလုံးစုံ ငြိမ်းချမ်းရေးဝါဒီဆိုသည့် ရပ်တည်ချက်ကို ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။ ဂျပန်သည် မိမိကိုယ်ကို ကာကွယ်ရန်အတွက် အင်အားသုံးစွဲမည်ဖြစ်သည်။
ထို့ပြင် ဂျပန်အစိုးရ အဆက်ဆက်သည် နှစ်ဦးနှစ်ဖက် ကာကွယ်ရေးစာချုပ် အပိုဒ် ၅ ပါ ပြဋ္ဌာန်းချက်များအရ ဆန်ကာကူကျွန်းစု (Senkaku Islands) နှင့် သက်ဆိုင်ကြောင်း အတည်ပြုပေးရန် အမေရိကန်အား အမြဲမပြတ် တောင်းဆိုလေ့ရှိသည်ကို သတိပြုသင့်သည်။
ဆိုလိုသည်မှာ ဂျပန်အစိုးရသည် ၎င်းအား ကာကွယ်ပေးရန်အတွက် ၎င်း၏ မဟာမိတ်ဖြစ်သည့် အမေရိကန်အား အင်အားသုံးပေးရန် တောင်းဆိုခြင်းဖြစ်သည်။
၁၉၉၂ ခုနှစ်တွင် ဂျပန်နိုင်ငံသည် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်များ၌ SDF တပ်ဖွဲ့များ ပါဝင် နိုင်စေမည့် ဥပဒေများကို အတည်ပြုခဲ့သည်။
၁၉၉၇ ခုနှစ်တွင် ဂျပန်-အမေရိကန် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု လမ်းညွှန်ချက်များအား ပြင်ဆင်လိုက် ခြင်းဖြင့် ဂျပန်နိုင်ငံ၏ ပတ်ဝန်းကျင်ဒေသများရှိ အခြေအနေများကို ဖြေရှင်းဆောင်ရွက်နိုင်ရန် SDF ၏ လုပ်ပိုင်ခွင့် အာဏာကို တိုးချဲ့ခဲ့သည်။

ဂျပန်က မိမိကိုယ်ကိုကာကွယ်ရေးတပ်ဖွဲ့(SDF)ကို တွေ့ရစဉ်
၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့ (9/11) အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်တွင် SDF သည် အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာတပ်များ အာဖဂန်နစ္စတန်သို့ ကျူးကျော်ဝင်ရောက်သည့် Operation Enduring Freedom နှင့် အီရတ်ကို ကျူးကျော်ဝင်ရောက်သည့် Iraqi Freedom စစ်ဆင်ရေးများကို ကူညီပံ့ပိုးပေး ခြင်းဖြင့် နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုများတွင် ပါဝင်ခဲ့သည်။
မကြာသေးမီ နှစ်များအတွင်း SDF သည် ၎င်း၏ တပ်ဖွဲ့များကို ပိုမိုစွမ်းဆောင်ရည် ထက်မြက်လာစေရန်အတွက် ပြန်လည်ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့သည်။
ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် တတိယ သို့မဟုတ် စတုတ္ထမြောက် စစ်အသုံးစရိတ် အများဆုံး သုံးစွဲသည့်နိုင်ငံ ဖြစ်ပြီး အမေရိကန် ပြင်ပတွင် အဆင့်မြင့် F-35 တိုက်လေယာဉ် အများဆုံး ပိုင်ဆိုင်ထားကာ စစ်ဘက်သုံးဂြိုဟ်တု ကွန်ရက်များ၊ လေယာဉ်တင်သင်္ဘော အသေးစားများနှင့် ကုန်းရေနှစ်သွယ်သွား တပ်ဖွဲ့များကိုလည်း ပိုင်ဆိုင်ထား သည်။
ထို့ပြင် ဂျပန်သည် တုန့်ပြန်တိုက်ခိုက်နိုင်စွမ်း၊ စုပေါင်းကာကွယ်ရေး စစ်ဆင်ရေးများတွင် ပါဝင်ခွင့်နှင့် ကြိုတင် ကာကွယ်သည့် ဆိုက်ဘာလုံခြုံရေးစနစ်တို့ကိုလည်း ဖော်ဆောင်ခဲ့သည်။
ဂျပန်နိုင်ငံ၏ ကာကွယ်ရေးပစ္စည်း တင်ပို့ရောင်းချမှုဆိုင်ရာ ပြောင်းလဲချက်များ ထွက်ပေါ်ခဲ့ပြီးနောက် ဂျပန်၏ လုပ်ရပ်သည် ငြိမ်းချမ်းသော နိုင်ငံဟူသည့် ဂျပန်၏ ဝိသေသလက္ခဏာနှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး စစ်ဝါဒသစ်၏ သက်သေဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
သို့သော် ဂျပန်အနေဖြင့် အန္တရာယ်များကို မျက်ကွယ်ပြုထားရန် သို့မဟုတ် ပြည်ပ၏ ဖိအားပေး ခြိမ်းခြောက်မှု များကို ငုံ့ခံရန် မည်သည့် အခါကမျှ ဆန္ဒမရှိခဲ့ပေ။
ထို့ကြောင့် ဂျပန်နိုင်ငံသည် မည်သည့်အခါမျှ ငြိမ်းချမ်းရေးဝါဒီ သက်သက် မဟုတ်ခဲ့ဘဲ ကာကွယ်ရေးကဏ္ဍ အတွက် အမြဲတမ်း အသင့်ပြင်ထားသော နိုင်ငံဖြစ်သည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 591
CNI Article
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅
မကြာသေးမီ လများအတွင်း နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် ဖြစ်ပွားသော ပြင်းထန်သည့် တိုက်ခိုက်မှု များကြောင့် ထိုဒေသတွင် ကာလကြာရှည် ဖြစ်ပွားနေသော သူပုန်ထမှုသည် ပျောက်ကွယ်သွားပြီဆိုသည့် ယူဆချက်မှာ အမှားတစ်ခုသာ ဖြစ်ကြောင်း ပေါ်လွင်သွားစေခဲ့သည်။
အကြမ်းဖက်မှုဖြစ်စဉ်များ ပိုမို များပြားလာသည်နှင့်အမျှ နိုင်ဂျီးရီးယားနိုင်ငံသား အများအပြားသည် လက်ခံရ ခက်ခဲသော အဖြစ်မှန်ကို ရင်ဆိုင်ရန် ငြင်းဆန်နေကြပြီး ယခုကဲ့သို့ အကြမ်းဖက်မှုများ ပြန်လည် ဖြစ်ပွားလာရ ခြင်းသည် နိုင်ဂျီးရီးယား၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် အမေရိကန် ပြန်လည် ပါဝင် ပတ်သက်လာခြင်းနှင့် ဆက်စပ် နေသည်ဆိုသည့် ထင်ကြေးပေးမှုများလည်း ထွက်ပေါ်လာခဲ့သည်။
အကြမ်းဖက်အဖွဲ့များနှင့် နိုင်ငံခြားသားများ ပူးပေါင်းကြံစည်နေသည်ဆိုသော အဆိုပြုချက်ကို နိုင်ဂျီးရီးယားတွင် လူအများက လွယ်ကူစွာပင် လက်ခံလေ့ရှိသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက အမေရိကန် လွှတ်တော်အမတ် စကော့ပယ်ရီ (Scott Perry) က အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) သည် ဘိုကိုဟာရမ် (Boko Haram) အဖွဲ့အား ရန်ပုံငွေ ထောက်ပံ့ခဲ့သည်ဟု စွပ်စွဲပြောဆိုခဲ့သော်လည်း ထိုစွပ်စွဲချက်အတွက် မည်သည့် အထောက်အထားကိုမျှ တင်ပြနိုင်ခြင်း မရှိခဲ့ပေ။
