- By CNI
- Category: ဆောင်းပါး
- Hits: 42
CNI International Article
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၄
တောင်အာရှဒေသသည် ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံနီးပါး နေထိုင်သည့် အရပ်ဒေသ ဖြစ်သော်လည်း နယ်စပ် ဖြတ်ကျော် သွားလာလှုပ်ရှားမှု အပိုင်းတွင် ကမ္ဘာပေါ်၌ အပြန်အလှန် ချိတ်ဆက်မှု အားနည်းဆုံးသော ဒေသများထဲ မှာ ပါဝင်နေသည်။
ရာစုနှစ်ပေါင်းများစွာ တူညီသော သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် ဘာသာစကားများ ရှိနေကြသော်လည်း ထိုအချက်များက အိမ်နီးချင်းနိုင်ငံများကြား လွယ်ကူချောမွေ့သော ခရီးသွားလာမှုများကို အထောက်အကူ မဖြစ်ခဲ့ပေ။
ထို့ပြင် ဗီဇာကန့်သတ်ချက်များ၊ နိုင်ငံရေး တင်းမာမှုများနှင့် သံတမန်ရေးရာ မရေရာမှုများကသာ နယ်စပ် ဖြတ်ကျော် သွားလာမှုများအပေါ် လွှမ်းမိုးထားသည်။
လူသားများသည် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး သို့မဟုတ် မိသားစုများကို သွားရောက်တွေ့ဆုံရေး အစရှိသည့် အကြောင်းကိစ္စများဖြင့် ခရီးသွားလေ့ရှိသည်။
သို့သော် တောင်အာရှဒေသတွင်မူ နယ်စပ်မျဉ်းများသည် မြေပုံပေါ်တွင် ရေးဆွဲထားသည့် သာမန်မျဉ်းကြောင်းများ မဟုတ်ဘဲ ကျော်ဖြတ်ရခက်သည့် တံတိုင်းကြီးများသဖွယ် ဖြစ်နေသည်။
ထိုအချက်က စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ လွတ်လပ်စွာ သွားလာခွင့်နှင့် ယဉ်ကျေးမှုဆိုင်ရာ ချိတ်ဆက်မှုများ အပေါ် အမှီပြုပြီး ယခုထက်ပို၍ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသည့် တောင်အာရှဒေသကို ထိခိုက် နစ်နာစေသည်။
ဥရောပသမဂ္ဂ (EU) နှင့် အာဆီယံကဲ့သို့ ကမ္ဘာ့အခြားသော ဒေသများ၌ နိုင်ငံအချင်းချင်း ပိုမိုနီးကပ်စွာ ချိတ်ဆက် နိုင်ရန် ကြိုးပမ်းနေကြသော်လည်း တောင်အာရှဒေသမှာမူ အခြေခံကျသော အဆင့်တစ်ခုမှာတင် တစ်ဆို့နေဆဲ ဖြစ်သည်။

ပါကစ္စတန်နဲ့အိန္ဒိယ နယ်စပ်မျဉ်းကို တွေ့ရစဉ်
တောင်အာရှတွင် အိမ်နီးချင်းနိုင်ငံ တစ်ခုသို့ သွားရောက်ရန်မှာ ကမ္ဘာ့တစ်ဖက်ခြမ်းသို့ လေယာဉ်စီးသွားရသည် ထက်ပင် ပိုမိုခက်ခဲနေတတ်သည်။
တောင်အာရှတွင် ခရီးသွားလာရေးသည် နိုင်ငံများကြား သံတမန်ရေးရာ ဆက်ဆံရေး အခြေအနေပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေသည်။
ကျောင်းသားများ၊ သုတေသီများ၊ ကမ္ဘာလှည့်ခရီးသွားများ၊ လူနာများနှင့် စီးပွားရေးသမားများသည် ၎င်းတို့ ကိုယ်တိုင် ပြောပိုင်ခွင့်မရှိသည့် နိုင်ငံရေး ဆုံးဖြတ်ချက်များကြားတွင် ဓားစာခံဖြစ်နေရသည်။
ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့၏ ဖြစ်စဉ်သည် နယ်စပ် အခြေအနေများ မည်မျှအထိ လျင်မြန်စွာ ပြောင်းလဲ သွားနိုင်သည်ဆိုခြင်းကို ပြသနေသည်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဆူပူအုံကြွမှုများနှင့် အစိုးရ အပြောင်းအလဲ ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအတွက် ခရီးသွားဗီဇာ ထုတ်ပေးမှုကို ပိတ်ပင်ခဲ့ပြီး ဆေးကုသမှု ခံယူမည့် လူနာများအတွက်သာ ဗီဇာများ ထုတ်ပေးခဲ့သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအတွက် တစ်ချိန်က လွယ်လွယ်ကူကူ အဝင်၊ အထွက် ပြုလုပ်နိုင်သည့် အိန္ဒိယခရီးစဉ် တစ်ခုသည် ခက်ခဲသော ခရီးတစ်ခု ဖြစ်လာခဲ့သည်။
ထို့နောက် ၂ နှစ်နီးပါး အကြာတွင်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအတွက် ခရီးသွားဗီဇာများကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ပြန်လည်စတင် ခွင့်ပြုပေးမည်ဖြစ်ကြောင်း အိန္ဒိယက ကြေညာခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံကြား ခရီးသွားလာမှုများသည်လည်း အလားတူပင် ခက်ခဲနေဆဲဖြစ်သည်။
အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) သည် အနောက်ပါကစ္စတန် (ယခု ပါကစ္စတန်) ထံမှ လွတ်လပ်ရေး ရရှိရန် စ-စ်ပွဲဆင်နွှဲခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသစ်အဖြစ် ပေါ်ထွန်းလာခဲ့သည့် ၁၉၇၁ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်ခဲ့သည့်တိုင်အောင် အတိတ်က ဒဏ်ရာဟောင်းများသည် နှစ်နိုင်ငံဆက်ဆံရေးကို လွှမ်းမိုးထားဆဲ ဖြစ် သည်။
ဗီဇာဝန်ဆောင်မှုများကို လုံးဝဥဿုံ ပိတ်ပစ်လိုက်ခြင်းမျိုး တစ်ခါမျှ မရှိခဲ့ဖူးသော်လည်း သွားလာလှုပ်ရှားခွင့်မှာမူ ဆယ်စုနှစ်များစွာကြာအောင် ကန့်သတ်ခံထားရဆဲ ဖြစ်သည်။
အိန္ဒိယနှင့် ပါကစ္စတန်တို့၏ အခြေအနေမှာမူ အဆိုးရွားဆုံး သာဓကတစ်ခု ဖြစ်သည်။

အိန္ဒိယ၏ ပါဟာဂမ် (Pahalgam) ကျေးရွာ အလှကို တွေ့ရစဉ်
၁၉၄၇ ခုနှစ်တွင် အိန္ဒိယနှင့် ပါကစ္စတန် ကွဲပြားသွားခဲ့ပြီးကတည်းက ပြတ်တောင်း ပြတ်တောင်း ဖြစ်ပွားခဲ့သော စ-စ်ပွဲများနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများကြောင့် နယ်စပ်ဖြတ်ကျော် သွားလာမှုကို နည်းပါးစေခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ဖြစ်ပွားခဲ့သည့် အိန္ဒိယ၏ ပါဟာဂမ် (Pahalgam) ကျေးရွာ တိုက်ခိုက်မှုအပြီး၌ အခြေ အနေများမှာ ပိုမို ဆိုးရွားသွားခဲ့ပြီး အိန္ဒိယနိုင်ငံသည် ပါကစ္စတန် နိုင်ငံသားများအတွက် ဗီဇာ ဝန်ဆောင်မှုများကို ဆိုင်းငံ့လိုက်သည့်အပြင် ထုတ်ပေးပြီးသားဗီဇာ အများအပြားကိုပါ ပြန်လည်ရုပ်သိမ်းခဲ့သည်။
ထိုအချိန်မှစပြီး ယနေ့အထိ နှစ်နိုင်ငံကြား သွားလာလှုပ်ရှားမှုများမှာ လုံးဝနီးပါး ရပ်တန့်နေခဲ့သည်။
အိန္ဒိယနှင့် အာဖဂန်နစ္စတန် နိုင်ငံကြားတွင်လည်း အလားတူပင် ပိတ်ဆို့ထားသည့် နယ်စပ်များ ရှိနေသည်။
၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် တာလီဘန်တို့ အာဏာရယူခဲ့ပြီးနောက် အိန္ဒိယနိုင်ငံသည် အာဖဂန်နိုင်ငံသားများ အတွက် ပုံမှန်ဗီဇာ လျှောက်ထားခွင့်ကို ဆိုင်းငံ့ခဲ့သည်။
၂၀၂၅ ခုနှစ်သို့ ရောက်ရှိချိန်မှသာ အိန္ဒိယက အာဖဂန်အတွက် စီးပွားရေး၊ ဆေးကုသမှုနှင့် ကျောင်းသား စသည့် သတ်မှတ်ထားသော ကဏ္ဍအချို့အတွက် အီလက်ထရွန်နစ်ဗီဇာ (e-visas) များ စတင်မိတ်ဆက်ပေးခဲ့သဖြင့် အနည်းငယ် ပြန်လည်ပွင့်လင်းလာခဲ့သည်။
အာဖဂန်နစ္စတန်-ပါကစ္စတန် နယ်စပ်သည်လည်း ဒေသတွင်းရှိ အခြားနယ်စပ်များကဲ့သို့ပင် လုံးဝပိတ်ဆို့နေသည်။
လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ၊ လက်နက်ကိုင်ပဋိပက္ခများနှင့် သံတမန်ရေးရာ တင်းမာမှုများသည် အာဖဂန် နိုင်ငံသားများအတွက် ကြီးမားသော အဟန့်အတားများကို ဖြစ်ပေါ်စေခဲ့ပြီး၊ တာလီဘန်တို့ အာဏာရရှိပြီးနောက် ပိုင်း ခိုလှုံခွင့် ရှာဖွေနေကြသည့် မိသားစုများအပေါ် ကန့်သတ်ချက်များ ပိုမိုတင်းကျပ်လာခြင်းနှင့် အုပ်စုလိုက် နေရပ် ပြန်ပို့ခံရခြင်းတို့ ရှိခဲ့သည်။
အခြားသော နေရာများတွင်လည်း တားမြစ် ကန့်သတ်မှုပုံစံချင်း မတူညီကြသော်လည်း ရလဒ်များမှာမူ အတူတူပင်ဖြစ်သည်။
သီရိလင်္ကာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်းက ဗီဇာစိစစ်ခြင်း လုပ်ငန်းစဉ်ကို ပြင်ပကုမ္ပဏီသို့ လွှဲပြောင်းလုပ်ကိုင်ရန် ကြိုးပမ်းခဲ့သဖြင့် ကုန်ကျစရိတ်များကို မြင့်တက်စေခဲ့ပြီး ခရီးသွားများကို ရှုပ်ထွေးသည့် လုပ်ထုံးလုပ်နည်းများ ကြားတွင် ပိတ်မိစေခဲ့သည်။

အိန္ဒိယရဲ့ e-visas ကို တွေ့ရစဉ်
နောက်ပိုင်းတွင် တရားလွှတ်တော်ချုပ်က ထိုကြိုးပမ်းမှုကို ဆိုင်းငံ့လိုက်သော်လည်း နောက်ဆက်တွဲ ဆိုးကျိုးများ ကို လက်ရှိအချိန်အထိ လိုက်လံဖြေရှင်းနေရဆဲ ဖြစ်သည်။
ဘူတန်နိုင်ငံကမူ ခရီးသွားကဏ္ဍတွင် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု အခကြေးငွေဟုခေါ်သော ငွေကြေး ကောက်ခံသည့်စနစ်ဖြင့် ကွဲပြားသည့် ချဉ်းကပ်ပုံကို အသုံးပြုထားသည်။
ထိုစနစ်သည် ဗီဇာကန့်သတ်ချက် မဟုတ်သော်လည်း ခရီးသွားလာမှုနှင့် ငွေကြေးသုံးစွဲမှုကို တိုက်ရိုက် သက် ရောက် စေခဲ့သည်။ ဘူတန်တွင် ကြိုက်သည့် နေရာကို သွား၊ ကျသလောက်ရှင်း ဆိုသည့် ပုံစံမျိုး ဖြစ်နေသည်။
သဘောမှာ ငွေများများ သုံးလေလေ၊ နေရာဒေသ အများအပြားကို ရောက်လေလေ ဖြစ်သည်။
နီပေါနှင့် မော်လ်ဒိုက်နိုင်ငံတို့မှာမူ အိမ်နီးချင်း အများစုထက် ပိုမိုဖြေလျှော့ထားသော အစီအစဉ်များ ရှိနေကြသဖြင့် ချွင်းချက်အဖြစ် ရှိနေဆဲဖြစ်သည်။
သို့သော် ထိုကဲ့သို့ ခရီးသွားကဏ္ဍ ဖြေလျှော့ချက်များသည် ဒေသတွင်း ဘုံသဘောတူညီချက် မူဘောင်တစ်ခုအပေါ် အခြေခံထားခြင်းမျိုး မဟုတ်ဘဲ နိုင်ငံအချင်းချင်း သီးခြားစီ ပြုလုပ်ထားသည့် နှစ်နိုင်ငံသဘောတူညီချက်များ အပေါ်တွင်သာ မူတည်နေခြင်းဖြစ်သည်။
ခြုံငုံသုံးသပ်ရမည်ဆိုပါက ပကတိ အခြေအနေသည် ပြောင်းလဲသွားခြင်း မရှိသေးပေ။
တောင်အာရှဒေသတွင် နေထိုင်သူ အများစုသည် အိမ်နီးချင်းနိုင်ငံများဆီ သွားရောက် လည်ပတ်ခြင်းထက် ဥရောပ၊ အမေရိက၊ အာဖရိက အစရှိသည့် အလှမ်းဝေးကွာသော နိုင်ငံများဆီသို့ လေယာဉ် စီးသွားရသည်က ပိုမို လွယ်ကူသည်ဟု ယူဆနေကြရဆဲ ဖြစ်သည်။
ထိုအချက်သည် ဒေသတွင်း ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းများနှင့် စီးပွားရေး အခွင့်အလမ်းများကိုပါ ဆုတ်ယုတ်ပျက်စီးစေသည်။
တစ်ချိန်တည်းမှာပင် အစိုးရများအနေဖြင့် ထိုအကျိုးဆက်၏ ဂယက်ရိုက်ခတ်မှုကို တိုက်ရိုက်ခံစားရလေ့ မရှိကြပေ။
ထိုအကျိုးဆက်၏ ရိုက်ခတ်မှုကို တိုက်ရိုက် ခံစားနေရသူများမှာ ပညာရှာဖွေနေကြသည့် ကျောင်းသားများ၊ အရေး ပေါ် ဆေးကုသမှု လိုအပ်နေသည့် လူနာများ၊ နယ်စပ်မျဉ်းကြောင့် ကွဲကွာနေရသည့် မိသားစုများနှင့် ဈေးကွက် ချဲ့ထွင်ရန် ကြိုးပမ်းနေကြသည့် စီးပွားရေးလုပ်ငန်းရှင်များသာ ဖြစ်သည်။
သေချာသည်မှာ ပိုမို အချိတ်အဆက်မိသော ဒေသတစ်ခုကို တည်ဆောက်ခြင်းသည် နယ်စပ်တံတိုင်းများကို ဖြိုဖျက်ပစ်ရန် သို့မဟုတ် အမှန်တကယ်ရှိနေသည့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို လျစ်လျူရှုပစ်ရန် ဆိုလိုခြင်း မဟုတ်ပေ။
သို့သော် ကျောင်းသားများ၊ သုတေသီများနှင့် စီးပွားရေးသမားများအတွက် အကျိုးရှိမည့် ရည်ရွယ်ချက်များဖြင့် နယ်စပ်ဖြတ်ကျော် သွားလာခြင်းကို မလိုအပ်ဘဲ ပိတ်ဆို့တားဆီးထားသည့် တံတိုင်းကြီးများသည် မည်သူ့အတွက် မျှ အကျိုးမရှိနိုင်ပေ။
တောင်အာရှဒေသ အနေဖြင့် ရေတို အမြော်အမြင်သာရှိသည့် နယ်စပ် မူဝါဒများကြောင့် မိမိတို့၏ အိမ်နီးချင်း နိုင်ငံသား အချင်းချင်းကြား ရေရှည် စိမ်းကားနေကြမည့် အခြေအနေမျိုးကို မည်သည့်အချိန်အထိ ဖြစ်ခွင့်ပြုထား မည်နည်းဆိုသည့်မေးခွန်းကို ရှင်းလင်းစွာ ဖြေဆိုရမည်ဖြစ်ပေသည်။
- By CNI
- Category: ဆောင်းပါး
- Hits: 55
CNI Sport Article
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ကနေ တန်းဆင်းဖို့ အလွန်နီးစပ်ခဲ့တဲ့ စပါးအသင်းဟာ ရာသီသစ်မတိုင်မီ ပြင်ဆင်မှုတွေ ကြီးကြီးမားမား ပြုလုပ်နေပြီး စောင့်ကြည့်ရမယ့် အသင်းတွေထဲက တစ်သင်းအဖြစ် ရှိနေပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ တန်းတင် ကျန်ရစ်နိုင်ဖို့အတွက် နောက်ဆုံးပွဲအထိ ယှဉ်ပြိုင်ခဲ့ ရတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီကလို မဖြစ်အောင် အသင်းအတွက် လိုအပ်မယ့် နေရာတွေကို ငွေကြေး အများအပြားသုံးပြီး ကစားသမားသစ်တွေ ခေါ်ယူနေသလို အလွတ်နဲ့ ခေါ်ယူမှုလည်း ပြုလုပ်ထားတာပါ။
စပါးအသင်းနည်းပြ ဒီဇာဘီက သူ့အိပ်မက်ထဲက အသင်းနဲ့ ရာသီကြို စတင်ဖို့ဟာ သူ့ရဲ့ပစ်မှတ်ဖြစ်တယ်လို့ မနှစ်က ရာသီနောက်ဆုံး မီဒီယာတွေ့ဆုံမှုမှာ ပြောထားခဲ့ပါတယ်။
နည်းပြဒီဇာဘီ ပြောခဲ့တဲ့ စကားအတိုင်း စပါးအသင်းကလည်း သူခေါ်ယူချင်နေတဲ့ ကစားသမားတွေကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့ အပြိုင် ရအောင် ခေါ်ယူပေးနေတာပါ။
စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ခံစစ်ပိုင်းက သွင်းဂိုးတွေ အများအပြား ခွင့်ပြုခဲ့ရတဲ့အတွက် ဒီနွေရာသီမှာ ခံစစ်ပိုင်းကို အဓိက အားဖြည့်ခဲ့ပါတယ်။