ထိုအချိန်က နိုင်ဂျီးရီးယားဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရစ်ချတ် မေးလ်စ် (Richard Mills) က ပယ်ရီ၏ ပြောဆိုချက်ကို ငြင်းပယ်ခဲ့သော်လည်း အဆိုပါ စွပ်စွဲချက်မှာ အများပြည်သူနှင့် ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့ လွှမ်းမိုးနေခဲ့ပြီး ဖြစ်သည်။

ခရစ်ယာန် ဘုရားကျောင်းကိုတွေ့ရစဉ်
ထို့နောက် အမေရိကန် လွှတ်တော်အမတ်များဖြစ်ကြသည့် တက်ဒ် ခရုဇ် (Ted Cruz) နှင့် ခရစ် စမစ် (Chris Smith) တို့ကဲ့သို့သော အရာရှိများက နိုင်ဂျီးရီးယားတွင် ဖြစ်ပွားနေသော သတ်ဖြတ်မှုများသည် ခရစ်ယာန်များ ကိုသာ ဦးတည် ပစ်မှတ်ထားနေသည်ဟု မှားယွင်းစွာ စွပ်စွဲထားသည့် “ခရစ်ယာန် မျိုးဖြုတ်သတ်ဖြတ်မှု” (Christian genocide) ဟူသော ဇာတ်လမ်းကို ပိုမို အသားပေးထားသည့် မှတ်ချက်စကားများကို ပြောကြားခဲ့ကြ သည်။
ခရစ်ယာန်များအပေါ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်မှာ အမှန်ပင်ဖြစ်ပြီး မကြာသေးမီက ကာဒူနာပြည်နယ်ရှိ ဘုရားရှိခိုးကျောင်း တစ်ခုတွင် ဧပြီ ၅ ရက် (Easter Sunday) ၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုမှာ သက်သေပင် ဖြစ်သည်။
သို့သော် ခရစ်ယာန်များ သာမကဘဲ မူဆလင် အသိုင်းအဝိုင်းများသည်လည်း ပုံမှန်ပစ်မှတ်ထား တိုက်ခိုက်ခံနေရ သည်။
လက်တွေ့ အမှန်တရားမှာ အကြမ်းဖက် အဖွဲ့များသည် ဘာသာတရား ခွဲခြားမှုမရှိဘဲ မဲမဲမြင်ရာ ရမ်းသန်း တိုက်ခိုက်နေသည်မှာ ကြာမြင့်လှပြီဖြစ်သည်။
ထို့ကြောင့် ယခုအချိန်အခါတွင် လိုအပ်နေသည်မှာ ထင်ကြေးပေး ပြောဆိုနေမှုများကို နားယောင်နေခြင်းထက် နိုင်ဂျီးရီးယား မြောက်ပိုင်းတွင် အမှန်တကယ် ဖြစ်ပျက်နေသည့် အရာများကို အလေးအနက်ထား၍ ဆန်းစစ် လေ့လာရန် ဖြစ်သည်။
မကြာသေးမီက တိုက်ခိုက်မှုများအရ သူပုန် အဖွဲ့အစည်းများသည် အရင်ကကဲ့သို့ လက်နက်ကိုင်ကာ ကြိုတင် ခန့်မှန်းနိုင်သည့် ပုံစံမျိုးဖြင့် တိုက်ခိုက်သော ပုံစံအဟောင်းမှခွဲထွက်ပြီး အတိတ်က ဖြစ်ရပ်များကို သင်ခန်းစာ ယူကာ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်စွမ်းရှိလာသည်ကို သက်သေပြနေသည်။
အထူးသဖြင့် အနောက်အာဖရိကပြည်နယ်ရှိ ISIL ၏ လက်ခွဲအဖွဲ့ ISWAP သည် ဖွဲ့စည်းပုံနှင့် နည်းဗျူဟာများတွင် ပိုမိုလိုက်လျောညီထွေရှိလာခဲ့သည်။

ECOWAS အဖွဲ့ဝင် နိုင်ငံများကိုတွေ့ရစဉ်
ISWAP အဖွဲ့သည် ဘိုကိုဟာရမ်အဖွဲ့နှင့် ပဋိပက္ခဖြစ်ပွားခဲ့ချိန်တွင် ဘိုကိုဟာရမ်အဖွဲ့ကို အားနည်းသွားစေခဲ့ပြီး ISWAP သည် ချဒ်ရေအိုင် (Lake Chad) ဒေသတွင် ပိုမိုစည်းစနစ်ကျပြီး အမြစ်တွယ်နေသော ခြိမ်းခြောက်မှု တစ်ခုအဖြစ် ကျန်ရှိစေခဲ့သည်။
ထို့နောက် ISWAP သည် ၎င်း၏ တည်ရှိမှုကို ခိုင်မာအောင် လုပ်ဆောင်ခဲ့ပြီး ဆမ်ဘီဆာတောအုပ် (Sambisa Forest) အတွင်းသို့ ချဲ့ထွင်ခဲ့ကာ အရပ်သားများနှင့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများကိုပါ တစ်ပြိုင်နက်တည်း ခြိမ်းခြောက်နိုင်သည့် နယ်မြေကို ကျယ်ပြန့်လာစေခဲ့သည်။
ISWAP သည် ၎င်း၏ တိုက်ခိုက်မှု ပုံစံများကိုလည်း ပိုမို ပြုပြင်ပြောင်းလဲလာခဲ့သည်။
သီးခြားအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်သော တိုက်ခိုက်မှုများ၊ ညအချိန် ဝင်ရောက်တိုက်ခိုက်မှုများ၊ ချုံခိုတိုက်ခိုက် မှုများနှင့် ရန်သူကို ထိခိုက်ဒဏ်ရာ ရစေရုံသာမက စစ်ဘက်ဆိုင်ရာ အခြေစိုက် စခန်းများကို ဝိုင်းပတ်ပြီး စစ်ကူများ ရောက်ရှိလာမှုကို နှောင့်နှေးစေရန် ရည်ရွယ်သည့် စစ်ဆင်ရေးများကို လုပ်ဆောင်နိုင်စွမ်း ပိုမိုတိုးတက်လာသည်ကို ပြသနေသည်။
နိုင်ဂျီးရီးယား၏ ဘော်နို (Borno)၊ ယိုဘီ (Yobe) နှင့် အဒါမာဝါ (Adamawa) ပြည်နယ် တစ်ခုချင်းစီ၏ အရွယ် အစားမှာ ဥရောပတိုက်ရှိ နိုင်ငံတစ်နိုင်ငံချင်းစီ၏ အရွယ်အစားခန့် ရှိသည်။
ဘော်နိုင်ပြည်နယ်သည် အိုင်ယာလန်နိုင်ငံထက် အနည်းငယ်ပိုကြီးပြီး၊ ယိုဘီပြည်နယ်သည် ဆွစ်ဇာလန်နိုင်ငံခန့် ရှိကာ၊ အဒါမာဝါပြည်နယ်မှာ ဘယ်လ်ဂျီယမ်နိုင်ငံထက် အနည်းငယ် ပိုကြီးသည်။
ထိုမျှလောက် ကျယ်ပြန့်သော နယ်မြေများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် မည်သည့် နိုင်ငံအတွက်မဆို စိန်ခေါ်မှုတစ်ခု ဖြစ်စေမည်ဖြစ်ပြီး၊ အထူးသဖြင့် တည်ငြိမ်မှု ပျက်ယွင်းနေသည့် ဒေသတွင်းနိုင်ငံများနှင့် နယ်နိမိတ် ချင်း ထိစပ်နေသည့် အခါတွင် ပို၍ပင် ခက်ခဲလိမ့်မည်ဖြစ်သည်။

ရေကြီးမှုကို ကြုံတွေ့ရစဉ်