စပါးအသင်းက ခေါ်ယူထားတဲ့ ကစားသမားတွေကို တွေ့ရစဉ်
လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ရော်ဘတ်ဆန်၊ ဘုန်းမောက်အသင်း ကို ဥရောပဝင်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဆီနီစီ၊ ဘရိုက်တန်အသင်းမှာ ခြေစွမ်းပြသပြီး နယ်သာလန်အသင်း ရဲ့ ခံစစ်မှာ နေရာ တစ်နေရာ ရခဲ့တဲ့ ဗန်ဟက်ကတ်တို့ကို စပါးအသင်းက ခေါ်ယူခဲ့ပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ နယူးကာဆယ်၊ ယူနိုက်တက်နဲ့ ဘန်လေအသင်းတွေမှာ ကစားခဲ့တဲ့ ဂိုးသမား ဒူဘရာကာကိုလည်း အရန်ဂိုးသမားအဖြစ် အားဖြည့်ခဲ့တာပါ။
စပါးအသင်းရဲ့ လက်ရှိ ခံစစ်မှာရှိနေတဲ့ ကစားသမားတချို့နဲ့ အခုခေါ်ယူထားတဲ့ သူတွေကို ပေါင်းစပ်လိုက်ရင် အသင်းရဲ့ခံစစ်ဟာ အားကောင်းသွားမယ်ဆိုတာ သေချာနေပါတယ်။
စပါးအသင်းဟာ ခံစစ်ကို အားဖြည့်ပြီးနောက် အသက်သွေးကြော နေရာတွေဖြစ်တဲ့ ကွင်းလယ်ပိုင်းအတွက်လည်း ခေါ်ယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်း အပါအဝင် ပရီးမီးယားလိဂ် အသင်းကြီးတချို့ရဲ့ ပစ်မှတ်ဖြစ်ခဲ့တဲ့ ပေါ်တူဂီကွင်းလယ်လူ မာတီးယက်စ်ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ခဲ့သလို အီတလီကွင်းလယ်လူ တိုနယ်လီကိုလည်း ကလပ်စံချိန် တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာပါ။
စပါးအသင်းရဲ့ ခေါ်ယူမှုတွေ ကြည့်ရမယ်ဆိုရင် ပရီးမီးယားလိဂ်မှာ အသားကျပြီးသားဖြစ်တဲ့ ကစားသမားတွေကိုပဲ ခေါ်ယူထားတာ ဖြစ်ပါတယ်။

စပါးအသင်း နည်းပြ ဒီဇာဘီကို တွေ့ရစဉ်
လက်ရှိအချိန်မှာ ပေါင်သန်း ၂၃၀ ကျော် သုံးစွဲထားတဲ့ စပါးအသင်းဟာ တောင်ပံနဲ့ တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ လည်း ကြိုးပမ်းမှုတွေ ရှိနေပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီက အဓိက ကစားသမား အများအပြား ဒဏ်ရာတွေရပြီး အနားယူခဲ့ရတာကြောင့် ရာသီသစ်မှာ လူစာရင်းအင်အားကို တောင့်တင်းအောင် ပြုလုပ်နေတာပါ။
စပါးအသင်းဟာ လာမယ့်ရာသီ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ရမှာ မဟုတ်တဲ့အတွက် အသင်းရဲ့အဓိက ကစားသမား တချို့ကို ရောင်းချပြီး ပြောင်းရွှေ့ကြေး ပြန်လည်ရှာဖွေဖို့လည်း စီစဉ်နေတာ ဖြစ်ပါတယ်။
နည်းစနစ်ပိုင်း ကောင်းမွန်တဲ့ အီတလီလူမျိုးနည်းပြ ဒီဇာဘီရဲ့ လက်အောက်မှာ ရာသီကြိုကို ကောင်းမွန်စွာ လုပ်နိုင်ခဲ့ရင် စပါးအသင်းဟာ သူတို့ရဲ့နေရာဖြစ်တဲ့ အမှတ်ပေးဇယား အထက်ပိုင်းနားကို ပြန်လည် ရောက်ရှိ နိုင်ပါတယ်။
အဲ့ဒါကြောင့် စပါးအသင်းအနေနဲ့ ရာသီသစ်အတွက် စောင့်ကြည့်ချင်စရာကောင်းတဲ့ အသင်းတစ်သင်း ဖြစ်လာ မလားဆိုတာ လာမယ့် ရက်သတ္တပတ်တွေအတွင်း မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 343
CNI International Article
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇
မဏိပူရပြည်နယ် အင်ဖာမြို့ရှိ နေအိမ်တစ်အိမ်၏ သစ်သား ဗီရိုတစ်ခုထဲတွင် နာဂလှုပ်ရှားမှု၏ အဆန်းပြားဆုံး အမှတ်တရ ပစ္စည်းများထဲ၌ ပါဝင်သည့် ပစ္စည်းတစ်ခုရှိနေသည်။
ထိုပစ္စည်းမှာ ဂျင်းဘောင်းဘီ အဟောင်းတစ်ထည် ဖြစ်သည်။
ထိုဂျင်းဘောင်းဘီကို အရောင်အသွေး မတူညီသည့် အခြား အဝတ်စများဖြင့် ဖာထေးချုပ်လုပ်ထားသည်။
ဂျင်းဘောင်းဘီ၏ ဒူးခေါင်း နေရာများကိုလည်း အထပ်ထပ်အခါခါ ဖာထေးပြုပြင်ထားသည်။
ဂျင်းသားကိုယ်ထည်ကဲ့သို့ပင် ချုပ်ရိုးချုပ်သားများကလည်း ထိုဘောင်းဘီကို မြဲမြံအောင် ထိန်းထားပေးသည်။
အချို့ ချုပ်ရိုးများမှာ ထူထဲလွန်းလှသဖြင့် ထိုဂျင်းဘောင်းဘီသည် ထမ်းဆောင်ခဲ့ရသည့် ကိုယ်ပိုင် သမိုင်းကြောင်း ၏ အလေးချိန်ကြောင့် ပင်ပန်းနွမ်းနယ်နေပုံရသည်။
ချုပ်ရိုးချုပ်သားတိုင်းသည် ထိုဘောင်းဘီကို ဝတ်ဆင်ခဲ့သည့် နာဂခေါင်းဆောင်ကြီး Thuingaleng Muivah ၏ သမိုင်းကြောင်းကို ခြေရာခံ ပြသနေသယောင် ရှိသည်။
နာဂလန်းသမ္မတနိုင်ငံ၏ Ato Kilonser (ဝန်ကြီးချုပ်)ဟု လူသိများပြီး နာဂပြည်သူအများစုက ချစ်စနိုးဖြင့် ဦးလေးဟု ခေါ်ဝေါ်ကြသည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-အိုက်ဇက်ရှီချီဆူနှင့်ဗွီးဗာ(NSCN-IM)၏ အတွင်းရေးမှူးချုပ် Thuingaleng Muivah (၉၂ နှစ်)သည် ထိုဂျင်းဘောင်းဘီကဲ့သို့ အခက်အခဲများစွာကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရသူဖြစ်သည်။
ဆယ်စုနှစ် ခြောက်ခုကျော်ကြာအောင် သူသည် တောနက်များအတွင်း လျှို့ဝှက်စွာ ခရီးသွားလာခြင်း၊ နိုင်ငံတကာ နယ်စပ်များကို ဖြတ်ကျော်ခြင်း၊ အဖွဲ့အစည်းအတွင်း အစိတ်စိတ်အမွှာမွှာ ကွဲပြားမှုများ၊ ပြည်နှင်ဒဏ် ခံရမှုများနှင့် နိုင်ငံရေးတိုက်ပွဲများကို ရင်ဆိုင်ကျော်ဖြတ်ကာ အသက်ရှင်ကျန်ရစ်ခဲ့သည်။
Muivah သည် ထိုဂျင်းဘောင်းဘီ အဟောင်းကဲ့သို့ပင် အချိန်ကာလ၏ စမ်းသပ်မှုကို ခံခဲ့ရသည်။
ထိုဂျင်းဘောင်းဘီသည် ၎င်း၏ တိုက်ပွဲကာလများအတွင်း ကွယ်လွန်သွားခဲ့သော တစ်ဦးတည်းသော ညီမဖြစ်သူ Longrungla အတွက် လက်ဆောင်အဖြစ် အင်ဖာမြို့ရှိ ဗီရိုထဲသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

NSCN-IM စစ်မေတွေကို တွေ့ရစဉ်
Muivah နှင့် ထိုဂျင်းဘောင်းဘီတို့သည် တောင်အာရှတွင် သက်တမ်းအရှည်ကြာဆုံး သူပုန်လှုပ်ရှားမှုဖြစ်သည့် နာဂနိုင်ငံရေးတိုက်ပွဲကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြသည်။
နာဂတို့၏ တိုက်ပွဲသည် အိန္ဒိယနိုင်ငံ လွတ်လပ်ရေး မရမီကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ၁၉၄၇ ခုနှစ် နောက်ပိုင်း တွင် ပိုမိုနက်ရှိုင်းလာခဲ့ကာ စစ်ဘက်ဆိုင်ရာ နှိမ်နင်းမှုများ၊ အဖွဲ့အစည်းတွင်း အကွဲအပြဲများ၊ အပစ်အခတ်ရပ်စဲရေး များနှင့် အဆုံးမသတ်နိုင်သော ဆွေးနွေးညှိနှိုင်းမှုများကြားမှ ဆက်လက် ရှင်သန်နေခဲ့သည်။
၁၉၃၄ ခုနှစ်တွင် မွေးဖွားခဲ့သည့် ဗွီးဗာ(Muivah)သည် ထိုခေတ်ကာလ အဆင့်ဆင့်ကို ဖြတ်သန်းခဲ့သူ ဖြစ်သည်။
သူသည် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ (Narendra Modi) ရှေ့မှောက်တွင် ထိုစဉ်က ကြားဝင်စေ့စပ် ညှိနှိုင်း ပေးသူ R.N. Ravi နှင့်အတူ ၂၀၁၅ ခုနှစ်၌ မူဘောင်သဘောတူညီချက် (FA) လက်မှတ် ရေးထိုးခဲ့နိုင်ခဲ့သည်အထိ အောင်မြင်စွာ ဦးဆောင်လမ်းပြနိုင်ခဲ့သူဖြစ်သည်။
ထိုသဘောတူညီချက်သည် နာဂအရေးကိစ္စအတွက် အဖြေတစ်ခု ရရှိစေလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။
သို့သော် ယနေ့အချိန်တွင် ဗွီးဗာ(Muivah)သည် လမ်းဆုံလမ်းခွနေရာသို့ ရောက်ရှိနေသည်။
မြန်မာနိုင်ငံအတွင်း၌ ရေရှည်အခြေစိုက် လှုပ်ရှားနေပြီး နယ်စပ်ကို အဆင်ပြေပြေ ဖြတ်သန်းသွားလာ နေကြဆဲ ဖြစ်သည့် တပ်ဖွဲ့ဝင်များကြောင့် ၎င်းအနေဖြင့် နာဂပြည်သူများအတွက် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်း ပေးနိုင်သော်လည်း တစ်ဖက်တွင်လည်း ဆက်လက် တောက်လောင်နေဆဲဖြစ်သော လက်နက်ကိုင် ပုန်ကန်မှုကို ကျောခိုင်းရမည့် အခြေအနေလည်း ရှိနေသည်။
အချိန်ကာလ တဖြည်းဖြည်း ကုန်ဆုံးလာပြီး အပြီးသတ် ဖြေရှင်းချက်သည်လည်း ဝေဝါးနေဆဲဖြစ်သဖြင့် စိန်ခေါ်မှု နှင့် အကျိုးဆက်များမှာ ပိုမိုကြီးမားလာနေသည်။
ထူးခြားသည့် အချက်တစ်ခုမှာ Muivah သည် စစ်ပွဲကာလများအတွင်း ရရှိခဲ့သည့် အပြင်းထန်ဆုံး ဒဏ်ရာများထဲမှ တစ်ခုသည် အိန္ဒိယစစ်တပ်၏ လက်ချက်ကြောင့် မဟုတ်ဘဲ ၁၉၇၆ ခုနှစ်က စစ်ကိုင်းတိုင်းဒေသကြီး တလိုင်း ကျေးရွာရှိ တပ်မတော် စစ်စခန်းတစ်ခုကို တိုက်ခိုက်စဉ်အတွင်း ရရှိခဲ့ခြင်း ဖြစ်သည်။
Muivah သည် လက်ပစ်ဗုံး အပိုင်းအစများကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပုံကို နာဂတပ်မှူးဟောင်းများက ပြန်လည် အမှတ်ရနေကြသည်။
“ဗုံးဆန် အပိုင်းအစပေါင်း ၄၇ ခုလောက်က သူ့ရဲ့ ရင်ဘတ်၊ မေးရိုးနဲ့ ဒူးခေါင်းတွေကို ထိုးဖောက် ဝင်ရောက်သွား ခဲ့တာပါ။ ဒါဟာ သူ့ရဲ့ တော်လှန်ရေး သက်တမ်းတစ်လျှောက်မှာ အပြင်းထန်ဆုံး ဒဏ်ရာတွေပါပဲ” ဟု ဝါရင့် နာဂ တပ်မတော်အရာရှိဟောင်းတစ်ဦးက ပြန်လည်ပြောပြခဲ့သည်။
တောနက်ထဲတွင် ဆေးရုံ သို့မဟုတ် ဆေးဘက်ဆိုင်ရာ အဆောက်အအုံများ မရှိခြင်းကြောင့် Muivah ကို တရုတ် နိုင်ငံမှ ဆေးပညာသင်တန်း ဆင်းထားသည့် ၎င်း၏ ရင်းနှီးသော လက်ထောက်အရာရှိ V.S Atem က ယာယီစခန်း များတွင် အရေးပေါ် ကုသပေးခဲ့ရသည်။ (သူသည် နောက်ပိုင်းတွင် ဗိုလ်ချုပ် Atem ဖြစ်လာခဲ့သည်။ )
Muivah သည် လနှင့်ချီပြီး တောနက်ကြီးထဲတွင် ကျန်းမာရေး အခြေအနေ အလွန်အားနည်းစွာဖြင့် နေထိုင်ခဲ့ ရသည်။ နောက်ဆုံးတွင် ၎င်းနှင့် လူနည်းစု အဖွဲ့ငယ်တစ်ခုသည် ဆေးကုသမှုခံယူရန် တရုတ်ပြည်သို့ ခြေလျင်ခရီး စတင်ခဲ့ကြသည်။
၎င်း၏ဒဏ်ရာများမှာ ပြင်းထန်လွန်းလှသဖြင့် ထိုခြေလျင်ခရီးသည် သုံးလကျော် ကြာမြင့်ခဲ့ပြီးနောက် သူသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။
ယနေ့အချိန်တွင် Muivah ၏ ယုံကြည်စိတ်ချရသူနှင့် နာဂတပ်မတော် စစ်ဦးစီးချုပ်ဟောင်းဖြစ်သူ Phunting Shimrang သည် ၂၀၁၉ ခုနှစ်၌ အိန္ဒိယနိုင်ငံမှ ထွက်ပြေး လွတ်မြောက်လာခဲ့ပြီးနောက် ယူနန်ပြည်နယ်မှာ ရောက်ရှိနေသည်ဟု ယူဆရသည်။
၎င်းကို မြန်မာနိုင်ငံတွင် အခြေစိုက်သည့် NSCN-IM ၏ အမျိုးသားလုံခြုံရေးအကြံပေး Pamshin Muivah က ကူညီ ပံ့ပိုးနေကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးစလုံးသည် အဖွဲ့အစည်းအတွင်း အတော်အတန် ဩဇာညောင်းသည့် ပုဂ္ဂိုလ်များဖြစ်သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက သီးခြား နာဂအမျိုးသားအလံနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ အငြင်းပွား ဖွယ် ကိစ္စရပ်များကြောင့် အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရပ်တန့်နေခဲ့စဉ် NSCN-IM သည် မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ လှုပ်ရှားမှုများကို ပိုမိုခိုင်မာအောင် ဆက်တိုက် လုပ်ဆောင်လာခဲ့သည်။
ထို့နောက် စစ်ဦးစီးချုပ်ဟောင်း Hanshi Ramsan ဦးဆောင်သည့် Eastern Flank ဟုခေါ်သော အဖွဲ့အစည်း အသစ်တစ်ခု ပေါ်ထွက်လာခဲ့ပြီး ထိုအဖွဲ့တွင် တပ်ဖွဲ့ဝင်အင်အား ၂၅၀ ဝန်းကျင်ခန့် ရှိသည်ဟု ယူဆရသည်။
ကွယ်လွန်သူ NSCN-IM ပူးတွဲတည်ထောင်သူ အိုက်ဇက်ရှီချီဆူ(Isak Chishi Swu)၏ သားဖြစ်သူ အိုက်ကာတို ရှီချီဆူ (Ikato Chishi Swu)က ထိုအဖွဲ့နှင့် ပူးပေါင်းလိုက်ပြီးနောက် ၎င်းတို့၏ ထောက်ခံမှု အခြေအနေမှာ ပိုမို အားကောင်းလာခဲ့သည်။
ယနေ့အချိန်တွင် NSCN-IM အဖွဲ့အတွင်း၌ Phunting-Pamshin အုပ်စုနှင့် Hanshi အုပ်စုတို့သည် မတူညီသော နယ်မြေဇုန်များတွင် သီးခြားစီ လွတ်လပ်စွာ လှုပ်ရှားနေကြသဖြင့် ဩဇာလွှမ်းမိုးမှု နယ်ပယ်ချင်း ကွဲပြားလျက် ရှိနေပုံရသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ NSCN-IM ခေါင်းဆောင် ဗွီးဗာကို တွေ့ရစဉ်
ငြိမ်းချမ်းရေးအတွက် နောက်ဆုံးအခွင့်အရေး
***************************************
နာဂလန်းပြည်နယ်ရှိ NSCN-IM ၏ အကြီးမားဆုံး စခန်းဖြစ်သော ဟီဘရွန်စခန်းကို ကြီးကြီးမားမား နှိမ်နင်းမှု တစ်ခုခု ပြုလုပ်ခဲ့မည်ဆိုပါက ရလဒ်နှစ်ခု ထွက်ပေါ်လာနိုင်သည်။
ပထမတစ်ခုမှာ အဖွဲ့အစည်း အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး ၎င်းတို့၏ အခြေစိုက် လှုပ်ရှားရာနယ်မြေကို မြန်မာနိုင်ငံဘက်သို့ တဖြည်းဖြည်း ရွှေ့ပြောင်းသွားခြင်း ဖြစ်လာနိုင်သည်။
ဒုတိယရလဒ်အနေဖြင့် သဘောထား တင်းမာသည့် အုပ်စုများက ပိုမိုသေးငယ်ပြီး ပိုမို အန္တရာယ်များသည့် အဖွဲ့ငယ်များအဖြစ် ပြန်လည်စုဖွဲ့လာခြင်းတို့ ဖြစ်သည်။
Muivah သည် Phunting-Pamshin နှင့် Hanshi အုပ်စုများ၏ ခေါင်းဆောင်များကို နယ်စပ်တစ်ဖက်ခြမ်းဖြစ်သည့် မြန်မာနိုင်ငံဘက်သို့ ပြန်လည် နေရာချထားခြင်းဖြင့် ထိုဖြစ်နိုင်ခြေ နှစ်ရပ်လုံးအတွက် ကြိုတင် ပြင်ဆင်ထားပုံရ သည်။
သို့သော် ၎င်း၏ ပိုမိုကြီးမားသော ရည်ရွယ်ချက်မှာမူ ရှင်းလင်းလှသည်။
Muivah သည် ငြိမ်းချမ်းရေးကို လိုလားပြီး ရေရှည်ပဋိပက္ခထက် ဆွေးနွေးညှိနှိုင်းမှုများကို ပိုမိုယုံကြည် ကိုးစား သည်။
အိန္ဒိယအရာရှိများကမူ လက်ရှိ အချိန်အခါကို ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေး သဘောတူစာချုပ် တစ်ရပ် ချုပ်ဆိုနိုင်ရန်အတွက် နောက်ဆုံးအခွင့်အရေး ဖြစ်နိုင်သည်ဟု ရှုမြင်ကြသည်။
THE WEEK သတင်းဌာနသည် Muivah ၏ ကျန်းမာရေး ချို့ယွင်းလာမှုကြောင့် ဟီဘရွန်စခန်းမှ နှစ်နာရီခန့် ကားမောင်းရသည့် ဒီမာပူရ် (Dimapur) ရှိ ၎င်း၏နေအိမ်တွင် သွားရောက် တွေ့ဆုံခဲ့ရသည်။
Muivah သည် ဇနီးဖြစ်သူ Pakahao Muivah နှင့်အတူ ထိုနေရာ၌ နေထိုင်ပြီး ခြံဝင်းအတွင်း ပုံမှန်လမ်းလျှောက် ခြင်း အပါအဝင် နေ့စဉ် လုပ်ငန်းဆောင်တာများကို စနစ်တကျ လုပ်ဆောင်လျက်ရှိသည်။
ခေတ်မီလက်နက်များ ကိုင်ဆောင်ထားသည့် နာဂတပ်မတော် ကွန်မန်ဒိုများက သူသွားသည့် နေရာတိုင်းတွင် လုံခြုံရေးရယူ စောင့်ရှောက်ပေးထားသည်။
Muivah သည် စိတ်ခံစားမှုကို အလေးထားသူဖြစ်သလို လက်တွေ့ကျသူ တစ်ဦးလည်း ဖြစ်သည်။

NSCN-IM ကို ထူထောင်ခဲ့တဲ့ အိုက်ဇက်ရှီချီဆူနဲ့ ဗွီးဗာကို တွေ့ရစဉ်
“ခင်ဗျားတို့က နာဂပြည်သူတွေကို စိတ်ရင်းမှန်နဲ့ နားလည်ဖို့ ရည်ရွယ်ချက်နဲ့ ဒီကိုလာတာဆိုရင်၊ ကျနော်တို့ဘက် က ဒါကို အရမ်းတန်ဖိုးထားပါတယ်” ဟု Muivah က သီးသန့် တွေ့ဆုံမေးမြန်းမှုအတွင်း THE WEEK မဂ္ဂဇင်းကို ပြောကြားခဲ့သည်။
ယနေ့အချိန်တွင် မဏိပူရ်ပြည်နယ်ရှိ ကူကီး-ဇို လူမျိုးစုများနှင့် ကသည်း လူမျိုးစုများအကြား ဖြစ်ပွားနေသော လူမျိုးရေးပဋိပက္ခများသည် နာဂလူမျိုးများ နေထိုင်ရာ ဒေသများဆီသို့ တဖြည်းဖြည်း ကူးစက်ပြန့်ပွားလာနေ ခြင်းကြောင့် စိတ်မကောင်းဖြစ်ရကြောင်း Muivah က ပြောကြားခဲ့သည်။
NSCN-IM အနေဖြင့် ထိုပဋိပက္ခတွင် ပါဝင်ပတ်သက်မှု မရှိစေရန် သတိထား ရှောင်ရှားခဲ့သော်လည်း မကြာသေးမီ လများအတွင်းက အခြေအနေများအရ ချိုင့်ဝှမ်းဒေသနှင့် တောင်တန်းဒေသများအကြား ကွဲပြားမှုများသာမက ကူကီး-ဇိုနှင့် နာဂလူမျိုးစု နှစ်ခုစလုံး နေထိုင်ရာ တောင်တန်း ဒေသများတွင်လည်း တင်းမာမှုများ မြင့်တက်လာ သည်ကို တွေ့ရသည်။
Muivah က အိန္ဒိယအစိုးရဘက်မှ ကူကီး-ဇို အုပ်စုများကို ပံ့ပိုးကူညီနေသည်ဟု စွပ်စွဲထားပြီး ထိုစွပ်စွဲချက်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပိုမိုနှောင့်နှေးသွားစေနိုင်သည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည်။
“မူဘောင်သဘောတူညီချက် ရှိနေပေမဲ့လည်း သူတို့ (အိန္ဒိယအစိုးရ)က ကူကီးတွေကို အသုံးချပြီး ကျနော်တို့ကို အင်အားသုံး ဖိအားပေးနေပါတယ်။ ဒါဟာ ကျနော်တို့ကို အရှက်ခွဲဖို့နဲ့ ချေမှုန်းဖို့ ကြိုးစားမှုတစ်ခုပါပဲ” ဟု ၎င်းက ဆိုသည်။
Muivah အတွက်မူ အများ သဘောတူညီချက် တစ်ခုကို ရှာဖွေနိုင်ရန်အတွက် သမိုင်းကြောင်းကို လက်တွေ့ကျကျ နားလည် သဘောပေါက်ရမည် ဖြစ်သည်။
“နာဂပြည်သူတွေရဲ့ သမိုင်းကြောင်းကို လေးစားတန်ဖိုး မထားဘူးဆိုရင်တော့ ဘယ်တော့မှ တကယ့် အဖြေမှန် ရလာမှာ မဟုတ်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။
နာဂအမျိုးသားကောင်စီ(NNC) က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တောင်းဆိုချက်ကို စတင်ခဲ့ချိန်က နာဂပြည်သူများအပေါ် ခွဲခြားဆက်ဆံခဲ့သည့် အတိတ်ကာလက မှတ်ဉာဏ်များသည် နာဂလှုပ်ရှားမှုအတွင်း အလွန်နက်ရှိုင်းစွာ အမြစ် တွယ်နေဆဲ ဖြစ်သည်။
သို့သော် Muivah က ၎င်းအနေဖြင့် လူသားချင်း စာနာထောက်ထားမှုကို နိုင်ငံရေးထက် ပိုမိုဦးစားပေးကြောင်း ပြောကြားခဲ့သည်။
“လူသားတွေရဲ့ သမိုင်းကြောင်းနဲ့ ဆင်းရဲဒုက္ခတွေကို လေးစားမှု ရှိမယ်ဆိုရင် အဖြေကို ရှာတွေ့နိုင်မှာပါ။ ပြဿနာ တွေကို အဆုံးမရှိတဲ့ ပဋိပက္ခတွေနဲ့ မဖြေရှင်းဘဲ နားလည်မှုတွေနဲ့ပဲ ဖြေရှင်းသင့်တယ်”ဟု Muivah က ပြောကြား ခဲ့ပြီး အိန္ဒိယအစိုးရနှင့် ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်ရန် အသင့်ရှိကြောင်းလည်း ထပ်မံပြောဆိုခဲ့သည်။
ဦးလေးဆိုသည့် ချစ်စနိုးအမည်ကို ရရှိထားသည့် အကျော်ဇေယျပုဂ္ဂိုလ်ကြီး
****************************************************************
သမိုင်းဝင် ဖာထေးထားသော ဂျင်းဘောင်းဘီသည် Muivah လျှို့ဝှက်မြေအောက် လှုပ်ရှားခဲ့စဉ်က သူအသက်ရှင် ဆဲ ရှိနေဆဲဖြစ်ကြောင်း မိသားစုထံ ပေးပို့ခဲ့သည့် သက်သေတစ်ခုဖြစ်သည်။
ထိုဂျင်းဘောင်းဘီကို တူဖြစ်သူ ရွီဗာက ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပြီး မိသားစုသမိုင်းနှင့် နာဂတိုက်ပွဲအကြောင်း ပြန်လည်သုံးသပ်ခဲ့သည်။
Muivah သည် ၁၉၆၀ ပြည့်နှစ်များတွင် တူဖြစ်သူ မွေးဖွားပြီးနောက် မိသားစုကို နှုတ်ဆက်ရန် နောက်ဆုံးအကြိမ် လာရောက်ခဲ့ပြီးနောက် တောခိုခဲ့သည်။
သူသည် ငယ်စဉ်ကတည်းက တက်ကြွပြီး ခေါင်းမာကာ အမြဲတမ်း ဦးဆောင်လိုစိတ် ရှိသူအဖြစ် မိသားစုက မှတ်မိ ကြသည်။

NSCN-IM ခေါင်းဆောင် ဗွီးဗာနဲ့ ဇနီးဖြစ်သူကို တွေ့ရစဉ်
Muivah သည် နာဂလန်းမှ နာဂခေါင်းဆောင်များ လွှမ်းမိုးထားသည့် လှုပ်ရှားမှုတွင် Tangkhul Naga တစ်ဦး အနေဖြင့် အာဏာပိုင်စိုးမှု ရှိလာခဲ့သည်။
၁၉၈၀ ပြည့်နှစ်တွင် သူသည် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ဝေဖန်မှုများရှိသော်လည်း တည်ငြိမ်စွာပင် တာဝန် ထမ်းဆောင်ခဲ့သည်။
NSCN ၏ ပူးတွဲတည်ထောင်သူ ကပ္ပလန်(Khaplang) ခွဲထွက်သွားပြီးနောက် အိုက်ဇက်/ဗွီးဗာ(Isak-Muivah) အုပ်စုသည် ဟီဘရွန် (Hebron) အခြေစိုက် အင်အားအကြီးဆုံး နာဂအဖွဲ့အစည်း ဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံတွင် ဆုံးရှုံးခဲ့ရသော အိမ်
*******************************
Isak Chishi Swu ၏ သားဖြစ်သူ Pasheto ၏ သမိုင်းမှာမူ ငယ်စဉ်ကတည်းက မိဘများနှင့် ခွဲခွာခဲ့ရသည့် လွမ်းမောဖွယ် ဇာတ်လမ်းဖြစ်သည်။
မြန်မာနိုင်ငံအရှေ့ပိုင်း နာဂဒေသတွင် မွေးဖွားခဲ့သော Pasheto သည် အသက် ၁၅ နှစ်အရွယ် နီပေါနိုင်ငံသို့ ရောက်ရှိမှသာ မိဘများနှင့် ပြန်လည်ဆုံတွေ့ခွင့်ရခဲ့သည်။
Pasheto သည် နောက်ပိုင်းတွင် အဖွဲ့အစည်းသို့ ဝင်ရောက်ပြီး ကျန်းမာရေး ချို့တဲ့လာသော ဖခင်ဖြစ်သူ Swu နှင့်အတူ ဟီဘရွန်တွင် အနီးကပ် အလုပ်လုပ်ခဲ့သည်။
ဖခင်ဖြစ်သူ Swu သည် ကွယ်လွန်ခါနီး ၂၀၁၅ ခုနှစ်တွင် အိန္ဒိယထိပ်သီး ခေါင်းဆောင်များနှင့်အတူ မူဘောင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
တစ်ဖက်တွင်လည်း Muivah ၏တူဖြစ်သူ Grinder သည် နာဂခေါင်းဆောင်မှုနှင့် အိန္ဒိယအစိုးရကြား ဆယ်စုနှစ် နှစ်ခုနီးပါး လျှို့ဝှက် ဆက်သွယ်ပေးသူအဖြစ် ဆောင်ရွက်ခဲ့သည်။
သို့သော် Muivah ၏ မိသားစုသည် မည်သည့် ထောက်ပံ့မှုမျှ မရရှိခဲ့ဘဲ ဘန်ကောက်စ်တွင် Muivah အဖမ်းခံရမှုနှင့် ဆက်စပ်၍ လေယာဉ်ပြန်ပေးဆွဲရန် ကြံစည်မှုဖြင့် ကိုးလ်ကတ္တား၌ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
သူကွယ်လွန်ပြီးနောက် မိသားစုသည် အိန္ဒိယအစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် စိတ်ချရမှု မရှိသဖြင့် နိုင်ငံရေးတွင် ဆက်လက် မပါဝင်တော့ဘဲ စီးပွားရေးကိုသာ အာရုံစိုက်ခဲ့ကြသည်။

အိုက်ဇက်ရှီချီဆူသားကို Pasheto ကို တွေ့ရစဉ်
တည်ထောင်သူတို့၏ နောက်ဆုံးအခန်းကဏ္ဍ
*************************************
လက်ရှိတွင် နာဂလူငယ်များသည် ဆယ်စုနှစ်များစွာ သွေးထွက်သံယိုဖြစ်ခဲ့ပြီး အပြီးသတ် ဖြေရှင်းချက် မရရှိသေး သည့် သမိုင်းကို ပြန်လည်သုံးသပ်နေကြသည်။
တည်ထောင်သူ Swu ကွယ်လွန်သွားပြီး Muivah မှာလည်း အသက် ၉၀ ကျော်အရွယ်သို့ ရောက်ရှိနေပြီဖြစ်ရာ ခေါင်းဆောင်မှု အပြောင်းအလဲနှင့် ညီညွတ်ရေး ပြဿနာများ ရှိနေသည်။
မဏိပူရ်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများက နာဂလူမျိုးများ သွားလာရေးနှင့် နယ်မြေပိုင်ဆိုင်မှု ကိစ္စရပ်များကို ပိုမိုရှုပ်ထွေးစေသည်။
ဟီဘရွန် အခြေစိုက်စခန်းတွင် ခေတ်မီလက်နက်များနှင့် ဒရုန်းများကို ကိုင်ဆောင်ထားသည့် ငယ်ရွယ်သော နာဂစစ်သားများသည် မိမိတို့လူမျိုးအတွက် ဆက်လက် တာဝန်ထမ်းဆောင်နေကြသည်။
Muivah သည် အိန္ဒိယအစိုးရနှင့် အခြေခံဥပဒေဘောင်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် ဆွေးနွေးရန် အသင့်ရှိနေသော်လည်း ခွဲထွက်ခွင့်တော့ ရမည်မဟုတ်ပေ။
အကယ်၍ Muivah မကွယ်လွန်မီ ငြိမ်းချမ်းရေး မရရှိပါက နာဂလှုပ်ရှားမှုသည် ပြိုကွဲသွားနိုင်သလို မျိုးဆက်သစ် အစွန်းရောက်များကြောင့် လက်နက်ကိုင် တော်လှန်ရေး လမ်းကြောင်းသို့ ပြန်ရောက်သွားနိုင်သည်။
Source: THE WEEK
- By CNI
- Category: ဆောင်းပါး
- Hits: 192
CNI Sport Article
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆
ရီးရယ်လ်အသင်း တောင်ပံကစားသမား ဗီနီစီးယက်စ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်း အုပ်စုအဆင့် ကနေ ရှုံးထွက်အဆင့် ရောက်ရှိအောင် အဓိက စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရပါတယ်။
အုပ်စုအဆင့် ၃ ပွဲမှာ ဘရာဇီးလ်အသင်းဟာ ၇ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဗီနီစီးယက်စ်က ၄ ဂိုးသွင်းယူကာ ကွန်ညာက ၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဗီနီစီးယက်စ်ဟာ ဒီပွဲတွေမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် အုပ်စုအဆင့် ၃ ပွဲစလုံးရဲ့ အကောင်းဆုံး ကစားသမားဆုကို ရခဲ့ပါတယ်။
ဗီနီစီးယက်စ်ဟာ အုပ်စုပွဲစဉ် ၃ ပွဲစလုံး ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် ဘရာဇီးလ်ဂန္ထဝင်တချို့နဲ့ မှတ်တမ်းချင်း တူညီ သွားခဲ့တာပါ။
ဒါကတော့ ဗီနီစီးယက်စ်ဟာ အုပ်စုပွဲစဉ် ၃ ပွဲစလုံး ဂိုးသွင်းယူနိုင်တဲ့ ၅ ဦးမြောက် ဘရာဇီးလ်အသင်း ကစားသမား ဖြစ်ခဲ့ပါတယ်။
ဒီမှတ်တမ်းကို ရယူနိုင်ခဲ့တဲ့ ဘရာဇီးလ်ဂန္ထဝင် ၄ ဦးကတော့ ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာဇင်ညို၊ ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရိုမာရီယို၊၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရီဗယ်လ်ဒိုနဲ့ ရိုမာရီယိုတို့ပါ။