အနောက်အာဖရိကနိုင်ငံများ စီးပွားရေး အဖွဲ့အစည်း (ECOWAS) က နိုက်ဂျာတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ရှုတ်ချခဲ့ပြီးနောက် နိုက်ဂျာ စစ်ခေါင်းဆောင်များသည် ဘက်စုံပူးပေါင်းစစ်ဆင်ရေးတပ်ဖွဲ့ (Multinational Joint Task Force) မှ နုတ်ထွက်သွားခြင်းသည် ယခင်ကတည်းက တည်ငြိမ်မှု ပျက်ယွင်းနေသည့် အခြေအနေကို ပိုမို ဆိုးရွားစေပြီး အရှေ့မြောက်ပိုင်း စစ်မျက်နှာ၏ နယ်စပ်ကာကွယ်ရေးကို အားနည်းသွားစေခဲ့သည်။
နိုင်ဂျီးရီးယား၊ နိုက်ဂျာ၊ ကင်မရွန်းနှင့် ချဒ်နိုင်ငံတို့မှ တပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားပြီး N’Djamena မြို့ရှိ ဌာနချုပ် တွင် ဘီနင်နိုင်ငံမှ အနည်းငယ်သော တပ်ဖွဲ့ဝင်များ ပါဝင်သည့် ထိုပူးပေါင်းတပ်ဖွဲ့သည် ခက်ခဲသော နယ်မြေများ တွင် စစ်ဆင်ရေးများ လုပ်ဆောင်ရန်၊ သူပုန်များအတွက် လုံခြုံသော ခိုအောင်းရာ နေရာများ မရရှိစေရန်နှင့် နိုင်ငံ ခြား တိုက်ခိုက်ရေးသမားများ၏ ရွေ့လျားသွားလာမှုကို ကြားဖြတ်တားဆီးရန်အတွက် အရေးပါနေဆဲဖြစ်သည်။
သို့သော် ဒေသတွင်း အခြေအနေကို ဆန်းစစ်ခြင်းသည် လိုအပ်သော်လည်း ပြဿနာကို အပြည့်အဝ ဖြေရှင်း မပေးနိုင်ပေ။
သူပုန်ထမှုများသည် တစ်နေရာတည်းတွင် မဟုတ်ဘဲ နယ်စပ်ဖြတ်ကျော် ရွေ့လျားနေခြင်းကြောင့် အကြမ်းဖက် သမားများအတွက် လူသစ်စုဆောင်းခြင်း၊ အင်အားဖြည့်တင်းခြင်းတို့ဖြင့် သက်ဆိုးရှည်နေဆဲ ဖြစ်သည်။
ဆင်းရဲမွဲတေမှုနှင့် ပညာရေး ကင်းမဲ့မှုများသည် အကြမ်းဖက်ဝါဒကို တိုက်ရိုက် မဖန်တီးနိုင်သော်လည်း လူမှု အသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခံထားရခြင်း၊ အစိုးရ အင်စတီကျူးရှင်းများ အားနည်းခြင်းနှင့် ဝါဒမှိုင်းတိုက်ရန် လွယ်ကူသည့် နေရာများတွင် အကြမ်းဖက် သမားများအတွက် လူသစ်စုဆောင်းရ လွယ်ကူနေသည်။
ထို့ကြောင့် နိုင်ဂျီးရီးယားမြောက်ပိုင်းရှိ ပညာရေး အကျပ်အတည်းကို ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စိန်ခေါ်မှုတစ်ခု အဖြစ်သာမက ပိုမိုကျယ်ပြန့်သော လုံခြုံရေးရပ်ဝန်းတစ်ခု၏ အစိတ်အပိုင်း တစ်ခုအဖြစ် ရှုမြင်သင့်သည်။
ပညာရေးသည် စာတတ်မြောက်ခြင်းနှင့် ဂဏန်းသင်္ချာစွမ်းရည်တို့ကို သင်ကြားပေးခြင်းထက် ပိုမိုကျယ်ပြန့် နက်ရှိုင်းသည့် သဘောသဘာဝရှိသည်။

နိုင်ဂျီးရီးယားနိုင်ငံထဲက မိသားစုတစ်စုကို တွေ့ရစဉ်
ပညာရေးသည် ဘဝရပ်တည်ရေး၊ လူမှုအသိုင်းအဝိုင်းတွင် ပူးပေါင်းပါဝင်ရေးတို့အတွက် လမ်းကြောင်းများကို အဖက်ဖက်မှ ပံ့ပိုးပေးသည်။
ထို့ကြောင့် လက်ရှိ အချိန်အခါတွင် နိုင်ဂျီးရီးယားနိုင်ငံ အနေဖြင့် သူပုန်တို့၏ ခိုအောင်းရာ နေရာများအပေါ် စစ်ရေးအရ ဆက်လက် ဖိအားပေးရန် လိုအပ်သည်မှာ အသေအချာပင်ဖြစ်သည်။
ပိုမိုခိုင်မာသော တပ်ဖွဲ့ဝင်များ၏ အကာအကွယ်၊ ပိုမိုတိကျသော ထောက်လှမ်းရေး၊ စောင့်ကြည့်လေ့လာမှုနှင့် ကင်းထောက်မှု၊ တိုးတက်ကောင်းမွန်သော ကျေးလက်နှင့် မြို့ပြလုံခြုံရေးနှင့် နယ်စပ်ဖြတ်ကျော် သံတမန်ရေးရာ အတွက် ပိုမိုလေးနက်သော ချဉ်းကပ်မှုတို့ကို လိုအပ်သည်။
သို့သော်လည်း ယခု အကျပ်အတည်းကို စစ်ရေးအရ ဆောင်ရွက်ချက် တစ်ခုတည်းဖြင့် ဖြေရှင်း၍ မရနိုင်ပေ။
အစိုးရအဆင့်ဆင့်တွင် လူမှုရေး၊ အဖွဲ့အစည်းဆိုင်ရာနှင့် ပညာရေးဆိုင်ရာ အစီအမံများကိုလည်း လိုအပ်သည်။
နိုင်ငံတော်သည် အစွန်းရောက်ဝါဒကို အင်အားသုံး၍သာမက ပညာရေးနှင့် လုပ်ငန်းဆောင်တာများ၊ ထိရောက် သည့် ဒေသန္တရ အဖွဲ့အစည်းများမှ တစ်ဆင့်ပါ ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်သည်။
အုပ်ချုပ်ရေးကို ပြန်လည်တည်ဆောက်ခြင်းနှင့် လူထု၏ ယုံကြည်မှုကို ပြန်လည်ရယူရမည်ဖြစ်ပြီး အကြမ်းဖက် မှုများ ပြန်လည် ဖြစ်ပွားစေသည့် လူမှုရေးနှင့် အဖွဲ့အစည်းဆိုင်ရာ ကွဲအက်မှုများကို ပိတ်ပင်တားဆီးရမည် ဖြစ်ပေသည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: ဆောင်းပါး
- Hits: 475
CNI Sport Article
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၄
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အသင်းကို ကိုင်တွယ်တာ ရက်ပေါင်း ၁၀၆ ရက်သာရှိသေးတဲ့ နည်းပြ ရိုစီနီယာကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။
ဒါဟာ BlueCo ပိုင်ရှင်တွေ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပြုလုပ်ခဲ့တဲ့ နောက်ဆုံး စီမံခန့်ခွဲမှုအလွဲ ဥပမာတစ်ခု ဖြစ်ခဲ့ပါ တယ်။
ကလပ်အသင်း အများအပြား ပိုင်ဆိုင်တဲ့ BlueCo အဖွဲ့ဟာ ဇန်နဝါရီလမှာ ထွက်ခွာခဲ့တဲ့ မာရက်စ်ကာရဲ့ နေရာမှာ သူတို့ပိုင်တဲ့ ပြင်သစ်ကလပ် စထရာဘိုးအသင်းက နည်းပြရိုစီနီယာကို ချယ်လ်ဆီးအသင်း နည်းပြအဖြစ် ခန့်အပ်ခဲ့ တာပါ။