ဗီနီးစီးယက်စ် အကောင်းဆုံးကစားသမားဆု ရရှိစဉ်
ဒီကစားသမား ၄ ဦးစလုံးဟာ ဒီမှတ်တမ်းကို ရယူနိုင်ခဲ့တဲ့ အဆိုပါ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဘရာဇီးလ်အသင်းက ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။
အဲ့ဒါကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်ပွဲတိုင်း ဂိုးသွင်းနိုင်ခဲ့တဲ့ ဗီနီစီးယက်စ်အနေနဲ့ ဘရာဇီးလ် အသင်းကို ကမ္ဘာ့ဖလား ချန်ပီယံဖြစ်အောင် လုပ်ပေးနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။
ဗီနီစီးယက်စ်ဟာ ဘရာဇီးလ်အသင်းကို ချန်ပီယံဖြစ်အောင် စွမ်းဆောင် ပေးနိုင်ခဲ့မယ်ဆိုရင် ဘရာဇီးလ်ဂန္ထဝင် ၄ ဦးနဲ့ တူညီတဲ့ လမ်းကြောင်းအတိုင်း ပြုလုပ်ပေးနိုင်တဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်နိုင်မှာပါ။
အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗီနီစီးယက်စ်ဟာ လက်ရှိအချိန်မှာ ကစားသမားဘဝ အကောင်းဆုံးအချိန်တွေကို ပိုင်ဆိုင်ထားပြီး ဘရာဇီးလ်အသင်းရဲ့ အားကိုးရတဲ့ သူအဖြစ်ရှိနေပါတယ်။
ဘရာဇီးလ်အသင်းဟာ နေမာကို ပွဲချိန်ပြည့် အသုံးပြုလို့ မရသေးသလို ရာဖင်ညာကိုလည်း ဒဏ်ရာကြောင့် အနား ပေးထားရတဲ့အချိန်မှာ ဗီနီစီးယက်စ်ဟာ အသင်းရဲ့ အသက်သွေးကြောသဖွယ် ရှိနေတာပါ။

ဗီနီးစီးယက်စ် ဘရာဇီးလ် ကစားသမားဟောင်းတွေနဲ့ စံချိန်တူလာစဉ်
ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းမှာ ချန်ပီယံဆုကို ၅ ကြိမ်အထိ ရရှိထားပြီး အကြိမ်အရေအတွက် အများဆုံးရတဲ့ အသင်းအဖြစ် ရပ်တည်နေပေမယ့် ၂၀၀၂ ပြိုင်ပွဲမှာ ချန်ပီယံဆု ရရှိပြီးနောက်ပိုင်း ဆုဖလားနဲ့ ဝေးကွာနေတာပါ။
ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး ဗီနီစီးယက်စ်ကလည်း အသင်းကို သွင်းဂိုးတွေ၊ စွမ်းဆောင်ရည်တွေနဲ့ ကူညီနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
ဘရာဇီးလ်အသင်းဟာ လက်ရှိအချိန်မှာ ချန်ပီယံ ရည်မှန်းချက်ထက် ရှုံးထွက် ၃၂ သင်းအဆင့်ကနေ ၁၆ သင်း အဆင့် တက်နိုင်ဖို့ အာရုံစိုက်ရမှာပါ။
ဘရာဇီးလ်အသင်းဟာ ၃၂ သင်းအဆင့်မှာ ဂျပန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ ဗီနီစီးယက်စ်အနေနဲ့ နောက်ထပ် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ဘရာဇီးလ်အသင်းကို ကူညီပေးနိုင်မလားဆိုတာ မကြာမီမြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 261
CNI International Article
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများနှင့် သံတမန်ရေးရာ လှုပ်ရှားမှု ဆိုသည့် ကဏ္ဍ ၂ ခုစလုံးတွင် တစ်ပြိုင်နက်တည်း တွန်းအားပေး လုပ်ဆောင်နေသည်။
သံတမန်ရေးရာ မျက်နှာစာတွင်မူ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေး မတိုင်မီ အာဆီယံ အသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရန် ရည်မှန်း ထားသည်။
ထိုရည်မှန်းချက် အောင်မြင်မှု ရှိ/မရှိ ဆိုသည်မှာ အာဆီယံအဖွဲ့၏ စုပေါင်းဆုံးဖြတ်ချက် အပေါ်တွင် မူတည် နေမည်ဖြစ်သည်။
အာဆီယံခေါင်းဆောင်များသည် မြန်မာအစိုးရသစ်ထံ အဓိပ္ပာယ်ပြည့်ဝသော တိုးတက်မှုများရှိလာအောင် လုပ်ဆောင်ရန် တောင်းဆိုထားသည့် သဝဏ်လွှာကို ပေးပို့ထားပြီးဖြစ်သည်။
အာဆီယံခေါင်းဆောင်များအတွက် မြန်မာ့အရေးကို ဖြေရှင်းရန် ၂၀၂၁ ခုနှစ်တွင် ချမှတ်ခဲ့သည့် ဘုံသဘောတူညီ ချက် ၅ ချက် (5PC) ကို မြန်မာအစိုးရက အနှစ်သာရရှိရှိ အကောင်အထည်ဖော်ရန် ဆန္ဒရှိနေသဖြင့် မြန်မာအစိုးရ အနေဖြင့် နောက်ထပ် အချိန်ဆွဲနေ၍ မရတော့ပေ။
ပြီးခဲ့သည့်လက ဖိလစ်ပိုင်နိုင်ငံ၊ စီဘူး (Cebu) မြို့တွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေး၌ မြန်မာ နိုင်ငံသည် ပြီးခဲ့သည့် ၅ နှစ်တာ ကာလအတွင်း 5PC ကို အကောင်အထည်ဖော်ရာ၌ တိုးတက်မှု အနည်းငယ်သာ ရှိခဲ့သည်ဟု အာဆီယံခေါင်းဆောင်များက တစ်ညီတစ်ညွတ်တည်း သုံးသပ်ခဲ့ကြသည်။

တရုတ်-မြန်မာ-အာဆီယံ သံတမန်လမ်းကြောင်းကို သရုပ်ဖော်ပြထားစဉ်
ထိုမူဘောင် သဘောတူညီချက်အပေါ် ဝေဖန်မှုများ ရှိနေသော်လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးက 5PC ကို အကောင်းဆုံးနှင့် အလားအလာအရှိဆုံး ရွေးချယ်မှုအဖြစ် ဆက်လက် ထောက်ခံနေကြသည်။
အဆိုးရွားဆုံး ရလဒ်မှာ မြန်မာနိုင်ငံကို စွန့်ပစ်လိုက်ခြင်းမျိုး ဖြစ်လိမ့်မည်ဟု ခေါင်းဆောင်များက သဘောတူညီ ခဲ့ကြပြီး၊ ထိုသို့ လုပ်ဆောင်ပါက ပြင်ပအင်အားကြီးနိုင်ငံများ ဝင်ရောက်လာရန် လမ်းဖွင့်ပေးသလို ဖြစ်သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ ပြုလုပ်ပြီးနောက် ဧပြီလဆန်းပိုင်းတွင် အစိုးရသစ် တစ်ရပ်ကို ထူထောင် ခဲ့ပြီးကတည်းက သမ္မတ ဦးမင်းအောင်လှိုင်သည် အိမ်နီးနားချင်းနိုင်ငံများနှင့် အာဆီယံတစ်ဝန်းတွင် သံတမန် ရေးရာ ထောက်ခံမှုရရှိရန် လျင်မြန်စွာ လုပ်ဆောင်လာခဲ့သည်။
တစ်ဖက်တွင် မြန်မာအစိုးရ အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းထံသို့ ပြန်လည် ဝင်ရောက်ရန် ကြိုးပမ်းနေပြီး တစ်ချိန်တည်းမှာပင် လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ခိုက်မှုများကို လျှော့ချသွားခြင်းမရှိဘဲ ဆက်လက် လုပ် ဆောင်နေသည်။
မြန်မာအစိုးရ၏ မဟာဗျူဟာတွင် မျက်နှာစာ နှစ်ခုရှိသည်။

NSPNC နဲ့ NCA ထိုး လက်နက်ကိုင် ၇ ဖွဲ့ တွေ့ဆုံ ဆွေးနွေးကြစဉ်
ပထမအချက်မှာ တပ်မတော်အနေဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၀၂၇ စစ်ဆင်ရေး) နောက်ပိုင်း ဆုံးရှုံး ခဲ့ရသည့် နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် စစ်ဆင်ရေးများအား ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး တစ်ပြိုင်နက်တည်းမှာပင် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို တွဲဖက်လုပ်ဆောင်သွားမည်ဖြစ်သည်။
မြန်မာအစိုးရသည် ၎င်း၏ အသာစီးရနိုင်မှုကို တတ်နိုင်သမျှ အားကောင်းအောင် လုပ်ဆောင်လိုသည်။
မကြာသေးမီကလည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ် ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့နှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ ဝင်ရောက်လိုသည့် လက်နက်ကိုင်အဖွဲ့များအတွက် ဇူလိုင် ၃၁ ရက်နေ့ကို နောက်ဆုံးအဖြစ် သတ်မှတ်ထားသည်။
ပြီးခဲ့သည့် သီတင်းပတ်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (NCA-SEAOs) ကြား ပြုလုပ်သည့် အလွတ်သဘော အစည်းအဝေး တစ်ခုအတွင်း မြန်မာအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ချက် ၄၃ ချက်ကို လွှတ်တော်သို့ တင်ပြရန် ပြင်ဆင်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဆွေးနွေးမှုများတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အခြေအနေများကို လျှော့ပေါ့ပေးရန်၊ အဆင့်လိုက် လုပ် ဆောင်မည့် လုပ်ငန်းယန္တရားများ ချမှတ်ရန်နှင့် ကြိုတင် စည်းကမ်းချက် မထားဘဲ အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်ရန် စသည့် အချက်များအပေါ် အဓိကထားခဲ့ကြသည်။
ယခုကဲ့သို့ ကမ်းလှမ်းမှုများ ရှိနေသော်လည်း အင်အားကြီး လက်နက်ကိုင် အဖွဲ့အစည်းကြီးများကမူ ထိုမူဘောင်ကို ပယ်ချခဲ့ကြသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့က ၎င်းတို့၏ ကိုယ်ပိုင်အစည်းအဝေးများကို ကျင်းပခြင်း၊ သံတမန် ရေးရာ ရှင်းလင်းပွဲများ ပြုလုပ်ခြင်း၊ စည်းလုံးညီညွတ်မှုကို ပြသခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

လာအိုနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင် တွေ့ဆုံစဉ်
သို့သော်လည်း လက်နက်ကိုင်များဘက်မှ စစ်မြေပြင် တပ်မှူးများကမူ ၎င်းတို့အနေဖြင့် နယ်မြေအသစ်များ ထပ်မံ သိမ်းပိုက်နိုင်ခြင်း မရှိသေးကြောင်း ဝန်ခံထားကြသည်။
စီဘူး အစည်းအဝေး နောက်ပိုင်းတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် မြန်မာနိုင်ငံကြား အပြန်အလှန် ထိတွေ့ ဆက်ဆံမှုများလည်း တိုးမြင့်လာခဲ့သည်။
ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး သီဟာဆက် ဖူအန်ကက်ကော (Sihasak Phuangketkeow) သည် မြန်မာအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ဧပြီလဆန်းပိုင်းတွင် နေပြည်တော်သို့ ပထမဆုံး လာရောက် ခဲ့သည့် အာဆီယံခေါင်းဆောင် ဖြစ်လာခဲ့သည်။
မေလ ၁၉ ရက်နေ့တွင်လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟက်ဆန် (Mohamad Hasan) သည် နေပြည်တော်သို့ တစ်ရက်တာ ခရီးစဉ်အဖြစ် လာရောက်ခဲ့သည်။
သို့သော်လည်း မစ္စတာ မိုဟာမက်သည် လှိုက်လှိုက်လှဲလှဲ ကြိုဆိုခြင်း မခံခဲ့ရဘဲ သမ္မတ ဦးမင်းအောင်လှိုင်နှင့် လည်း တွေ့ဆုံခွင့် မရခဲ့ပေ။
မလေးရှားနိုင်ငံသည် မြန်မာအစိုးရကို အပြင်းအထန်ဆုံး ဝေဖန်ခဲ့သည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ခဲ့သည်ကိုလည်း မမေ့အပ်ပေ။
မလေးရှားသို့ ပြန်လည် ရောက်ရှိခဲ့ချိန်တွင် မိုဟာမက်က ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ရှာဖွေရာတွင် မြန်မာအာဏာပိုင်များ၏ သဘောထား၌ အပြုသဘောဆောင်သော တိုးတက်မှုများကို တွေ့ရှိခဲ့ရကြောင်း ပြောကြားခဲ့သည်။
မြန်မာအာဏာပိုင်များသည် ငြိမ်းချမ်းရေးကို ဆွေးနွေးရန်နှင့် မတူညီသော အဖွဲ့အစည်းများကို ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ခေါ်ဆောင်လာရန် ပိုပြီးဆန္ဒရှိပုံ ရသည်ဟုလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
မိုဟာမက်၏ ခရီးစဉ်အပြီး ဇွန်လဆန်းပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနို (Sugiono) ၏ ခရီးစဉ် ထပ်မံပေါ်ပေါက်လာခဲ့သည်။
မြန်မာအစိုးရအပေါ် ထားရှိသည့် အင်ဒိုနီးရှား၏ သဘောထားသည် ယေဘုယျအားဖြင့် အာဆီယံအတွင်း အတက်ကြွဆုံးနှင့် သံတမန်ရေးရာကို အဓိကဦးတည်သည့် သဘောထား တစ်ခုအဖြစ် ရှုမြင်ခံထားရသည်။
ကြိုဆိုပုံချင်း ကွာခြားချက်မှာ အလွန်ပင် ထင်ရှားလှသည်။ မစ္စတာ ဆူဂီယိုနိုသည် ကော်ဇောနီခင်း ကြိုဆိုမှုကို ရရှိခဲ့ပြီး သမ္မတဦးမင်းအောင်လှိုင်အပြင် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ နှစ်ဦးစလုံးနှင့် တွေ့ဆုံခွင့် ရရှိခဲ့ သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင် တွေ့ဆုံစဉ်
အင်ဒိုနီးရှားအနေဖြင့် မြန်မာနိုင်ငံကို အာဆီယံ၏ မရှိမဖြစ် အစိတ်အပိုင်း တစ်ခုအဖြစ် ဆက်လက် ရှုမြင်ကြောင်း ဆူဂီယိုနိုက ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းပြီး အောင်မြင်သော နိုင်ငံတစ်ခု ဖြစ်လာစေရန် လိုအပ်သော အကူအညီများ ပံ့ပိုး ပေးသွားမည်ဆိုသည့် အင်ဒိုနီးရှား၏ ကတိကဝတ်ကိုလည်း ထပ်လောင်းအတည်ပြုခဲ့သည်။
နိုင်ငံပိုင်မီဒီယာများကလည်း မစ္စတာ ဆူဂီယိုနို၏ ခရီးစဉ်ကို မျက်နှာဖုံးသတင်းနှင့် ရုပ်သံအဓိက သတင်း အချိန်များတွင် အကျယ်တဝင့် ထည့်သွင်းဖော်ပြခဲ့ကြသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုဟာမက်၏ ခရီးစဉ်တွင် ထိုသို့ မဟုတ်ဘဲ ကွဲပြားခြားနားသော အခြေအနေနှင့် ကြုံတွေ့ခဲ့ရသည်။
မိုဟာမက်သည် ၎င်းနှင့်ရာထူးတူဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့်သာ တွေ့ဆုံခဲ့ရပြီး ၎င်း၏ ခရီးစဉ်ကို Global New Light of Myanmar သတင်းစာ၏ အတွင်းစာမျက်နှာတစ်ခုတွင် သတင်းတိုလေး တစ်ခုအဖြစ်သာ လျှော့ချဖော်ပြခဲ့သည်။
ထို့အတူ လာအိုနိုင်ငံခြားရေးဝန်ကြီး သောင်ဆာဗန် ဖွန်ဗီဟန် (Thongsavanh Phomvihane) သည်လည်း လွန်ခဲ့သည့် သီတင်းပတ်က နေပြည်တော်သို့ လာရောက်ခဲ့သည်။
ထိုလှုပ်ရှားမှုများကို တုံ့ပြန်သည့် အနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union - SCEF) သည် ဘန်ကောက် အခြေစိုက် သံတမန်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအတွက် အစည်းအဝေးများနှင့် ရှင်းလင်းပွဲများကို ပြုလုပ်ခဲ့သည်။
SCEF ကို NUG နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
မြန်မာနှင့် ဆက်ဆံရေး နီးစပ်သည့် ရုရှားနိုင်ငံသည် အာဆီယံနှင့် ဆွေးနွေးဖက် နိုင်ငံအဖြစ် ၃၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇွန်လ ၁၇ ရက်မှ ၁၉ ရက်အထိ ရုရှားနိုင်ငံ ကာဇန် (Kazan) မြို့တွင် ကျင်းပသည့် အာဆီယံ-ရုရှား ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် မြန်မာနိုင်ငံအား ဖိတ်ကြားခဲ့သည်။
သို့သော် မြန်မာသမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်နှင့် တိုက်နေသဖြင့် ရုရှားသို့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကိုသာ စေလွှတ်ခဲ့သည်။
စီဘူး အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေအား ၎င်းနှင့် အာဆီယံရာထူးတူ နိုင်ငံခြားရေး ဝန်ကြီးများနှင့် လူကိုယ်တိုင် တွေ့ဆုံခွင့်ပြုရန် ထိုင်းနိုင်ငံ၏ အဆိုပြုချက်အပေါ် ငြင်းခုံခဲ့ကြသော်လည်း တူညီဆန္ဒ မရရှိခဲ့ပေ။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် မစ္စတာ သီဟာဆက် တိုက်တွန်းခဲ့သကဲ့သို့ မြန်မာနိုင်ငံနှင့် ပြန်လည် ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်း သဘောတူခဲ့ကြသော်လည်း သင့်တော်သည့် အချိန်နှင့် သင့်တော်သည့် အခြေအနေများအောက်တွင်သာ ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရမည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။
လာမည့်လများအတွင်း အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ တိုးတက်မှုရှိလာစေရန် အာဆီယံဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံတို့သည် ပူးပေါင်းလုပ်ဆောင်နေသည်။
ဇူလိုင်လလယ်တွင် ကျင်းပမည့် နှစ်ပတ်လည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီ အာဆီယံ ဝန်ကြီးများသည် ဘန်ကောက်မြို့တွင် တွေ့ဆုံဖွယ်ရှိပြီး ထို့နောက် ချင်းမိုင်မြို့၌ မြန်မာ့အရေး သက်ဆိုင်သူများနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
မြန်မာအစိုးရသစ်၏ အဓိကရည်မှန်းချက်မှာ လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ၄၉ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ ပြန်လည် ပူးပေါင်းဝင်ရောက်ရန်ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
စင်္ကာပူနိုင်ငံသည် လာမည့်နှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရယူမည်ဖြစ်ပြီး စင်္ကာပူသည် မြန်မာ့အရေးနှင့် ပတ်သက်ပြီး အာဆီယံအဖွဲ့အတွင်း အပြတ်သားဆုံး ရပ်တည်ချက်ကို ကာလကြာရှည် ထိန်းသိမ်းထားသည့် နိုင်ငံတစ်ခု ဖြစ်သည်။
၂၀၂၆ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌ တာဝန်ကို စွန့်လွှတ်ခဲ့ရသည့် မြန်မာနိုင်ငံသည် ၂၀၂၈ ခုနှစ် ထိုင်းနိုင်ငံက ဥက္ကဋ္ဌ တာဝန်ယူပြီးနောက် ၂၀၂၉ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ နေရာကို ပြန်လည်ရယူရန် ဆန္ဒရှိ နေသည်။
သို့သော် အရှေ့တီမောနိုင်ငံက ၂၀၂၉ ခုနှစ်တွင် ဥက္ကဋ္ဌတာဝန် ယူလိုကြောင်း ၎င်းတို့၏ ဆန္ဒကို ထပ်မံပြောကြား ထားသည်။
အာဆီယံဘက်ကမူ 5PC ကို အကောင်အထည်ဖော်ရန် ဆက်လက် တောင်းဆိုနေဆဲ ဖြစ်သည်။
တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် အခြားနိုင်ငံများသည် သမ္မတဦးမင်းအောင်လှိုင် အစိုးရနှင့် ထိတွေ့ ဆက်ဆံနိုင်သော် လည်း အာဆီယံကမူ ကိုယ်ပိုင်ရပ်တည်ချက်ဖြင့်သာ ရှေ့ဆက်နေသည်။
လာမည့် ၅ လတာကာလကို အဆုံးအဖြတ်ပေးမည့် မေးခွန်းမှာ အာဆီယံ၏ နည်းလမ်းက အလုပ်ဖြစ်မည်လား သို့မဟုတ် မြန်မာနိုင်ငံ၏ နည်းလမ်းက အလုပ်ဖြစ်မည်လားဆိုသည့် မေးခွန်းဖြစ်သည်။
ထိုမေးခွန်း၏ အဖြေသည် မြန်မာအစိုးရ၏ လက်ထဲတွင်သာ ရှိနေပါသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: ဆောင်းပါး
- Hits: 247
CNI Sport Article
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉
ကမ္ဘာ့ဖလားပြိုင်ပွဲကို ၆ ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အသက် ၄၁ နှစ်အရွယ်ရှိ ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲအပြီးမှာ ဝေဖန်မှုတွေကို အများအပြား ခံခဲ့ရပါတယ်။
ပေါ်တူဂီအသင်းနဲ့ DR ကွန်ဂိုအသင်း ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ရော်နယ်လ်ဒိုဟာ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းမှု ၃ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၁ ကြိမ်မှမရှိခဲ့တာပါ။
ပေါ်တူဂီအသင်း ပွဲမတိုင်မီ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲမှာ မက်ဆီက အာဂျင်တီးနားအသင်းအတွက် ဟက်ထရစ် ဂိုးသွင်းပြီး ခြေစွမ်းပြသခဲ့တာကြောင့် ရော်နယ်လ်ဒိုရော ဘာတွေလုပ်ပြမလဲဆိုပြီး စောင့်ကြည့်တဲ့သူတွေ များခဲ့ပါ တယ်။
ရော်နယ်လ်ဒိုကတော့ ပေါ်တူဂီအသင်းအတွက် ဘာမှမလုပ်ပေးနိုင်ခဲ့လို့ ဝေဖန်မှုတွေ အများအပြား ရောက်လာခဲ့ တာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုကို တွေ့ရစဉ်
ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ၁၄၃ ဂိုး သွင်းယူထားပြီး နိုင်ငံတကာ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ရပ်တည်နေသလို နေးရှင်းလိဂ် ၂ ကြိမ်နဲ့ ယူရိုချန်ပီယံဆု ၁ ကြိမ်ရရှိထားတာပါ။
ရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဖလားချန်ပီယံဆုရရှိပြီး သူ့ရဲ့နိုင်ငံတကာ ကစားသမားဘဝကို အဆုံးသတ်ချင်နေတာ ကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားနေတာ ဖြစ်ပါတယ်။
ရော်နယ်လ်ဒိုဟာ အောင်မြင်မှုကို ရယူချင်တဲ့ ဆာလောင်မှု ပြင်းထန်နေသလို စံချိန်မှတ်တမ်းတွေကိုလည်း ဆက်ထိန်းဖို့ ဆန္ဒရှိနေပါတယ်။
ရော်နယ်လ်ဒိုဟာ ဒီပြိုင်ပွဲမှာ ဂိုးသွင်းယူနိုင်ရင် မတူညီတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၆ ခုမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာဖို့ ရှိနေတာပါ။
DR ကွန်ဂိုအသင်းနဲ့ပွဲမှာ ပေါ်တူဂီအသင်းဖော်တွေက သူ့ကို လုံလောက်တဲ့ ဖန်တီးမှု မပေးနိုင်သလို သူကိုယ်တိုင် ကလည်း အသက်အရွယ်အရ စိတ်သွားတိုင်း လိုက်လုပ်လို့မရတော့တာ ဖြစ်ပါတယ်။
DR ကွန်ဂိုအသင်းနဲ့ပွဲမှာ ရော်နယ်လ်ဒိုဟာ ဘရူနိုဖာနန်ဒက်စ်ဆီပေးပို့တဲ့ ဘောလုံးကို သူယူပြီး ကန်သွင်းတာက တစ်ကိုယ်ကောင်း ဆန်တယ်လို့ ပြင်သစ်တိုက်စစ်မှူးဟောင်း အွန်နရီက မှတ်ချက်ပေးခဲ့ပါတယ်။
ဒါ့အပြင် အွန်နရီက ရော်နယ်လ်ဒို ဂိုးရဖို့ထက် ပေါ်တူဂီအသင်း ဂိုးရဖို့ လိုအပ်တယ်လို့လည်း ပြောခဲ့တာပါ။

ရော်နယ်လ်ဒိုကို တွေ့ရစဉ်
DR ကွန်ဂိုအသင်းနဲ့ပွဲမှာ ပေါ်တူဂီအသင်းနည်းပြက ရော်နယ်လ်ဒိုကို လူစားလဲပစ်ဖို့ ကြောက်နေတယ်လို့ ပြောနေခဲ့ကြပြီး နည်းပြ ရော်ဘတ်တို မာတီနက်ဇ်ကတော့ အသင်းဂိုးရဖို့ လိုအပ်နေတဲ့အချိန်မှာ ကမ္ဘာ့ အကောင်းဆုံး ဂိုးသွင်းတဲ့သူကို လူစားလဲဖို့ အဓိပ္ပါယ်မရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ DR ကွန်ဂိုအသင်းနဲ့ပွဲမှာ ဘောလုံး ၂၅ ကြိမ်သာ ထိခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
ရော်နယ်လ်ဒိုဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲက ဂါနာအသင်းနဲ့အုပ်စုပွဲမှာ ပယ်နယ်တီကနေ ဂိုးသွင်းယူပြီး ကတည်း က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၅ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေခဲ့သလို ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့ ခြင်း မရှိပါဘူး။
အဲ့ဒါကြောင့် ရော်နယ်လ်ဒိုဟာ နောက်ဆုံးကစားခဲ့တဲ့ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲ ၁၀ ပွဲဆက်တိုက် ဂိုးသွင်း ယူနိုင်ခဲ့ခြင်း မရှိတာပါ။
ရော်နယ်လ်ဒိုအနေနဲ့ ဒီမှတ်တမ်းဆိုးကို အဆုံးသတ်ဖို့ဆိုရင် လက်ကျန်ကမ္ဘာ့ဖလားအုပ်စု ၂ ပွဲမှာ ဂိုးသွင်းယူပြီး ခြေစွမ်းပြသဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
ရော်နယ်လ်ဒိုဟာ အရင်ကလည်း သူ့အပေါ် ဝေဖန်မှုတွေကို ရပ်တန့်အောင် လုပ်ပြနိုင်ခဲ့တဲ့သူဖြစ်လို့ ဒီတစ်ကြိမ် မှာရော ထပ်ပြီး လုပ်ပြနိုင်ဦးမလားဆိုတာ မကြာမီ မြင်တွေ့ရဖို့ရှိနေပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 316
CNI International Article
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃
Straits Times သတင်းစာ၏ အယ်ဒီတာချုပ်ဟောင်း ဝါရင် ဖာနန်ဒက်စ် (Warren Fernandez) သည် မေလ ကုန်ပိုင်းက စင်္ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ရှန်ဂရီလာဆွေးနွေးပွဲ (SLD) မှတဆင့် ပြန်လည်သုံးသပ်ဆင်ခြင်စရာ အချက် ၃ ချက်ကို ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပြီး ထိုဆောင်းပါးကို Straits Times သတင်းစာက ဖော်ပြခဲ့ သည်။
ရှန်ဂရီလာ ဆွေးနွေးပွဲတွင် သုံးသပ်ရမည့် အချက် ၃ ချက်မှာ (၁) အင်အား အလတ်စား နိုင်ငံများ ပါဝင်သည့် မဟာမိတ် အဖွဲ့အစည်းများသည် အင်အားကြီးနိုင်ငံများ၏ စစ်ရေးအာဏာနေရာတွင် အစားထိုး ဝင်ရောက်နိုင်ခြင်း ရှိ/မရှိ၊ (၂) ရှန်ဂရီလာဆွေးနွေးပွဲသည် ကြားနေ ပလက်ဖောင်း ဟုတ်/မဟုတ်၊ (၃) နိုင်ငံခြားရေးမူဝါဒတွင် ဟန့်တား ခြင်း မဟာဗျူဟာနှင့် သံတမန်ရေးရာတို့သည် တန်းတူအရေးပါမှု ရှိ/မရှိ ဆိုသည့် အချက်များပင် ဖြစ်သည်။
ယခု အဆိုပါ အချက်များကို နောက်ဆုံးအချက်မှ စတင်သုံးသပ်ကြည့်ရန် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ဟန့်တားခြင်း မဟာဗျူဟာသည် ကျန်အချက်များ အားလုံးအတွက် မရှိမဖြစ် လိုအပ်သည့် အရာတစ်ခု ဖြစ်နေ ခြင်းကြောင့် ဖြစ်သည်။

တရုတ်က စပရက်တလေကျွန်းစုမှာ ကျွန်းတုတွေ တည်ဆောက်နေစဉ်
ဟန့်တားခြင်း မဟာဗျူဟာနှင့် သံတမန်ရေးရာသည် တန်းတူအရေးပါမှု ရှိ/မရှိ
**********************************************************************
နိုင်ငံတကာ ဆက်ဆံရေးတွင် သံတမန်နည်းလမ်းဖြင့် ဆွေးနွေးခြင်းသည် စစ်ရေးအရ ဟန့်တားနိုင်စွမ်းရှိပြီးမှသာ အလုပ်ဖြစ်လေ့ရှိသည်။ တစ်နည်းအားဖြင့်ဆိုသော် စစ်အင်အားရှိမှသာ သံတမန်နည်းလမ်းလည်း အလုပ်ဖြစ်မည် ဖြစ်သည်။
ပြဿနာတစ်ခု ဖြစ်လာခဲ့မည်ဆိုပါက ရန်သူဘက်က ကျူးကျော် တိုက်ခိုက်လျှင် ရမည့် အကျိုးအမြတ်ထက် ပေးဆပ်ရမည့် ဆုံးရှုံးမှုက ပိုကြီးမားမည်ဟု တွက်ချက်မိမှသာ ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ရောက်လာတတ်သည်။
နောက်ကွယ်တွင် ခိုင်မာသော စစ်အင်အားမရှိဘဲ သံတမန်ရေး သက်သက်ဖြင့် အင်အားကြီးနိုင်ငံများကို လိုက်လျောအောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
ဆောင်းပါးရှင် ဖာနန်ဒက်စ်က စစ်မတိုက်ဘဲ အနိုင်ယူခြင်းဆိုသည့် ဆွန်ဇူး (Sun Tzu) ၏ စစ်သေနင်္ဂဗျူဟာ ကျမ်းကို ကိုးကားခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုဗျူဟာသည် စစ်တိုက်ခြင်းဟာ အကျိုးအကြောင်းမရှိတဲ့ လုပ်ရပ်ဟု ရန်သူဘက်က တွက်ချက်မိသည့် အချိန်မှသာ အလုပ်ဖြစ်မည်ဖြစ်ပြီး ထိုကဲ့သို့ တွက်ချက်မိအောင် လုပ်ဆောင်ပေးနိုင်သည့် အချက်သည် ဟန့်တား ခြင်း မဟာဗျူဟာ ဖြစ်သည်။
ဥပမာပြရလျှင် ဥရောပသည် ရုရှားနှင့် စီးပွားရေးအရ ချိတ်ဆက်ထားလျှင် ငြိမ်းချမ်းမည်ဟု ယူဆကာ စစ်အင်အား ကို လျှော့ချခဲ့သည်။
ရလဒ်အနေဖြင့် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ချိန်၌ ဥရောပနိုင်ငံများသည် ရုရှားကို မဟန့်တားနိုင်ခဲ့ပေ။
ထို့ကြောင့် စီးပွားရေးမှတဆင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်မည်ဆိုသည့် ဥရောပ၏ အယူ အဆသည် တက်တက်စင်အောင် မှားယွင်းသွားခဲ့သည်ကို မြင်တွေ့ရသည်။
တောင်တရုတ်ပင်လယ် အရေးကိစ္စတွင်လည်း အာဆီယံအနေဖြင့် ဆွေးနွေးညှိနှိုင်းမှု လမ်းစဉ်ကိုသာ ဦးတည် လုပ်ဆောင်နေချိန်တွင် တရုတ်နိုင်ငံကမူ စပရက်တလေကျွန်းစု (Spratly Islands)၌ သင်္ဘောဖျက် ဒုံးကျည် တပ်ဖွဲ့များနှင့် လေယာဉ်ပြေးလမ်းများ ပါဝင်သော လူလုပ်ကျွန်းတု ၇ ကျွန်းကို တည်ဆောက်ခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် စာရွက်ပေါ်မှ ကျင့်ဝတ်စည်းကမ်းများသည် မြေပြင်က ပကတိအခြေအနေကို ပြောင်းလဲနိုင်စွမ်း မရှိပါ။

စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဟောင်းဖြစ်သူ ဘီလာဟာရီ ကော်ဆီကန်ကို တွေ့ရစဉ်
ရှန်ဂရီလာဆွေးနွေးပွဲသည် ကြားနေပလက်ဖောင်းလား
*************************************************
တရုတ်ကာကွယ်ရေးဝန်ကြီးသည် ယခုနှစ်တွင်လည်း ရှန်ဂရီလာဆွေးနွေးပွဲကို တက်ရောက်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် တရုတ်ကာကွယ်ရေးဝန်ကြီးသည် ရှန်ဂရီလာဆွေးနွေးပွဲတွင် ၂ နှစ်ဆက်တိုက် ပါဝင်ခဲ့ခြင်းမရှိပေ။
သို့သော် တရုတ်ကာကွယ်ရေးဝန်ကြီး ဆွေးနွေးပွဲ တက်ခြင်း၊ မတက်ခြင်းသည် အဓိက အချက်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရှန်ဂရီလာဆွေးနွေးပွဲကို အမေရိကန်နှင့် အနောက်နိုင်ငံများကသာ လွှမ်းမိုးချုပ်ကိုင် ထားသည့် ပလက်ဖောင်းတစ်ခုအဖြစ် တရုတ်က ရှုမြင်ထားခြင်းကြောင့်ဖြစ်သည်။
စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဟောင်းဖြစ်သူ ဘီလာဟာရီ ကော်ဆီကန် (Bilahari Kausikan) ကလည်း ယခုနှစ် ရှန်ဂရီလာ ဆွေးနွေးပွဲ၏ သီးခြား ဆွေးနွေးမှုတစ်ခုတွင် “ရှန်ဂရီလာ ဆွေးနွေးပွဲ ဆိုတာ အခြေခံအားဖြင့် အမေရိကန်နိုင်ငံကို အရှေ့တောင်အာရှမှာ အမြစ်တွယ်နေအောင် အမြဲတမ်း လုပ်ဆောင် ပေးတဲ့နေရာ ဖြစ်ပါတယ်” ဟု အတိအလင်း ပြောကြားခဲ့သည်။
ထို့ကြောင့် တရုတ်သည် ၎င်းတို့ကိုယ်တိုင် ဦးဆောင် ကျင်းပသည့် ရှန်ရှန်းဖိုရမ် (Xiangshan Forum) သို့မဟုတ် ၎င်းတို့ အသာစီးရနိုင်မည့် မြူးနစ်လုံခြုံရေးညီလာခံ ကဲ့သို့သော နေရာများကိုသာ ရွေးချယ်တက်ရောက်ခြင်း ဖြစ်သည်။
ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် တရုတ်၏ စစ်ရေးအာဏာကို လက်ခံသတ်မှတ်ထား သည့် အင်ဒို-ပစိဖိတ် အိမ်နီးချင်းနိုင်ငံများသို့ မသွားဘဲ တရုတ်၏ အာဏာစက်အတွက် အားနည်းချက် အရှိဆုံး နေရာများကိုသာ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ရှန်ဂရီလာ ဆွေးနွေးပွဲသည် ကြားနေပလက်ဖောင်း မဟုတ်ဘဲ အမေရိကန် ဘက်ယိမ်းသည့် ဆွေးနွေးပွဲဟု ယူဆနိုင်သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတ် ဟက်ဂ်ဆက်သ်ကို တွေ့ရစဉ်
အင်အားအလတ်စားနိုင်ငံများ၏ အခန်းကဏ္ဍ
***************************************
အင်အားအလတ်စား နိုင်ငံများပါဝင်သည့် မဟာမိတ် အဖွဲ့အစည်းများသည် အင်အားကြီးနိုင်ငံများ၏ စစ်ရေး အာဏာနေရာတွင် အစားထိုး ဝင်ရောက်နိုင်ခြင်း ရှိ/မရှိဆိုသည့် အချက်သည် ကျယ်ပြန့်သည့် ပြဿနာ တစ်ခုဖြစ်သည်။
ဆောင်းပါးရှင် ဖာနန်ဒက်စ်က ၎င်း၏ဆောင်းပါးတွင် အင်အားအလတ်စား နိုင်ငံများသည် ပြောင်းလဲနေသော ကမ္ဘာကြီးတွင် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရုံတင်မကဘဲ ထိုကမ္ဘာကြီးကို ၎င်းတို့စိတ်ကြိုက် ပုံဖော် ထုဆစ်နိုင်မည့် ကိုယ်ပိုင်သြဇာအာဏာကို ရှာဖွေနေကြခြင်းဖြစ်သည်ဟု ရေးသားခဲ့သည်။
သို့သော် နိုင်ငံအချင်းချင်း စာချုပ်များချုပ်ခြင်း၊ အစည်းအဝေးများ လုပ်ခြင်းသည် တကယ့်စစ်ရေးအရ ဟန့်တား နိုင်စွမ်း ရှိခြင်းနှင့် မတူပါ။
အင်အားကြီးနိုင်ငံ တစ်ခုကို ဟန့်တားနိုင်ရန် စစ်မှန်သည့် စစ်အင်အား၊ စက်မှုစွမ်းအားနှင့် ပြတ်သားသော နိုင်ငံရေး ဆုံးဖြတ်ချက်တို့ လိုအပ်သည်။
အင်အားအလယ်အလတ်တန်းစား နိုင်ငံများအတွက် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိနေခြင်းသည် အမေရိကန်နှင့် တရုတ် အပြန်အလှန် ထိန်းကျောင်းနေသည့် အင်အားချိန်ခွင်လျှာအပေါ်တွင် တည်မှီနေသည်။ ထိုချိန်ခွင်လျှာ ပျက်သွားပါက နိုင်ငံငယ်များ၏ သံတမန်ရေးသည်လည်း ရပ်တည်နိုင်မည် မဟုတ်ပေ။
ရှန်ဂရီလာဆွေးနွေးပွဲတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတ် ဟက်ဂ်ဆက်သ် (Pete Hegseth) ပြောကြားခဲ့ သည့် စကားမှာ ကိုယ့်ဘက်က အသာစီးရမည့် အင်အားချိန်ခွင်လျှာတစ်ခု ဖြစ်ပေါ်လာစေရန်အတွက် စစ်ရေး အင်အား ပကတိရှိပြီး စက်မှုစွမ်းအား၊ ကုန်ထုတ်လုပ်မှု စွမ်းအားနှင့် နိုင်ငံရေးဆိုင်ရာ ပြတ်သားသည့် မဟာမိတ် များ လိုအပ်သည်ဆိုသည့် မှတ်ချက်စကားသည် မှန်ကန်နေသည်။