ပူးတွဲပိုင်ရှင်တွေဖြစ်တဲ့ အက်ဂ်ဘာလီနဲ့ တော့ဒ်ဘိုလေတို့ဟာ အသက် ၄၁ နှစ် အရွယ်သာရှိသေးပြီး အလားအလာ ရှိတဲ့သူကို ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်အဖြစ် နှစ်ရှည်စာချုပ်ချုပ်ပြီး ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
ဒါဟာ ကားမောင်းသင်ယူနေတဲ့ သူတစ်ဦးကို ဖာရာရီကားပေါ်မှာ မောင်းနှင်ပြီး ဖြေဆိုဖို့တောင်းဆိုခြင်းနဲ့ တူညီခဲ့ တာပါ။
ရိုစီနီယာထက် အတွေ့အကြုံ အများအပြားရှိတဲ့ နည်းပြတွေဟာ ချယ်လ်ဆီးအသင်းမှာ ရုန်းကန်ခဲ့ရတဲ့ သာဓက တွေလည်း ရှိခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့ကြတဲ့ နည်းပြတွေကို တွေ့ရစဉ်
တော့ဒ်ဘိုလေဦးဆောင်တဲ့ BlueCo အဖွဲ့ဟာ ၂၀၂၂ ခုနှစ်၊ မေလမှာ ရိုမန်အေဘရာမိုဗစ်ချ်ဆီကနေ ပေါင် ၄.၂၅ ဘီလီယံနဲ့ ချယ်လ်ဆီးအသင်းကို ပိုင်ဆိုင်ခဲ့တာပါ။
BlueCo အဖွဲဟာ အသင်းကို ရယူပြီးနောက် နည်းပြ အပြောင်းအလဲတွေ အများကြီး လုပ်ခဲ့တာ အပါအဝင် သူတို့ရဲ့ လုပ်ဆောင်မှုတွေဟာ ချယ်လ်ဆီးအသင်း ပရိသတ်တွေနဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေကို ဖြစ်စေခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ လက်ရှိ အချိန်မှာဆိုရင် လာမယ့်ရာသီ ဥရောပဝင်ခွင့် ရယူနိုင်ဖို့အတွက် ရုန်းကန်နေရပြီး ဥရောပဝင်ခွင့်မရရင် ဘဏ္ဍာရေးကိုလည်း ကြီးကြီးမားမား ထိခိုက်နိုင်တာပါ။
ချယ်လ်ဆီးအသင်းဟာ လက်ရှိပိုင်ရှင်တွေ လက်ထက်မှာ ကစားသမားတွေ ဝယ်ယူမှုအဖြစ် ပေါင် ၁.၅ ဘီလီယံ ဝန်းကျင် သုံးစွဲခဲ့ပြီး သူတို့ကို နှစ်ရှည်စာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။
BlueCo အဖွဲ့ဟာ သူတို့အသင်းကို ပိုင်ဆိုင်ပြီးနောက် ရက် ၁၀၀ ကုန်ဆုံးချိန်မှာ ချန်ပီယံလိဂ်ဖလား ရယူပေးခဲ့တဲ့ နည်းပြတူချယ်လ်ကို ထုတ်ပယ်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်း ပိုင်ရှင် တော့ဒ်ဘိုလေကို တွေ့ရစဉ်
သူ့ရဲ့နေရာမှာ ခန့်အပ်ခဲ့တဲ့ ဂရေဟမ်ပေါ်တာကိုလည်း ၇ လအကြာမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။
ဒီနောက်မှာ လမ်းပတ်က ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ပြီး သူ့ရဲ့နေရာမှာ ဝင်ရောက်လာခဲ့တဲ့ ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်းကို ၁ ရာသီကြာသာ ကိုင်တွယ်ကာ နှစ်ဦးသဘောတူညီမှုနဲ့ ထွက်ခွာခဲ့ပါတယ်။
ပိုချက်တီနိုရဲ့နေရာမှာ အစားထိုး ဝင်ရောက်လာခဲ့တဲ့ မာရက်စ်ကာဟာ ချယ်လ်ဆီးအသင်းကို ကွန်းဖရန့်လိဂ်နဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလား ရယူပေးနိုင်ခဲ့ပေမယ့် အသင်း အကြီးအကဲတွေနဲ့ အဆင်မပြေခဲ့တာကြောင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီမှာ ထွက်ခွာခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ သူ့ရဲ့နေရာကို ဆက်ခံခဲ့တဲ့ ရိုစီနီယာကိုလည်း ထုတ်ပယ်ခဲ့ပြီး ရာသီကုန်အထိ မက်ဖာလိန်း ကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ဖို့ တာဝန်ပေးထားပါတယ်။
မက်ဖာလိန်းဟာ အသင်းကို FA ဖလားပြိုင်ပွဲမှာ အောင်မြင်မှု ရယူပေးပြီး လာမယ့်ရာသီ ဥရောပဝင်ခွင့် တစ်နေရာ ရရှိအောင် ကြိုးပမ်းပေးရတော့မှာပါ။
BlueCo ပိုင်ရှင်အဖွဲ့ရဲ့ လက်အောက်မှာ ဘယ်နည်းပြက ချယ်လ်ဆီးအသင်းရဲ့ နည်းပြထိုင်ခုံပေါ် လာရောက်ပြီး ထိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားတဲ့ သူတွေထဲမှာ နည်းပြဟောင်း မော်ရင်ဟို၊ ရီးရယ်လ် အသင်း နည်းပြဟောင်း အလွန်ဆို၊ ဘုန်းမောက်အသင်းကနေ ထွက်ခွာမယ့် အီရာအိုလာ၊ ပဲလေ့စ်အသင်းကနေ ထွက်ခွာမယ့် ဂလက်စ်နာ၊ ကိုမိုအသင်းကို ကိုင်တွယ်နေတဲ့ ဖာဘရီဂတ်စ်နဲ့ ဖူလ်ဟမ်အသင်းနည်းပြ မာကို ဆေးလ်ဗားတို့ ပါဝင်နေတာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 940
CNI International Article
၂၀၂၆ ခုနှစ်၊ ဧပြီ ၈
မြန်မာ့တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့သည်။
အိန္ဒိယနိုင်ငံအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးမှာ မဟာဗျူဟာကျသည့်အတွက် မြန်မာ့အခြေအနေကို အနီးကပ် စောင့်ကြည့်လျက်ရှိသည်။
အိန္ဒိယသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပဋိပက္ခများ ဖြေရှင်းနိုင်ရေးကို ထောက်ခံအားပေးသည်။
ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုမှာ အဓိကသော့ချက်ဖြစ်သည်။ အထူးသဖြင့် ပဲမျိုးစုံကဏ္ဍတွင် နှစ်နိုင်ငံ ကုန်သွယ်မှုမှာ တိုးတက်လျက်ရှိပြီး သတ္တုတူးဖော်ရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်ရန်လည်း အလေးထား လျက်ရှိသည်။
အိန္ဒိယနိုင်ငံ၏ ရည်မှန်းချက်မှာ တွေ့ဆုံဆွေးနွေး မှုများမှတဆင့် တည်ငြိမ်မှု ရရှိရန်နှင့် ပြဿနာများကို ဖြေရှင်း နိုင်ရန် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် သမ္မတသစ် ရွေးချယ်တင်မြှောက်လိုက်ပြီးနောက် အိန္ဒိယက ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ရန် ကြိုးပမ်းလာခဲ့သည်။