စင်္ကာပူ ကာကွယ်ရေးဝန်ကြီး ချန်ချွန်ဆင်းကို တွေ့ရစဉ်
နှစ်ဖက်စလုံးနှင့် တည့်အောင်နေခြင်း
*********************************
လက်ရှိအချိန်အထိ စင်္ကာပူသည် အမေရိကန်၊ တရုတ် နှစ်ဖက်စလုံးနှင့် မိတ်ဆွေအဖြစ် ရပ်တည်နိုင်ရန် ၎င်း၏ စစ်ရေးနှင့် စီးပွားရေးကို ဟန်ချက်ညီညီ ကစားခဲ့သည်။
စစ်ရေးအရ ကြည့်မည်ဆိုပါက စင်္ကာပူသည် ၁၉၉၀ ပြည့်နှစ်ကတည်းက အမေရိကန်တပ်များကို စစ်အခြေစိုက် စခန်း သုံးခွင့်ပေးခဲ့ပြီး ထိုသဘောတူညီချက်ကို ၂၀၃၅ အထိ သက်တမ်းတိုးထားသည်။ ထို့ပြင် ၂၀၂၅ တွင် အမေရိကန်ထုတ် P-8A ရေကြောင်း ကင်းလှည့်လေယာဉ်များ ဝယ်ယူခဲ့သည်။
ထို့ပြင် တရုတ်နှင့်လည်း ၂၀၀၈ ခုနှစ်မှစပြီး ကာကွယ်ရေး ဆက်ဆံရေးကို တရားဝင် စတင်ခဲ့ပြီး ၂၀၁၉ တွင် ကာကွယ်ရေးဆိုင်ရာ ဖလှယ်မှုသဘောတူညီချက် (ADESC) ကို တိုးမြှင့်ခဲ့သည်။
စီးပွားရေးတွင်လည်း ထို့နည်းတူပင်ဖြစ်သည်။ စင်္ကာပူသည် အမေရိကန်ဦးဆောင်သော လုံခြုံရေးစနစ် အောက်တွင် ပင်လယ်ရေကြောင်း တည်ငြိမ်မှုကို ရယူသည်။
ထို့ပြင် တရုတ်၏ နိုင်ငံတကာ ကုန်းလမ်း-ရေလမ်း ကုန်သွယ်ရေးစင်္ကြံအသစ်တွင် မရှိမဖြစ်လိုအပ်သော ထောက်ပံ့ပို့ဆောင်ရေး အချက်အချာနေရာ တစ်ခုအဖြစ် ပါဝင်ထားသည်။
ထို့ကြောင့် ယခုနှစ် ရှန်ဂရီလာဆွေးနွေးပွဲတွင် စင်္ကာပူ ကာကွယ်ရေးဝန်ကြီး ချန်ချွန်ဆင်း (Chan Chun Sing) က စင်္ကာပူဝန်ကြီးချုပ်ဟောင်း ဂိုချောက်တောင် (Goh Chok Tong) ၏ ဆိုရိုးစကားကို ကိုးကားပြောဆိုခဲ့သည်။
“ကျနော်ဟာ ပင်လယ်ပြင်ကိုတော့ မထိန်းချုပ်နိုင်ပေမယ့် ကျနော်တို့ရဲ့ သင်္ဘောကို ပင်လယ်ပြင်မှာ ခရီးနှင်နိုင် သည့် ကြံ့ခိုင်မှုရှိအောင် လုပ်ထားနိုင်ပါတယ်”ဆိုသည့် ဆိုရိုးစကားသည် အလွန်မှန်ကန်လှသည်။
သို့သော် သင်္ဘောသည် ကြံ့ခိုင်ရုံတင်မကဘဲ မည်သည့် အင်အားကြီးနိုင်ငံကမျှ အပိုင်စီးမထားသည့် လွတ်လပ် သော ပင်လယ်ရေကြောင်း လမ်းကြောင်းများ ရှိနေရန်ပါ လိုအပ်လှပေသည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 320
CNI Sport Article
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄
၁၉၃၀ ခုနှစ်ကနေ စတင်ပြီး ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထူးခြားတဲ့ မှတ်တမ်းတစ်ခုတော့ ရှိပါတယ်။
ဒါကတော့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို နိုင်ငံခြားသား နည်းပြတွေ ရယူဖူးခြင်း မရှိသေးဘဲ ကိုယ့်နိုင်ငံသားတွေရဲ့ ဦးဆောင်မှုနဲ့ ဘရာဇီးလ်၊ ဂျာမနီ၊ အီတလီအစရှိတဲ့ အသင်းတွေဟာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
၁၉၃၀ ကနေ ၂၀၂၂ ခုနှစ်အထိ ကျင်းပပြီးစီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂၂ ကြိမ်စလုံးမှာ ဒီမှတ်တမ်းတစ်ခုက ဆက်ပြီး တည်ရှိနေတာပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ အသင်းက ၈ သင်းသာရှိသေးပြီး ဒီအသင်းတွေကတော့ ဘရာဇီးလ်၊ အီတလီ၊ ဂျာမနီ၊ အာဂျင်တီးနား၊ ပြင်သစ်၊ ဥရုဂွေး၊ အင်္ဂလန်နဲ့ စပိန်အသင်းတို့ ဖြစ်ပါတယ်။
ဒီအသင်းတွေဟာ သူတို့ လူမျိုးနည်းပြ ကိုင်တွယ်တဲ့ လက်အောက်မှာ ချန်ပီယံဆုကို ရခဲ့ကြတာပါ။

ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ နိုင်ငံတွေကို တွေ့ရစဉ်
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ နာမည်ကြီး နိုင်ငံတချို့ဟာ နိုင်ငံခြားသား နည်းပြတွေကို ခန့်အပ်ပြီး ဝင်ရောက် ယှဉ်ပြိုင်နေတာကြောင့် ဒီမှတ်တမ်းတစ်ခု အဆုံးသတ် သွားမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
အချက်အလက်တွေအရ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ၄၈ နိုင်ငံမှာ ၂၆ နိုင်ငံဟာ နိုင်ငံခြား သား နည်းပြတွေရဲ့ ဦးဆောင်မှုနဲ့ ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
ပူးတွဲအိမ်ရှင်တွေဖြစ်တဲ့ ကနေဒါအသင်းက အမေရိကန်လူမျိုး ဂျက်ဆီမာ့ရှ်၊ အမေရိကန်အသင်းက အာဂျင်တီးနား လူမျိုး ပိုချက်တီနိုကို နည်းပြအဖြစ် ခန့်အပ်ထားတာပါ။
တူရကီအသင်းက အီတလီလူမျိုး မွန်တယ်လား၊ ဥရုဂွေးအသင်းက အာဂျင်တီးနားလူမျိုး ဘီယဲလ်ဆာ၊ ဘယ်လ်ဂျီယံအသင်းက ပြင်သစ်လူမျိုး ရူဒီဂါစီယာကို ခန့်အပ်ထားပါတယ်။
ဘရာဇီးလ်အသင်းကတော့ သူတို့ရဲ့သမိုင်းမှာ ပထမဆုံး နိုင်ငံခြားသား နည်းပြအဖြစ် အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီကို ခန့်အပ်ထားပြီး ကမ္ဘာ့ဖလားချန်ပီယံဆုကို ၆ ကြိမ်မြောက် ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါ တယ်။

အင်္ဂလန်အသင်းကို တွေ့ရစဉ်
ပေါ်တူဂီအသင်းက စပိန်လူမျိုးနည်းပြ ရော်ဘတ်တို မာတီနက်ဇ်နဲ့ အင်္ဂလန်အသင်းက ဂျာမန်လူမျိုးနည်းပြ တူချယ်လ်ကို နည်းပြအဖြစ် ခန့်အပ်ထားပြီး ကမ္ဘာ့ဖလား ချန်ပီယံဆု ကိုင်မြှောက်နိုင်ဖို့ ရည်မှန်းနေတာပါ။
လက်ရှိ ချန်ပီယံ အာဂျင်တီးနား၊ စပိန်၊ ပြင်သစ်နဲ့ ဂျာမနီအသင်းတို့က သူတို့ရဲ့ လူမျိုး ဦးဆောင်မှုနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေအဖြစ် စပိန်၊ ပြင်သစ်၊ အင်္ဂလန်၊ ပေါ်တူဂီ၊ ဘရာဇီးလ် နဲ့ အာဂျင်တီးနားအသင်းတို့က ဦးဆောင်နေတာပါ။
အင်္ဂလန်၊ ပေါ်တူဂီနဲ့ ဘရာဇီးလ်အသင်းတို့ထဲက တစ်သင်းသင်းက ကမ္ဘာ့ဖလား ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့ ရင် နိုင်ငံခြားသားနည်းပြတွေ ကမ္ဘာ့ဖလားမရဖူးတဲ့ အရာတစ်ခု အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ၂၃ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထူးခြားတဲ့ မှတ်တမ်းတစ်ခု အဆုံးသတ်သွားမလား ဒါမှမဟုတ် ဒီမှတ်တမ်း ဆက်ပြီး တည်ရှိနေမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 382
CNI Article
၂၀၂၆ ခုနှစ်၊ ဇွန်လ ၆
နှစ်စဉ်နှစ်တိုင်း ရာနှင့်ချီသည့် လူငယ်များသည် မြေရှားသတ္တုများအကြောင်း လေ့လာသင်ယူရန် တရုတ်နိုင်ငံ မြောက်ပိုင်း ဒေသများသို့ သွားရောက်ကြပြီး အင်းနားမွန်ဂိုလီးယား သိပ္ပံနှင့် နည်းပညာတက္ကသိုလ် (Inner Mongolia University of Science and Technology) ကဲ့သို့သော ကျောင်းများတွင် ပညာသင်ကြားနေကြသည်။
ထိုလူငယ်များသည် ကျောင်းပြီးသည့် အခါတွင် ပေါင်ထို (Baotou) မြို့ရှိ နိုင်ငံပိုင် သတ္တုသန့်စင်ရေးစက်ရုံများနှင့် သုတေသန အဖွဲ့အစည်းများတွင် တိုက်ရိုက် ဝင်ရောက်လုပ်ကိုင်ကြသည်။
ထိုစက်ရုံများနှင့် သုတေသနအဖွဲ့များတွင် ဝင်ရောက် လုပ်ကိုင်ခြင်း မရှိသည့် ဘွဲ့ရလူငယ်များ အနေဖြင့် ကမ္ဘာ့အကြီးဆုံး မြေရှားသတ္တု မိုင်းတွင်းနှင့် ၉၃ မိုင် (၁၅၀ ကီလိုမီတာခန့်) မျှသာ ကွာဝေးသော ပေါင်ထို ရှားပါးမြေဒြပ်စင် သုတေသနအဖွဲ့ (Baotou Rare Earth Research Institute) တွင် ဆက်လက် ပညာသင်ကြား ကြသည်။
တရုတ်နိုင်ငံတွင် နောက်ဆုံးပေါ် သုတေသနများ ပြုလုပ်နေသည့် အထူးပြုဓာတ်ခွဲခန်း ၄၀ ကျော်နှင့် တက္ကသိုလ် ၁၁ ခုထက်မနည်း ရှိနေပြီး ထိုအဖွဲ့အစည်းများသည် နှစ်စဉ် မြေရှားသတ္တုဆိုင်ရာ ဘွဲ့ဒီဂရီသင်တန်းများအတွက် ကျောင်းသားဦးရေ ၅၀၀ ကျော်ကို မွေးထုတ်ပေးနေသည်။
တရုတ်တက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းများသည် စက်မှုလုပ်ငန်းကဏ္ဍ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် အဓိကဦးတည်ထားပြီး ကျောင်းသားများသည် ဘွဲ့မရမီကတည်းက ကုမ္ပဏီများနှင့်အတူ လက်တွေ့ သုတေသန စီမံကိန်းများကို လုပ်ဆောင်ခွင့် ရရှိကြသည်။
ထိုကဲ့သို့ ပညာရပ်ဆိုင်ရာ နယ်ပယ်နှင့် စက်မှုလုပ်ငန်းကြား အနီးကပ် ပူးပေါင်းမှုကြောင့် တရုတ်ကုမ္ပဏီများသည် ကုန်ကျစရိတ် သက်သာစွာဖြင့် လျင်မြန်စွာ ထုတ်လုပ်နိုင်သည်။

မြေရှားသတ္တု တည်ရှိရာနေရာများကို ပြသထားစဉ်
အနောက်နိုင်ငံများ၏ အခြေအနေနှင့် စိန်ခေါ်မှုများ
*********************************************
တစ်ချိန်က အနောက်နိုင်ငံများသည် မြေရှားသတ္တု သန့်စင်မှုကဏ္ဍကို လွှမ်းမိုးခဲ့သော်လည်း ၂၀ ရာစုနှောင်းပိုင်း တွင် ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့သည်။
အမေရိကန်အခြေစိုက် အဖွဲ့အစည်း အချို့သည် ၎င်းတို့၏ သင်ရိုးညွှန်းတမ်းများတွင် မြေရှားသတ္တုဆိုင်ရာ ဘာသာ ရပ်များကို ပိုမိုအာရုံစိုက် ထည့်သွင်း သင်ကြားလာကြပြီ ဖြစ်သော်လည်း၊ တရုတ်နိုင်ငံ ပြင်ပတွင် ထိုဘာသာရပ် အတွက် သီးသန့် ဘွဲ့ကြိုဒီဂရီ ပေးအပ်သည့် ကျောင်းမျိုးကို မတွေ့ရသေးကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်ကျောင်းသားများသည် သတ္တုတွင်းလုပ်ငန်းကို ညစ်ပတ်ပေရေပြီး ခေတ်နောက်ကျသော အလုပ်အဖြစ် ရှုမြင်သောကြောင့် စိတ်ဝင်စားမှု နည်းပါးကြသည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ်တွင် အမေရိကန်တစ်နိုင်ငံလုံး၌ သတ္တုတွင်းနှင့် သတ္တုဗေဒဆိုင်ရာ ဘွဲ့ရရှိသူ ၂၀၀ ကျော်သာ ရှိခဲ့သည်။
ထို့ကြောင့် အနောက်နိုင်ငံရှိ ကုမ္ပဏီများသည် ဘွဲ့ရလူငယ်များကို လုပ်ငန်းခွင်ဝင်နိုင်ရန် သုံးနှစ်ခန့် အချိန်ယူ သင်တန်းပေးရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် အနောက်နိုင်ငံ ခေါင်းဆောင်များကမူ မြေရှားသတ္တု ကဏ္ဍတွင် တရုတ်၏ချုပ်ကိုင်မှုကို ချိုးဖျက်နိုင်ရန် ရန်ပုံငွေများ ကတိပြုထားကြသည်။
အမေရိကန်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်တွင်း ထုတ်လုပ်မှု တိုးချဲ့ရန်နှင့် အလုပ်သမားများ၏ စွမ်းရည်မြှင့်တင် ရန် ဒေါ်လာဘီလျှံချီ ရင်းနှီးမြှုပ်နှံထားပြီး ကိုလိုရာဒို သတ္တုတွင်းကျောင်းသည် စွမ်းအင်ဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး အရေးပါသော တွင်းထွက်သတ္တုဆိုင်ရာ သုတေသန အဆောက်အအုံအသစ်များ တည်ဆောက်နေသည်။
အမေရိကန်လွှတ်တော်ကလည်း သတ္တုတွင်းပညာရေးအတွက် မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မည့် ဥပဒေကြမ်းကို စဉ်းစားလာခဲ့သည်။

မြေရှားသတ္တု တူးဖော်မှုကိုတွေ့ရစဉ်
ထုတ်လုပ်မှုအခက်အခဲနှင့် ပတ်ဝန်းကျင်ထိခိုက်မှု
*********************************************
မြေရှားသတ္တုများကို သန့်စင်ထုတ်လုပ်ရခြင်းသည် အလွန်ခက်ခဲပြီး ကုန်ကျစရိတ် အဆမတန် မြင့်မားသည်။
သတ္တုသန့်စင်စက်ရုံများသည် ဓာတုဗေဒဂုဏ်သတ္တိချင်း ဆင်တူနေသည့် မတူညီသော မြေရှားဒြပ်စင် ၁၇ မျိုးကို ကိုင်တွယ်ဖြေရှင်းကြရပြီး ထိုကဲ့သို့ ရှုပ်ထွေးလှသော အခြေအနေကြောင့် တစ်ခုနှင့်တစ်ခု သီးခြားခွဲထုတ်ရန် ခက်ခဲလှသည်။
ဥပမာအားဖြင့် လျှပ်စစ်ကားများတွင် အသုံးပြုရန် Neodymium နှင့် Praseodymium တို့ကို ထုတ်ယူရာတွင် ကမ္ဘာ့အပေါ်ယံ မြေလွှာတွင် ပိုမိုပေါများစွာ တွေ့ရှိရပြီး အသုံးဝင်မှုနည်းပါးသည့် Lanthanum နှင့် Cerium တို့ကို ပထမဦးစွာ ဖယ်ရှားပစ်ရန် လိုအပ်သည်။
ထိုသို့ သီးခြားခွဲထုတ်သည့် လုပ်ငန်းစဉ်တွင် အက်ဆစ်နှင့် အခြားသော ဓာတုပစ္စည်းများကို နည်းစနစ်တကျ အချိုးကျ ပေါင်းစပ်အသုံးပြုရသည်။
စနစ်တကျ သိမ်းဆည်းခြင်း မပြုပါက မြေဆီလွှာနှင့် ရေထုကို ပြင်းထန်စွာ ညစ်ညမ်းစေသည့် ဘေးထွက် ဆိုးကျိုးများ ရှိရုံသာမက အချို့ မြေရှားသတ္တုများနှင့် အလွန်အကျွံ ထိတွေ့မိပါက လူသားများ၏ အာရုံကြော စနစ်ကို ထိခိုက်ပျက်စီးစေနိုင်သည်။
လက်ရှိတွင် ပေါင်ထိုမြို့ရှိ အဓိက သိုလှောင်ရုံ ဧရိယာတစ်ဝိုက်တွင် မြေအောက်ရေ ညစ်ညမ်းမှုများရှိကြောင်း တရုတ်သုတေသီများက မှတ်တမ်းတင်ထားပြီး တရုတ်အစိုးရကလည်း သတ္တုသန့်စင်မှု လုပ်ငန်းများသည် ပတ်ဝန်းကျင်ကို ပြင်းထန်စွာ ပျက်စီးစေခဲ့ကြောင်း ဝန်ခံထားသည်။

မြေရှားသတ္တု တည်ရှိရာနေရာများကို ပြသထားစဉ်
ပထဝီနိုင်ငံရေးနှင့် နည်းပညာထိန်းချုပ်မှု
***********************************
တရုတ်နိုင်ငံ၏ မြေရှားသတ္တု စက်မှုလုပ်ငန်းသည် ၁၉၈၀ ပြည့်လွန်နှစ်များနှင့် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်းက အခွန်နှုန်းထား နည်းပါးခြင်းနှင့် လုပ်အားခ သက်သာသော လုပ်သားအင်အားထုကြောင့် အကျိုးအမြတ်များစွာ ရရှိခဲ့သည်။
လက်ရှိတွင်လည်း တရုတ်နိုင်ငံပိုင်ဘဏ်များက တွင်းထွက် သတ္တုတူးဖော်သည့် ကုမ္ပဏီများကို သက်သာသော စည်းကမ်းချက်ဖြင့် ငွေချေးပေးနေသည်။
တရုတ်နိုင်ငံပိုင် အမျိုးသားသုတေသနစင်တာက တီထွင်လိုက်သည့် နည်းပညာအသစ်ကြောင့် ထုတ်လုပ်မှု စွမ်းအား သိသိသာသာ မြင့်တက်လာပြီး စက်ရုံတစ်ခုတည်းကပင် တစ်နှစ်လျှင် အဆင့်မြင့်သန့်စင်ပြီး မြေရှား သတ္တု မက်ထရစ်တန်ချိန် ၅၀,၀၀၀ အထိ ထုတ်လုပ်နိုင်သည်။
ထိုပမာဏသည် တရုတ်နိုင်ငံပြင်ပရှိ အကြီးဆုံး ဩစတြေးလျ Lynas သတ္တုတွင်းကုမ္ပဏီ၏ ထုတ်လုပ်မှုထက် ငါးဆမျှ ပိုများသည်။
တရုတ်အစိုးရသည် ၎င်းတို့၏ ကျွမ်းကျင်မှု ပညာရပ်များကို ပြည်ပသို့ မပေါက်ကြားစေရန် တင်းကျပ်စွာ စောင့်ကြည့်နေပြီး နည်းပညာနှင့် စက်ပစ္စည်းများ ပြည်ပတင်ပို့မှုကို ကန့်သတ်ချက်များ တိုးမြှင့်ခဲ့သည်။
ထို့ပြင် စက်မှုလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် နိုင်ငံခြားသားများကြား ထိတွေ့ဆက်ဆံမှုကိုလည်း ကန့်သတ်ထားကာ နည်းပညာရှင်အချို့သည် ၎င်းတို့၏ နိုင်ငံကူး လက်မှတ်များကို အစိုးရထံ အပ်နှံထားရန် အမိန့်ပေးခြင်း ခံခဲ့ရကြောင်း ထိုအခြေအနေကို ကောင်းစွာသိရှိသည့် လူသုံးဦး၏ ပြောကြားချက်အရ သိရသည်။
တရုတ်တက္ကသိုလ်အချို့က ထုတ်ဝေထားပြီး ရိုက်တာက လေ့လာဆန်းစစ်ခဲ့သည့် သင်ရိုးညွှန်းတမ်းဆိုင်ရာ အချက် အလက်များအရလည်း ၎င်းတို့၏ ပညာရေးစနစ်သည် စက်မှုလုပ်ငန်းကဏ္ဍ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်ရန် အဓိက ဦးတည် အာရုံစိုက်ထားကြောင်း ပြသနေသည်။
အင်းနားမွန်ဂိုလီးယား တက္ကသိုလ်တွင် မြေရှားသတ္တု အင်ဂျင်နီယာဘာသာရပ်ကို အဓိကထား သင်ယူကြသည့် ကျောင်းသားများသည် မြေရှားဒြပ်စင် ဓာတုဗေဒနှင့် ရုပ်ဝတ္ထုသိပ္ပံ ကဲ့သို့သော ဘာသာရပ် သင်တန်းများတွင် သင်ကြားချိန်နာရီ ၁၀၀ ကျော်အထိ သင်ယူကြရသည်။
အခြေခံကျသော သင်ရိုးညွှန်းတမ်း တစ်ခုကိုမူ မြေရှားသတ္တု ဓာတ်ခွဲခန်းများ၊ ကုမ္ပဏီများနှင့် ပူးပေါင်း၍ သင်ကြား ပေးခြင်းဖြစ်ပြီး ကျောင်းသားများ အနေဖြင့် ကုမ္ပဏီများ၏ လုပ်ငန်းခွင်အတွင်းရှိ အဆောက်အအုံများ၌ ပို့ချချက် များကို သွားရောက် နားထောင်နိုင်သည်။
တရုတ်နိုင်ငံရှိ မြေရှားသတ္တု အင်ဂျင်နီယာဘာသာရပ်ဖြင့် ဘွဲ့လွန်တက်ရောက် နေသူများသည် အခြားနိုင်ငံများရှိ ကျောင်းသားများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့၏ သုတေသန နယ်ပယ်အပေါ် ပိုပြီးအာရုံစိုက်လေ့ရှိကြောင်း တရုတ် နိုင်ငံရှိ သုတေသနအဖွဲ့အစည်းများသို့ ဆယ်စုနှစ် နှစ်ခုနီးပါး သွားရောက် လေ့လာခဲ့သည့် ပေါ်တူဂီလူမျိုး ရူပဗေဒ ပညာရှင် လူဝစ် ကားလို့စ် (Luís Carlos) က ပြောကြားခဲ့သည်။
“ဒါပေမဲ့ လူတွေကို စက်ယန္တရားကြီးတစ်ခုရဲ့ အစိတ်အပိုင်း အသေးလေးတွေအဖြစ် ခံယူပြီး စဉ်းစားကြည့် မယ်ဆို ရင်တော့ ဒီလိုစနစ်မျိုးက စက်ယန္တရားကြီး တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့အတွက် အလွန်အကျိုး ရှိပါ တယ်” ဟု ၎င်းက ဆိုသည်။
ကမ္ဘာ့ထိပ်တန်း သတ္တုတွင်း ကျောင်းများထဲမှ တစ်ခုအဖြစ် လူသိများ အသိအမှတ်ပြုထားသည့် အမေရိကန်၏ ကိုလိုရာဒို သတ္တုတွင်း ကျောင်းသည်လည်း လက်ရှိ အစီအစဉ်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စွမ်းအင် ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ အရေးပါသော တွင်းထွက်သတ္တုဆိုင်ရာ သုတေသန အဆောက်အအုံ အသစ်နှစ်ခုကို တည်ဆောက်နေပြီး ၎င်းတို့အနက် ပထမဆုံး အဆောက်အအုံကို ၂၀၂၇ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ရန် မျှော်မှန်း ထားသည်။
ထို့ပြင် အဆိုပါကျောင်း၏ သတ္တုတွင်းနှင့် ဆက်စပ်သော ဘွဲ့ကြိုသင်တန်းများသည်လည်း မကြာသေးမီ နှစ်များ အတွင်းက ပိုမိုအာရုံစိုက်ခြင်း ခံလာရပြီး ကျောင်းသား တက်ရောက်မှုလည်း များပြားလာခဲ့သည်။
“အမေရိကန်ရဲ့ တွင်းထွက်သတ္တု လုပ်ငန်းကဏ္ဍ အနေနဲ့ ကျနော်တို့ဆီမှာ အရည်အချင်းရှိတဲ့သူတွေ လိုအပ်နေ တယ်ဆိုတဲ့အချက်နဲ့ သတ္တုတွင်းလုပ်ငန်းဟာ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အသက်မွေးဝမ်းကျောင်း လမ်းကြောင်း တစ်ခု ဖြစ်တယ်ဆိုတဲ့အချက်ကို ရှင်းရှင်းလင်းလင်း သိမြင်အောင် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်” ဟု အမေရိကန်သတ္တုကုမ္ပဏီတစ်ခုဖြစ်သည့် Valor ကုမ္ပဏီ၏ စီအီးအို ကုနားလ် ဆင်ဟား (Kunal Sinha) က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: ဆောင်းပါး
- Hits: 403
CNI International Article
၂၀၂၆ ခုနှစ်၊ မေလ ၃၀
ဗီယက်နမ်နှင့် ထိုင်းကြား ၁၉၇၆ ခုနှစ်တွင် စတင် ထူထောင်ခဲ့သည့် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ၅၀ ပြည့် မြောက်သည့် အချိန်မှာ ဗီယက်နမ်သမ္မတ တိုလမ် (To Lam) သည် မေလ ၂၇ ရက်မှ ၂၉ ရက်အထိ ထိုင်းနိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်။
ထိုခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေး၏ ထူးခြားသော ပြောင်းလဲတိုးတက်မှုကို ထင်ဟပ်စေရုံသာမက အာဆီယံ အနေဖြင့် အင်အားကြီး နိုင်ငံများအကြား ပြင်းထန်လာသော ပြိုင်ဆိုင်မှုများ၊ ဒေသတွင်း မတည်ငြိမ်မှုများနှင့် အသစ် ပေါ်ပေါက်လာသော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင် ကျော်လွှားနေရချိန်တွင် ထိုင်းနှင့် ဗီယက်နမ်ကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ အရေးပါမှု ပိုမိုမြင့်တက် လာနေခြင်းကိုပါ ထင်ဟပ် ပေါ်လွင်စေသည့် မှတ်တိုင်တစ်ခု ဖြစ်သည်။
အရှေ့တောင်အာရှတွင် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံကြား ဆက်ဆံရေးလောက် သိသိသာသာ ပြောင်းလဲတိုးတက် ခဲ့သည့် ဆက်ဆံရေးမျိုး မရှိသလောက် ရှားပါးလှသည်။
တစ်ချိန်က စစ်အေးတိုက်ပွဲ တင်းမာမှုများနှင့် ပထဝီနိုင်ငံရေးအရ ဗီယက်နမ်နှင့် ထိုင်းတို့သည် ပြိုင်ဘက်များ ဖြစ်ခဲ့သော်လည်း ယခုအခါတွင် နှစ်နိုင်ငံ ဆက်ဆံရေးကို တဖြည်းဖြည်း ပြုပြင်ပြောင်းလဲလာခဲ့ပြီး အာဆီယံ အတွင်း အရှိန်အဟုန် အကောင်းဆုံး မိတ်ဖက်ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့သည်။
၁၉၈၀ ပြည့်လွန်နှစ်များ၏ နောက်ပိုင်း ကာလတွင် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ချာတီချိုင်း ချွန်ဟာဗန် (Chatichai Choonhavan) က အင်ဒိုချိုင်းနားဒေသကို စစ်တလင်းအဖြစ်မှ ဈေးကွက်အဖြစ်သို့ ပြောင်းလဲရန် ဆိုသည့် မျှော်မှန်းချက်ကို ဖော်ဆောင်ခဲ့သည်။

ထိုင်း-ဗီယက်နမ် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ်ကို တွေ့ရစဉ်
ထိုမျှော်မှန်းချက်သည် ထိုင်းနိုင်ငံ အနေဖြင့် ဗီယက်နမ် အပါအဝင် အိမ်နီးချင်း နိုင်ငံများနှင့် ထိပ်တိုက် တွေ့ဆုံမှု များမှ ပြန်လည်သင့်မြတ်ရေးနှင့် ထိတွေ့ဆက်ဆံရေး လမ်းကြောင်းဆီသို့ ကူးပြောင်းမှုကို ပြသလိုက်သည့် ကြီးမားသော အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့သည်။
၁၉၇၆ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့တွင် သံတမန်ဆက်ဆံရေး စတင် ထူထောင်ခဲ့ပြီးကတည်းက ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သည် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆီသို့ တဖြည်းဖြည်းချင်း တိုးတက်လာခဲ့ပြီး၊ ၂၀၂၅ ခုနှစ်တွင်မူ ဆက်ဆံရေးကို ပြည့်စုံကျယ်ပြန့်သည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ မြှင့်တင် နိုင်ခဲ့သည်။
ယခုကဲ့သို့ နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်မြှင့်တင်လိုက်ခြင်းသည် အရှေ့တောင်အာရှ ကုန်းတွင်းပိုင်းဒေသ၏ အရေးအပါဆုံး စီးပွားရေး အင်အားကြီး နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် အကျိုးစီးပွားချင်း တူညီမှု၊ နိုင်ငံရေး အရ ယုံကြည်မှု ပိုမိုနက်ရှိုင်းလာမှုနှင့် စီးပွားရေးအရ အပြန်အလှန် ပိုမိုမှီခိုလာရမှုတို့ကို ထင်ဟပ်စေသည်။
လက်ရှိတွင် နှစ်နိုင်ငံလုံးသည် အရှိန်အဟုန် ပြင်းထန်လာသော ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုများနှင့် ဒေသတွင်း သဘောထား ကွဲလွဲမှုများကြားတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မရှိမဖြစ် လိုအပ်သည့် ဒေသတွင်း မိတ်ဖက်နိုင်ငံ များအဖြစ် ရှုမြင်လာကြပြီ ဖြစ်သည်။
ထိုင်းနှင့် ကမ္ဘောဒီးယားကြား နယ်စပ်တင်းမာမှုများ၊ အရှေ့တောင်အာရှ ကုန်းတွင်းပိုင်း ဒေသတစ်လွှား၌ လှုပ်ရှား နေသည့် ဆိုက်ဘာရာဇဝတ်မှု ကွန်ရက်များနှင့် ရေကြောင်း လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လာ ခြင်း အပါအဝင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် စိန်ခေါ်မှုများသည် ဒေသတွင်း ပိုမိုခိုင်မာသော ပူးပေါင်းညှိနှိုင်း မှုနှင့် နိုင်ငံရေးအရ ယုံကြည်မှု တည်ဆောက်ရန် လိုအပ်ကြောင်းကို မီးမောင်းထိုးပြသနေသည်။
ဗီယက်နမ်နှင့် ထိုင်း နိုင်ငံများအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် လုပ်ဆောင်ခြင်း သည် သံတမန်ရေးရာ ရွေးချယ်စရာ လမ်းကြောင်းတစ်ခု သက်သက် မဟုတ်တော့ဘဲ လက်တွေ့ကျသည့် မဟာဗျူဟာမြောက် မဖြစ်မနေ လိုအပ်ချက်တစ်ခု ဖြစ်လာနေပြီ ဖြစ်သည်။
နိုင်ငံရေးအရ ယုံကြည်မှုသည် နှစ်နိုင်ငံဆက်ဆံရေး၏ အခြေခံအုတ်မြစ်အဖြစ် ဆက်လက် ရှိနေသည်။