မြန်မာ့လွှတ်တော်သည် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာရယူမှုကို ဦးဆောင်ခဲ့သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်ပြီး ၎င်း၏ အာဏာစက်ကို ပိုမိုခိုင်မာစေခဲ့သည်။
ထို့ပြင် ဒုတိယသမ္မတသစ် နှစ်ဦးအဖြစ် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့ကိုလည်း ရွေးချယ်တင်မြှောက်ခဲ့သည်။

အိန္ဒိယသံရုံးနဲ့ မြန်မာ ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ လုပ်နေကြစဉ်
မြန်မာ့တပ်မတော်မှ အငြိမ်းစား ဗိုလ်ချုပ်ကြီးဖြစ်သူ ဦးညိုစောသည် စီးပွားရေးကဏ္ဍတွင် ဩဇာညောင်းသူ တစ်ဦး အဖြစ် ရှုမြင်ခံရပြီး သမ္မတ၏ လမ်းညွှန်မှုအောက်၌ မူဝါဒရေးရာများကို ဦးဆောင် မောင်းနှင်သွားမည်ဟု မျှော်လင့် ရသည်။
တိုင်းရင်းသားကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်နန်းနီနီအေးကမူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များကို တွန်းအားပေး ဆောင်ရွက်သွားလိမ့်မည်ဟု ခန့်မှန်းရသည်။
မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၁,၆၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရာထူးတိုးမြှင့်လာမှု အခြေအနေကို အနီးကပ် စောင့်ကြည့်လျက်ရှိပါသည်။
မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အဓိက နိုင်ငံခြားရေးမူဝါဒများဖြစ်သော အရှေ့မျှော်ဝါဒ (Act East)၊ အိမ်နီးချင်း ဦးစားပေးဝါဒ (Neighbourhood First) နှင့် အင်ဒို-ပစိဖိတ် မဟာဗျူဟာ (Indo-Pacific) တို့ ဆုံမှတ်ရာတွင် တည်ရှိနေပါသည်။
ထို့ကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ ဘက်ပေါင်းစုံ လွှမ်းခြုံထားပြီး မဟာဗျူဟာမြောက် အရေးပါလှပါသည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ကူညီပံ့ပိုးပေးရန် ဆန္ဒရှိသလို ပြည်တွင်း ပဋိပက္ခများအတွက် "မြန်မာက ဦးဆောင်သော၊ မြန်မာကိုယ်တိုင် ပိုင်ဆိုင်သော၊ မြန်မာနှင့် အသင့်တော်ဆုံး ဖြစ်သော" ဖြေရှင်းချက်မျိုး ပေါ်ထွက်လာစေရန် ကူညီလိုကြောင်း နှစ်နိုင်ငံဆက်ဆံရေး ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့ပါသည်။
နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှု မပါဘဲ လုံခြုံရေးဆိုင်ရာ ချဉ်းကပ်မှု သက်သက်ဖြင့် ဆောင်ရွက်ခြင်းသည် အကန့်အသတ်များရှိသည်ဟု အိန္ဒိယအစိုးရက ယုံကြည်ထားပါသည်။
မကြာသေးမီက ကျင်းပခဲ့သည့် ရွေးကောက်ပွဲများနှင့် အစိုးရသစ် ဖွဲ့စည်းမှုသည် တွေ့ဆုံဆွေးနွေးမှုများအတွက် လမ်းစ ဖွင့်ပေးလိမ့်မည်ဟု မျှော်လင့်ရကြောင်း၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ရရှိရန်အတွက် အပြန်အလှန် အလျှော့အတင်းလုပ်ကာ အနှစ်သာရရှိရှိ ဆွေးနွေးမှုများ လိုအပ်ကြောင်း နှစ်နိုင်ငံဆက်ဆံရေး ပညာရှင်များက သုံးသပ်ကြပါသည်။

မြေရှားသတ္တုတူးဖော်နေကြစဉ်
မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းမှုရှိရန်၊ အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် ပြဿနာများကို တွေ့ဆုံဆွေးနွေး ရေး လမ်းကြောင်းမှတဆင့် ဖြေရှင်းရန်မှာ အိန္ဒိယ၏ အကျိုးစီးပွားဖြစ်သည်ဟု ဆိုပါသည်။
အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ခဲ့သလို ဒီမိုကရေစီ စနစ်ဆိုင်ရာ အတွေ့အကြုံများ ဝေမျှခြင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး လုပ်ငန်းများအတွက် သက်ဆိုင်သူ အဖွဲ့အစည်း အသီးသီးနှင့် ထိတွေ့ဆက်ဆံလျက် ရှိပါသည်။
နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွင် နိုင်ငံရေး၊ လုံခြုံရေး၊ ကာကွယ်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဆက်သွယ် ရေး၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပါဝင်ပါ သည်။
အိန္ဒိယနိုင်ငံသည် ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ် ရာဂီတိုင်ဖွန်း မုန်တိုင်းနှင့် ၂၀၂၅ ခုနှစ် မန္တလေးငလျင်တို့ ကဲ့သို့သော မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေး အန္တရာယ်များတွင် ရှေ့ဦးစွာ လာရောက် ကူညီခဲ့ သည့် နိုင်ငံများထဲတွင် ပါဝင်ခဲ့ပါသည်။
နှစ်နိုင်ငံအကြား ကုန်သွယ်မှုမှာလည်း ကျယ်ပြန့်လာခဲ့ရာ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏမှာ ၂၂.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၁၅ ဘီလီယံအထိ ရှိလာခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ပို့ကုန်မှာ ဒေါ်လာ ၁.၅၃ ဘီလီယံရှိပြီး အိန္ဒိယ၏ ပို့ကုန်မှာ ဒေါ်လာ ၆၁၄.၃ သန်း ရှိပါသည်။
မြန်မာနိုင်ငံမှ အိန္ဒိယသို့ တင်ပို့မှု၏ ၇၇ ရာခိုင်နှုန်းမှာ ပဲမျိုးစုံဖြစ်ပြီး ယင်းနှစ်အတွင်း ၂၉.၁ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါသည်။

အိန္ဒိယ-မြန်မာ နယ်နိမိတ်ကို တွေ့ရစဉ်
အိန္ဒိယသည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပါသည်။
ရူပီး-ကျပ် တိုက်ရိုက် ပေးချေမှုစနစ် (Rupee-Kyat settlement mechanism) ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ကတည်းက စတင်ကျင့်သုံးနေပြီ ဖြစ်ပါသည်။
အဆိုပါ စနစ်အောက်တွင် မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့မှုနှင့် အပြန်အလှန်အားဖြင့် အိန္ဒိယနိုင်ငံမှ စက်သုံးဆီနှင့် ဆေးဝါးတင်ပို့မှုများကို ပိုမိုတိုးမြှင့်နိုင်မည်ဆိုပါက ကုန်သွယ်ရေးကဏ္ဍကို ပိုမိုကျယ်ပြန့်လာစေမည့် အခွင့်အလမ်း များ ရှိနေပါသည်။
အခြား အလားအလာရှိသော ကဏ္ဍတစ်ခုမှာ သတ္တုတူးဖော်ရေး၊ အထူးသဖြင့် မြေရှားသတ္တု (Rare Earths) ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ပါသည်။
အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ မြေရှားသတ္တုအဝေး (Heavy Rare Earths) များကို စီးပွားရေး လုပ်ငန်းချင်း ချိတ်ဆက်မှု (Business-to-Business) အခြေခံဖြင့် ဝယ်ယူရန် အသင့်ရှိနေသလို သတ္တုရှာဖွေရေးနှင့် တူးဖော်ရေး လုပ်ငန်းများအတွက် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုနှင့် လေ့ကျင့် သင်တန်းပေးမှုများကိုလည်း ကူညီဆောင်ရွက်ပေး ရန် အသင့်ရှိနေပါသည်။
- By CNI
- Category: ဆောင်းပါး
- Hits: 932
CNI International Article
၂၀၂၆ ခုနှစ်၊ ဧပြီ ၄
ကမ္ဘာပေါ်တွင် ဟော်မုဇ် ရေလက်ကြားမှတဆင့် ရေနံအများဆုံး တင်သွင်းနေသည့် တရုတ်နိုင်ငံသည် ထိုရေလမ်းကြောင်း ပိတ်ဆို့မှုကို အကောင်းဆုံး ရင်ဆိုင်ကျော်လွှားနိုင်သည့် အခြေအနေတွင် ရှိနေသည်။
တရုတ်နိုင်ငံသည် ပင်လယ်ကွေ့ဒေသမှ ရေနံ အများအပြားကို သုံးစွဲနေပြီး အဆိုပါဒေသကနေ ရေနံတင်သွင်းမှု ပမာဏမှာ အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယား သုံးနိုင်ငံပေါင်း တင်သွင်းမှုနှင့် တူညီနေသည်။
ရေလက်ကြား ပိတ်ဆို့မှုအပေါ် တုန့်ပြန်သည့် အနေဖြင့် အာရှတစ်လွှားရှိ တာဝန်ရှိသူများသည် စွမ်းအင်ချွေတာ ရန်အတွက် အစီအစဉ်များ ချမှတ်လုပ်ဆောင်လျက်ရှိသည်။
သို့သော် တရုတ်နိုင်ငံတွင်မူ ကွန်မြူနစ်ပါတီ၏ အဓိက သတင်းစာက နိုင်ငံအတွင်း စွမ်းအင်များ လုံလုံလောက် လောက် ရှိကြောင်း ရေးသားဖော်ပြနေသည်။
အဆိုပါ သတင်းစာ၏ အယ်ဒီတာ့အာဘော်တွင် တရုတ်အစိုးရသည် စွမ်းအင်များ သိမ်းဆည်းရန်အတွက် ပြည်ပသို့ စက်သုံးဆီ တင်ပို့မှုကို တရားမဝင် ပိတ်ပင်ထားခြင်း ရှိ၊ မရှိ ထည့်သွင်း ဖော်ပြထားခြင်း မရှိပေ။
သို့သော် တရုတ်နိုင်ငံသည် နှစ်ပေါင်းများစွာကတည်းက စွမ်းအင်ဆိုင်ရာ ရိုက်ခတ်မှုများကို လျှော့ချနိုင်ရန် မူဝါဒပိုင်းအရ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည့်အတွက် အိမ်နီးချင်း နိုင်ငံများထက် ပိုမို ခံနိုင်ရည် ရှိနေသည်။
တရုတ်နိုင်ငံတွင် တစ်ကမ္ဘာလုံးရှိ လျှပ်စစ်ကား (EV) အရေအတွက် စုစုပေါင်းနှင့် ညီမျှလုနီးပါးရှိသော EV ကားများ ရှိနေခြင်း၊ ရေနံ အမြောက်အမြားကို သိုလှောင်ထားနိုင်ခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရရှိနိုင်မည့် လမ်းကြောင်း များကို နည်းမျိုးစုံဖြင့် ချဲ့ထွင်ထားခြင်းတို့အပြင် ပြည်တွင်းဖြစ် ကျောက်မီးသွေးနှင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် များကြောင့် ပြည်ပသွင်းကုန်များအပေါ် မှီခိုနေရခြင်းမှ ကင်းဝေးသည့် လျှပ်စစ်ဓာတ်အားကွန်ရက်ကို ပိုင်ဆိုင် ထားခြင်းတို့ကြောင့် ဖြစ်သည်။
“လက်ရှိ အခြေအနေဟာ တရုတ် မူဝါဒရေးဆွဲသူတွေ ဆယ်စုနှစ် ပေါင်းများစွာ ကြိုတင်မျှော်လင့် စဉ်းစားထားခဲ့တဲ့ အခြေအနေမျိုးနဲ့ တကယ်ကို နီးစပ်နေပါတယ်။ ဒါဟာ ပင်လယ်ရေကြောင်းက တစ်ဆင့် တင်သွင်းရတဲ့ လောင်စာ တွေအပေါ် မှီခိုနေရမှုကို လျှော့ချဖို့ ကြိုးပမ်းအားထုတ်မှုတွေဟာ မှန်ကန်ကြောင်း သက်သေပြလိုက်တာပဲ ဖြစ်ပါ တယ်”ဟု ဖင်လန်နိုင်ငံ အခြေစိုက် စွမ်းအင်နှင့် သန့်ရှင်းသောလေထု သုတေသနစင်တာ (CREA) ၏ ပူးတွဲ တည်ထောင်သူ လော်ရီ မီလီဗာတာ (Lauri Myllyvirta) က ပြောကြားခဲ့သည်။

ရေနံသိုလှောင်မှုကိန်းဂဏန်းကိုတွေ့ရစဉ်
မျှော်လင့်မထားသော EV အရှိန်အဟုန်
**********************************
တရုတ်အစိုးရသည် ၂၀၂၅ ခုနှစ်၌ ကားသစ်ရောင်းချမှု၏ ၂၀ ရာခိုင်နှုန်းကို EV များ ဖြစ်လာစေရန် ၂၀၂၀ ပြည့်နှစ်က ရည်မှန်းချက် ချမှတ်ခဲ့သည်။
သို့သော် ၂၀၂၅ ခုနှစ်တွင် ကားသစ်ရောင်းချမှု စုစုပေါင်း၏ ထက်ဝက်ခန့်မှာ EV များဖြစ်ပြီး ရည်မှန်းချက်ထက် ပိုမိုရောင်းချနိုင်ခဲ့သည်။
မျှော်လင့်မထားသော EV အရှိန်အဟုန်ကြောင့် တရုတ်နိုင်ငံသည် လွန်ခဲ့သော နှစ်အနည်းငယ်က ခန့်မှန်းထား ခဲ့သည်ထက်စာလျှင် ရေနံကို ပိုမိုလျှော့ချ အသုံးပြုနေပြီး ပြည်ပမှ တင်သွင်းမှုကိုလည်း လျှော့ချနေပြီဖြစ်သည်။
စွမ်းအင်နှင့် သန့်ရှင်းသောလေထု သုတေသနစင်တာ (CREA) ၏ ခန့်မှန်းချက်များအရ ပြီးခဲ့သည့်နှစ်အတွင်း EV များကြောင့် အစားထိုးနိုင်ခဲ့သည့် ရေနံပမာဏမှာ တရုတ်နိုင်ငံက ဆော်ဒီအာရေဗျထံမှ ဝယ်ယူတင်သွင်းသည့် ပမာဏနှင့် အကြမ်းဖျင်း တူညီနေကြောင်း သိရသည်။
စိတ်ချရသော လျှပ်စစ်ဓာတ်အားကွန်ရက်
***********************************
တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားကွန်ရက်ကို ကျောက်မီးသွေးနှင့် ပြန်ပြည့်မြဲ စွမ်းအင်များဖြင့် အဓိက လည်ပတ်နေခြင်း ဖြစ်သည်။
တရုတ်အစိုးရ၏ မူလရည်မှန်းချက်များထက်ပင် ကျော်လွန်သွားခဲ့သော သန့်ရှင်းသော စွမ်းအင်ကဏ္ဍသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာမှုကြောင့် နိုင်ငံ၏ စီးပွားရေးကဏ္ဍအတွက် နှစ်စဉ်လိုအပ်ချက် ရှိနေသော ပိုလျှံ လျှပ်စစ်ဓာတ်အား အားလုံးနီးပါးကို နေရောင်ခြည်စွမ်းအင်သုံး သို့မဟုတ် လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံ အသစ်များမှ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။
ထိုကြောင့် ပြည်ပမှ ကျောက်မီးသွေး တင်သွင်းမှု လျော့ကျသွားခြင်းနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် သဘာဝဓာတ်ငွေ့ကို အသုံးပြုနေသည့် ကမ်းရိုးတန်းပြည်နယ် အနည်းငယ်အတွက် သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းရမှု လျော့နည်းသွားသည်။
ရေနံဝယ်ယူနိုင်သည့် လမ်းကြောင်း များပြားခြင်း
******************************************
တရုတ်နိုင်ငံသည် ရေနံကို အများအပြား တင်သွင်းနေသော်လည်း အခြားအာရှ နိုင်ငံကြီးများနှင့် မတူသည့် အချက်မှာ ရေနံဝယ်ယူရေးအတွက် နိုင်ငံတစ်နိုင်ငံတည်း အပေါ်တွင်သာ မှီခိုနေရခြင်းမျိုး မရှိစေရန် အထူးဂရုပြု ဆောင်ရွက်ထားခြင်း ဖြစ်သည်။
ဥပမာအားဖြင့် ဂျပန်နိုင်ငံသည် ပုံမှန်အားဖြင့် ၎င်းတို့လိုအပ်သော ရေနံ၏ ၈၀ ရာခိုင်နှုန်းနီးပါးကို ဆော်ဒီအာရေဗျ နှင့် ယူအေအီးနိုင်ငံတို့ထံမှ ဝယ်ယူနေရသည်။
သို့သော် တရုတ်သည် ရေနံဝယ်ယူမှုပမာဏ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကို နိုင်ငံပေါင်း ၈ နိုင်ငံထံမှ ဝယ်ယူနေခြင်း ဖြစ်သည်။
ထို့ပြင် အမေရိကန်၏ ပိတ်ဆို့ အရေးယူမှုများကြောင့် အခြားနိုင်ငံများအတွက် ဝယ်ယူရန် ခက်ခဲသည့် ရုရှား၊ ဗင်နီဇွဲလားနှင့် အီရန်နိုင်ငံတို့ထံမှ လျှော့ဈေးဖြင့် ရရှိသော ရေနံများကို အများအပြားကို ဝယ်ယူခြင်းလည်း ပါဝင်သည်။
ထို့နောက် တရုတ်သည် တင်သွင်းလာသော ရေနံအချို့ကို ၎င်း၏ မဟာဗျူဟာမြောက် ရေနံသိုလှောင်ကန်များ အတွင်း ဖြည့်တင်းထားသည်။
တရုတ်၏ ရေနံ သိုလှောင်ထားမှု ပမာဏ မည်မျှရှိသည်ကို မည်သူမျှ အတိအကျ မသိရှိသော်လည်း စီးပွားဖြစ် ရေနံချက် စက်ရုံများတွင် ရှိနေသော လက်ကျန်များနှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် တရုတ်နိုင်ငံ၌ သိုလှောင် ထားသော ရေနံပမာဏမှာ ဟော်မုဇ်ရေလက်ကြားမှ တင်သွင်းနေရသည့် ရေနံပမာဏကို ၇ လစာအထိ အစားထိုး နိုင်မည့် အနေအထားတွင် ရှိနေကြောင်း ခန့်မှန်းထားကြသည်။

တရုတ်ရဲ့ ဟော်မုဇ်ရေလက်ကြား အခြေပြကိုတွေ့ရစဉ်
ပြည်တွင်းထုတ်လုပ်မှု မြင့်တက်လာခြင်း
**********************************
ပြီးခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံသည် တစ်နေ့လျှင် ရေနံစည်ပေါင်း ၄ ဒသမ ၃ သန်း ထုတ်လုပ်နိုင်ခဲ့ပြီး ထိုပမာဏ သည် စံချိန်သစ် တစ်ခုဖြစ်သလို ပြည်ပမှ ရေနံတင်သွင်းမှု စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်နှင့် ညီမျှသော ပမာဏ ဖြစ်သည်။
ပြည်တွင်း သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာနေပြီး ပိုက်လိုင်းများမှတဆင့် တင်သွင်းလာသော ဓာတ်ငွေ့များနှင့် ပေါင်းစပ်လိုက်ပါက တရုတ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့ရည် (LNG) ဝယ်ယူ တင်သွင်းမှုသည် ၂၀၂၀ ပြည့်နှစ်ကထက်ပင် လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။
တရုတ်နိုင်ငံ၏ ပိုက်လိုင်းကွန်ရက်သည် ပင်လယ်ရေကြောင်းမှတဆင့် တင်သွင်းရမှု အပေါ် မှီခိုနေရခြင်းကို လျှော့ချပေးနိုင်ပြီး ရုရှား၊ ဗဟိုအာရှနှင့် မြန်မာနိုင်ငံတို့ထံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ရယူနိုင်ရန် အခွင့်အလမ်း ရှိထားသည်။
ပိုမိုလုံခြုံစိတ်ချရသော အနာဂတ်
*****************************
ဆယ်စုနှစ် ပေါင်းများစွာ တိုင်အောင် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ပြည်ပမှ တင်သွင်းရသော ရုပ်ကြွင်းလောင်စာများ၊ အထူးသဖြင့် ရေနံစိမ်းအပေါ်တွင်သာ အမှီပြုခဲ့ရသည်။
သို့သော် လျှပ်စစ်ကား (EV) များ အရှိန်အဟုန်ဖြင့် ထိုးတက်လာမှုကြောင့် တရုတ်နိုင်ငံသည် ၎င်း၏ စီးပွားရေး မောင်းနှင်အားကို ပြည်ပရေနံအပေါ် မှီခိုနေရခြင်းမှ ရုန်းထွက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
“တရုတ်နိုင်ငံရဲ့ ရေနံလိုအပ်ချက်ဟာ ဒီနှစ်မှာ အမြင့်ဆုံးကို ရောက်ရှိသွားနိုင်ပြီး အဲဒီနောက်ပိုင်းမှာတော့ တဖြည်း ဖြည်း လျော့နည်းသွားဖို့ ရှိပါတယ်။ ဒါကြောင့် ပြည်ပကနေ တင်သွင်းရတဲ့ အချိုးအစားက မြင့်မားနေဦးမှာ ဖြစ်ပေမဲ့ အခြေအနေကတော့ လက်ရှိထက် ပိုဆိုးသွားဖို့ မရှိပါဘူး” ဟု Rystad Energy မှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ သုတေသနဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ချန်လင်း (Chen Lin) က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: ဆောင်းပါး
- Hits: 759
CNI Sport Article
၂၀၂၆ ခုနှစ်၊ ဧပြီ ၃
ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့အတွက် နည်းလမ်းတစ်ခုထက် ပိုပြီး ရှိတယ်ဆိုတာကို ဆွီဒင်အသင်းက ရှာဖွေတွေ့ရှိ သွားခဲ့ ပါတယ်။
ဆွီဒင်အသင်းဟာ ပလေးအော့ဖ် ဗိုလ်လုပွဲမှာ တိုက်စစ်မှူး ယိုကီရက်စ်ရဲ့ နောက်ကျ သွင်းဂိုးကြောင့် ပိုလန်အသင်း ကို အနိုင်ရပြီး ဥရောပဇုန်ကနေ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဝင်ခွင့်တစ်နေရာကို ရရှိသွားခဲ့ပါတယ်။
ဆွီဒင်အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲတုန်းက ကစားခဲ့တဲ့ ၆ ပွဲမှာ ရမှတ် ၂ မှတ်သာရရှိခဲ့ပြီး အုပ်စုတွင်း နောက်ဆုံး နေရာမှာ ရပ်တည်နေတာပါ။
အဲ့ဒါကြောင့် ဆွီဒင်အသင်းဟာ ကမ္ဘာ့ဖလား မျှော်လင့်ချက်နဲ့ အလွန်ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် နေးရှင်းလိဂ်ပြိုင်ပွဲက ရပ်တည်မှုဟာ ဆွီဒင်အသင်းအတွက် ကမ္ဘာ့ဖလား မျှော်လင့်ချက် ရှင်သန်စေ ခဲ့တာပါ။

အီတလီအသင်းကို တွေ့ရစဉ်
ဆွီဒင်အသင်းဟာ နေးရှင်းလိဂ်မှာ အုပ်စုတွင်း ထိပ်ဆုံးနေရာ ရပ်တည်ခဲ့တာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ပလေးအော့ဖ် ကစားဖို့ အခွင့်အရေးရခဲ့တာ ဖြစ်ပါတယ်။
နေးရှင်းလိဂ်ပြိုင်ပွဲမှာ ရပ်တည်မှုတွေကြောင့် ဝေးလ်စ်၊ ချက်၊ ရိုမေးနီးယား၊ ဆွီဒင်၊ မြောက်မက်ဆီဒိုးနီးယားနဲ့ မြောက်အိုင်ယာလန်အသင်းတို့ဟာ ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။
ဒါဆိုရင် ကမ္ဘာ့ဖလားခြေစစ်ပွဲက ရမှတ်တွေက အရေးမပါတော့ဘူးလားဆိုတဲ့ မေးခွန်းတွေကလည်း ထွက်ပေါ်နေ ပါတယ်။
ဘာကြောင့်လဲဆိုရင် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဆွီဒင်အသင်းကို (၂)ပွဲစလုံး အနိုင်ယူပြီး အုပ်စုတွင်း ဒုတိယနေရာ ရပ်တည်ခဲ့တဲ့ ကိုဆိုဗိုအသင်းဟာ ပလေးအော့ဖ် ဗိုလ်လုပွဲမှာ တူရကီအသင်းကို အရေးနိမ့်ကာ ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့်ပါ။
ဒါဆိုရင် နောက်လာမယ့် နေးရှင်းလိဂ်ပွဲတွေကို အသင်းတွေပိုပြီး အားထုတ် ယှဉ်ပြိုင်လာကြမလားဆိုတာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
အရင်က နေးရှင်းလိဂ်ပြိုင်ပွဲတွေမှာ ထိပ်သီး အသင်းတွေကလွဲပြီး ကျန်တဲ့အသင်းတွေဟာ အားထုတ်မှု နည်းပါးခဲ့ ကြတာပါ။
အခုအချိန်မှာတော့ ဆွီဒင်အသင်းဟာ နေးရှင်းလိဂ်မှာ စွမ်းဆောင်ခဲ့တဲ့အရာတွေနဲ့ ကမ္ဘာ့ဖလားဝင်ခွင့်ကို ရယူပြီး ပြသသွားတာဖြစ်ပါတယ်။

ဆွီဒင်အသင်း နည်းပြကို တွေ့ရစဉ်
ဆွီဒင်အသင်းနည်းပြ ဂရေဟမ်ပေါ်တာက သူတို့ဟာ ပြီးပြည့်စုံခဲ့ခြင်း မရှိပေမယ့် ဒါကို ဘယ်သူက ဂရုစိုက်မှာလဲနဲ့ အခု ကမ္ဘာ့ဖလားပြိုင်ပွဲကို သူတို့သွားတော့မယ်လို့ ခြေစစ်ပွဲ အောင်မြင်ပြီးနောက် ပြောခဲ့တာပါ။
ပရိသတ်တွေ တချို့ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ဟာ နေးရှင်းလိဂ်ပြိုင်ပွဲ မပါဝင်ဘဲ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ရလဒ်နဲ့သာ ဆုံးဖြတ်သင့်တယ်ဆိုပြီး ငြင်းခုံမှုတွေလည်း ရှိနေကြပါတယ်။
ဆွီဒင်အသင်းဟာ ဥရောပဇုန်က သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း လုပ်ခဲ့တာဖြစ်လို့ ကမ္ဘာ့ဖလားဝင်ခွင့်က သူတို့အတွက် ထိုက်တန်ခဲ့တာဖြစ်ပြီး အုပ်စုတွင်း ဒုတိယနေရာ ရပ်တည်ပြီး ခြေစစ်ပွဲ မအောင်မြင်ခဲ့တဲ့ အီတလီနဲ့ ကိုဆိုဗိုအသင်းတို့ အတွက်တော့ ဒါဟာ ကောင်းတဲ့အချက် မဟုတ်ခဲ့တာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲက ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး လာမယ့် ဇွန်လရောက်ရင် ပြိုင်ပွဲ ကြီး စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။
ဆွီဒင်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု F မှာ နယ်သာလန်၊ ဂျပန်၊ တူနီးရှားအသင်းတို့နဲ့ တစ်အုပ်စု တည်း ကျရောက်နေပါတယ်။
Source: Dailymail
Page 1 of 18