ထိုင်း-ဗီယက်နမ် ကုန်သွယ်ရေး သဘောတူညီခဲ့ကြစဉ်
နှစ်နိုင်ငံကြား ဆယ်စုနှစ်တစ်ခုကြာ အဆက်ပြတ်ခဲ့သည့် ပူးတွဲအစိုးရအဖွဲ့ အစည်းအဝေးကို ၂၀၂၅ ခုနှစ်တွင် ပြန်လည် စတင်နိုင်ခဲ့ခြင်းက ပူးပေါင်းဆောင်ရွက်မှုကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်ရန် နှစ်ဖက်စလုံး၏ ပြတ်သားသော သန္နိဋ္ဌာန်ကို ပြသလိုက်ခြင်း ဖြစ်သည်။
စီးပွားရေးအရကြည့်လျှင် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သည် အလွန်နက်ရှိုင်းစွာ ဆက်နွှယ်နေကြပြီ ဖြစ်သည်။
၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည် ဒေါ်လာ ၂၂ ဘီလျံကျော်အထိ ရှိခဲ့သဖြင့် ထိုင်းနိုင်ငံသည် အာဆီယံအတွင်း ဗီယက်နမ်၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့သည်။
ဗီယက်နမ်နိုင်ငံအတွင်း ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ၊ အထူးသဖြင့် စွမ်းအင်၊ လက်လီအရောင်း၊ ထောက်ပံ့ ပို့ဆောင်ရေး၊ စက်မှုဇုန်များနှင့် အစားအစာ ထုတ်လုပ်ရေး ကဏ္ဍတို့တွင် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
ဗီယက်နမ်သည် အရှေ့တောင်အာရှ၌ ဆွဲဆောင်မှုအရှိဆုံး ကုန်ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပန်းတိုင် တစ်ခုအဖြစ် ဆက်လက် ပေါ်ထွက်နေဆဲ ဖြစ်သည်။
ဗီယက်နမ်နိုင်ငံ၏ စက်မှုကဏ္ဍ ခေတ်မီဆန်းသစ်ရေး၊ ဒစ်ဂျစ်တယ်ကဏ္ဍ ကူးပြောင်းရေး ရည်မှန်းချက်များသည် ထိုင်းနိုင်ငံ၏ အမျိုးသားမဟာဗျူဟာ (၂၀၁၈-၂၀၃၇) နှင့် Thailand 4.0 အစီအစဉ်အောက်တွင် စီးပွားရေး ယှဉ်ပြိုင် နိုင်စွမ်းကို ပြန်လည်မြှင့်တင်ရန် ကြိုးပမ်းချက်များနှင့် တစ်ထပ်တည်း ကျနေသည်။
ပြန်ပြည့်မြဲစွမ်းအင်၊ ဒစ်ဂျစ်တယ် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ လျှပ်စစ်ကား (EV) များ၊ ထောက်ပံ့ ပို့ဆောင်ရေး ကွန်ရက် ချိတ်ဆက်မှုများနှင့် ထောက်ပံ့ရေးကွင်းဆက် ကြံ့ခိုင်မှုတို့သည် အနာဂတ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု၏ အဓိကမဏ္ဍိုင်များ ဖြစ်လာဖွယ်ရှိသည်။

ထိုင်းဝန်ကြီးချုပ် အနူတင်နဲ့ ဗီယက်နမ်သမ္မတ တိုလမ်ကို တွေ့ရစဉ်
တိုက်ရိုက် လေကြောင်းပျံသန်းမှု အရေအတွက် တိုးလာခြင်း၊ ကမ္ဘာလှည့် ခရီးသွားဝင်ရောက်မှု ကျယ်ပြန့်လာခြင်း နှင့် သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုများ ပိုမို ကောင်းမွန်လာခြင်းတို့က လူမှုအဖွဲ့အစည်းနှစ်ခုကို ပိုမိုနီးကပ် လာစေသည်။
အရေးကြီးသော အချက်မှာ ထိုင်းနှင့် ဗီယက်နမ်တို့သည် အာဆီယံ၏ ဗဟိုချက်ကျမှု (Asean centrality) ကို ထောက်ခံကြပြီး ဒေသတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းရန် ကြိုးပမ်းကြသည်။
အရှေ့တောင်အာရှရှိ အလတ်စား အင်အားကြီး နိုင်ငံများဖြစ်သည့် ထိုင်းနှင့် ဗီယက်နမ်တို့ကြား ပိုမိုနီးကပ်စွာ ပူးပေါင်းညှိနှိုင်းခြင်းက နှစ်နိုင်ငံ အကျိုးစီးပွားအတွက် သာမက အာဆီယံတစ်ခုလုံး၏ စုပေါင်းကြံ့ခိုင်မှုကိုလည်း အားကောင်းစေကြောင်း အသိအမှတ်ပြုထားကြသည်။
ဗီယက်နမ်က ၂၀၂၇ ခုနှစ်တွင် Apec ထိပ်သီး အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ပြင်ဆင်နေပြီး၊ ထိုင်းနိုင်ငံက ၂၀၂၈ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းရယူမည် ဖြစ်သဖြင့် ယခုကဲ့သို့ ပူးပေါင်းညှိနှိုင်းမှုသည် ပို၍ပင် အဓိပ္ပာယ်ရှိလာမည် ဖြစ်သည်။
ထို့ကြောင့် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ် အချိန်အခါသည် အောင်ပွဲခံရုံ သက်သက် အတွက် သာ မဟုတ်ဘဲ မဟာဗျူဟာမြောက် ပြန်လည် သုံးသပ်ရန်အတွက်ပါ အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်စေသည်။
အရှေ့တောင်အာရှဒေသအနေဖြင့် တည်ငြိမ်မှုပျက်ယွင်းလာသည့် ပထဝီနိုင်ငံရေး အခင်းအကျင်းကို ရင်ဆိုင် ကျော်လွှား နေရချိန်တွင် ဗီယက်နမ်-ထိုင်း ဆက်ဆံရေး ပိုမိုအားကောင်းလာခြင်းသည် နှစ်နိုင်ငံအတွက်သာ အကျိုးရှိစေမည် မဟုတ်ဘဲ၊ လာမည့် ဆယ်စုနှစ်များအတွင်း ပိုမိုကျယ်ပြန့်သော ဒေသကြီးတစ်ခုလုံးအတွက် အရေးပါသည့် တည်ငြိမ်မှုထိန်းသိမ်းရေး အင်အားစု တစ်ရပ်အဖြစ်လည်း အထောက်အကူ ပြုနိုင်မည် ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: ဆောင်းပါး
- Hits: 388
CNI Sport Article
၂၀၂၆ ခုနှစ်၊ မေလ ၃၁
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ခရစ္စတယ်ပဲလေ့စ်အသင်း နည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ သြစတြီးယားလူမျိုး နည်းပြ ဂလက်စ်နာဟာ ၂၀၂၆ ခုနှစ်၊ မေလမှာ အသင်းကနေ ထွက်ခွာခဲ့ပြီး ထွက်ခွာချိန်မှာ ဆုဖလား ၃ ခု ရယူ ပေးနိုင်ခဲ့ပါတယ်။
ဂန္ထဝင်နည်းပြကြီး ရွိုင်းဟော့ဆန်ရဲ့ နေရာမှာ အစားထိုးဝင်ခဲ့ရတဲ့ ဂလက်စ်နာဟာ ခရစ္စတယ်ပဲလေ့စ်အသင်း သမိုင်းမှာ ကြီးမားတဲ့ ဆုဖလား အောင်မြင်မှုတွေ ရယူပေးနိုင်မယ်လို့ ဘယ်သူကမှ ထင်ခဲ့မှာ မဟုတ်ပါဘူး။
ဒါပေမယ့် ဂလက်စ်နာဟာ ခရစ္စတယ်ပဲလေ့စ်အသင်း သမိုင်းမှာ ပထမဆုံး အဓိကဆုဖလားအဖြစ် FA ဖလား၊ ပထမဆုံး ကွန်မြူနတီဒိုင်းနဲ့ ပထမဆုံး ဥရောပဆုဖလားအဖြစ် ကွန်းဖရန့်လိဂ် ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂလက်စ်နာဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေထဲမှာ အဓိက ဆုဖလားတွေ ရယူပေးနိုင်ခဲ့တဲ့ နည်းပြဖြစ်ပြီး အသင်းရဲ့ ဂန္ထဝင်တစ်ဦးဖြစ်ခဲ့တာပါ။
ဂလက်စ်နာ မကိုင်တွယ် ခင်တုန်းက ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အမှတ်ပေးဇယား အလယ်မှာသာ ရာသီ အဆုံးသတ်နေရပြီး ဖလားပြိုင်ပွဲတွေမှာလည်း စောစီးစွာ ထွက်ခွာခဲ့ရတာပါ။

ဆုဖလား သုံးလုံးနဲ့ ဂလက်စ်နာကို တွေ့ရစဉ်
ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာတော့ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဆုဖလား ၃ ခုအထိ ရယူနိုင်ခဲ့ပြီး နောက်ထပ် ဥရောပပြိုင်ပွဲကိုလည်း ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။
ဂလက်စ်နာဟာ ဒီရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်း အကြီးအကဲတွေနဲ့ အဆင်မပြေဖြစ်ခဲ့ပြီး ရာထူးကနေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်ခဲ့သေးတာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ FA ဖလား ရယူပြီးနောက် ဥရောပ ဝင်ခွင့်ရခဲ့ပေမယ့် လုံလောက်တဲ့ ကစားသမား ဖြည့်တင်းမှု မလုပ်ပေးခဲ့သလို အီဇီကို အာဆင်နယ်အသင်းထံ ရောင်းချခဲ့တာပါ။
ဒါ့အပြင် အသင်းခေါင်းဆောင် ဂူဟီကို လီဗာပူးလ်အသင်းထံ ရောင်းချဖို့ လုပ်ခဲ့ပေမယ့် ဂလက်စ်နာရဲ့ ခြိမ်းခြောက် မှုကြောင့် ဒီအပြောင်းအရွှေ့ မဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဂူဟီကို ရာသီကုန်ချိန်မှာ အလွတ်နဲ့ဆုံးရှုံးရမှာ စိုးရိမ်တာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်စီးတီးအသင်းကို ရောင်းချခဲ့ပါတယ်။
ဂူဟီကို ရောင်းချမှုအပြီးမှာ ဂလက်စ်နာဟာ ဒီရာသီကုန်ရင် ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ဂလက်စ်နာကို တွေ့ရစဉ်
ဂလက်စ်နာဟာ မထွက်ခွာချိန်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အကောင်းဆုံး ကိုင်တွယ်ပေးခဲ့ပြီး ပထမဆုံး ဥရောပဆုဖလားနဲ့အတူ လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိစေခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်း ကွင်းလယ်လူ ဝါတန်က ဂလက်စ်နာဟာ အသင်းကို ကိုင်တွယ်ဖူးတဲ့ နည်းပြတွေထဲမှာ အကောင်းဆုံးနည်းပြ တစ်ဦးဖြစ်ပြီး သူဟာ ပရီးမီးယားလိဂ်မှာ ဆက်ရှိဖို့နဲ့ ဥရောပပြိုင်ပွဲကို ယှဉ်ပြိုင်ရုံတင် မဟုတ်ဘဲ အမြင့်ဆုံး အောင်မြင်မှုရရှိအောင် ကြိုးစားတဲ့သူဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဂလက်စ်နာရဲ့ နေရာကို အစားထိုး ဝင်ရောက်ရမယ့် ခရစ္စတယ်ပဲလေ့စ်အသင်း နည်းပြသစ်ဟာ ဖိအားဒဏ်တွေ၊ သူနဲ့နှိုင်းယှဉ်ပြီး ပြောတာတွေလည်း ခံရနိုင်တာ ဖြစ်ပါတယ်။
ဂလက်စ်နာအနေနဲ့ လာမယ့်ရာသီမှာ ဘယ်ထိပ်တန်း ကလပ်ကို ကိုင်တွယ်ပြီး အောင်မြင်မှုတွေ ရယူပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာဖြစ်သလို ခရစ္စတယ်ပဲလေ့စ်အသင်း နည်းပြသစ် ဖြစ်လာမယ့်သူဟာ သူ့လို ဆုဖလား ရယူပေးနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 457
CNI International Article
၂၀၂၆ ခုနှစ်၊ မေလ ၂၃
ထိုင်းနိုင်ငံသည် မြန်မာ့ပြည်တွင်းရေးမှ ထွက်ပေါ်လာသည့် မည်သည့် အကျိုးဆက်ကိုမဆို တိုက်ရိုက် ရင်ဆိုင် ရမည်ဖြစ်ပြီး ထိုအချက်က ထိုင်းနှင့် အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ကွဲပြားခြားနားနေသည့် အချက် ဖြစ်သည်။
ထိုင်းအစိုးရသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေသစ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး လိုက်လျောညီထွေ ဖြစ်အောင် ကြိုးပမ်းခဲ့သော်လည်း ထိုင်း၏ ပြည်တွင်း အခြေအနေမှာလည်း တည်ငြိမ်မှု မရှိခဲ့သဖြင့် ထင်သလောက် မလွယ်ကူလှပေ။
မငြိမ်မသက် ဖြစ်နေသော နယ်စပ်ဒေသ တစ်လျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်ဆံရေးအပြင် နှစ်နိုင်ငံကြား ဆက်ဆံရေးများသည်လည်း အလားတူ နိုင်ငံရေး မရေရာမှုများနှင့် ကြုံတွေ့ နေရသည်။
မကြာသေးမီက စိန်ခေါ်မှု အသစ်များနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ပေါ်ပေါက်လာခဲ့သဖြင့် ထိုင်းနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအပေါ် ထားရှိသည့် ၎င်း၏ မူဝါဒများနှင့် လုပ်ငန်းစဉ်များအပေါ် အလေးအနက် ပြန်လည် သုံးသပ်မှုများ ပြုလုပ်ရန် စဉ်းစားလာခဲ့သည်။
ယခုအခါ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) ဦးဆောင်သည့် အမတ်အများစု ပါဝင်သော အစိုးရအဖွဲ့ လက်ထက်တွင် ထိုင်း-မြန်မာ ဆက်ဆံရေးကို မြန်မာပြည်တွင်းနှင့် နယ်စပ်ဒေသများရှိ အပြောင်းအလဲ များကိုပါ ထည့်သွင်းစဉ်းစားပြီး ပိုမိုပြည့်စုံကျယ်ပြန့်သော နည်းလမ်းဖြင့် ပြန်လည်ချိန်ညှိ ပြင်ဆင်လျက်ရှိသည်။
ထိုကဲ့သို့ ပြင်ဆင်ရာတွင် အဓိကကျသည့် နယ်စပ်ရေးရာ အထူးအဖွဲ့ကို ဖွဲ့စည်းကာ လုံခြုံရေးယန္တရားအား နောက်ဆုံးအကြိမ် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ရေတိုတွင် ထိုင်းအစိုးရ၏ အဓိက ဦးစားပေး လုပ်ငန်းမှာ မြန်မာနိုင်ငံကို အာဆီယံ မိသားစုဝင်အဖြစ် ပြန်လည် ခေါ်ဆောင်လာရန်ဖြစ်သည်။
သို့သော် မြန်မာအာဏာပိုင်များအနေဖြင့် အာဆီယံသို့ ပြန်ဝင်ရေးအတွက် ထောက်ခံမှုကို ရယူရန် လုံလောက်စွာ လုပ်ဆောင်ထားခြင်း ရှိ၊ မရှိ ဆိုသည်မှာမူ မေးခွန်းထုတ်စရာဖြစ်သည်။
ဖိလစ်ပိုင်တွင် ကျင်းပခဲ့သည့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးအတွင်း အဖွဲ့ဝင်နိုင်ငံများအကြား သဘောထား ကွဲလွဲမှုများ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် အာဆီယံ၏ တားမြစ်ကန့်သတ်ထားမှုများနှင့် ဝင်ရောက် စွက်ဖက်မှုများအပေါ် မြန်မာနိုင်ငံက ပြင်းထန် စွာ ဝေဖန်ခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၊ စီဗူး (Cebu) မြို့တွင် ပြုလုပ်ခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် နောက် ဆက်တွဲ ထိပ်သီးအဆင့် အစည်းအဝေးများအတွင်း မြန်မာ့အရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး၊ အထူး သဖြင့် မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံမှုကို ပြန်လည်ချိန်ညှိရန် အဆိုပြုထားသည့် ထိုင်းနိုင်ငံ၏ အဆိုပြုချက်ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆတ် ဖူအန်ကတ်ကော (Sihasak Phuangketkeow) ကလည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများမှတဆင့် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲ ကျင်းပပြီးနောက် နေပြည်တော်၌ အစိုးရသစ်တစ်ရပ် တက်လာခဲ့ပြီ ဖြစ်သည်။
ထိုင်းနိုင်ငံသည် ဧပြီလအတွင်းက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် မစ္စတာသီဟဆတ်၏ ခရီးစဉ်အပြီးတွင် မြန်မာအစိုးရသစ်ကို တိတ်တဆိတ် အသိအမှတ်ပြုခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆတ်နဲ့ သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မြန်မာ့ရွေးကောက်ပွဲသည် ပြီးပြည့်စုံမှု မရှိသော်လည်း ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ များစွာသော စိန်ခေါ်မှုများကို ချက်ချင်း အရေးယူ ဆောင်ရွက်ရန် လိုအပ်နေသောကြောင့် ထိုင်းနိုင်ငံအနေဖြင့် လက်ရှိ မြန်မာအစိုးရနှင့်အတူ ဆက်လက်လက်တွဲ လျှောက်လှမ်းရမည်ဖြစ်ကြောင်း သီဟာဆက်က မကြာသေးမီက Daily News ကို ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ မပါဝင်ဘဲ အာဆီယံသည် ယခင်ကကဲ့သို့ ကြံ့ခိုင်တောင့်တင်းမည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံကို အာဆီယံမိသားစု အသိုက်အမြုံအတွင်းသို့ ပြန်လည်ခေါ်ဆောင်လာခြင်းက အာဆီယံကို ပိုမိုခိုင်မာ စေရုံသာမက အာဆီယံ၏ ဗဟိုချက်ကျမှုကိုလည်း ပိုမိုအားကောင်းလာစေလိမ့်မည်ဟု ထိုင်းနိုင်ငံက ယုံကြည်ထား သည်။
ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ ရွေးကောက်ပွဲအလွန် အစိုးရသစ်ကို လျင်မြန်စွာ အသိအမှတ် ပြုလိုက်ခြင်းမှာ ကျားဖြန့်ဂိုဏ်းများနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများမှအစ လေထုညစ်ညမ်းမှုနှင့် ကုန်သွယ်ရေး ပြတ်တောက်မှု များအဆုံး၊ နယ်စပ်ပြဿနာများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသောကြောင့် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် မြန်မာအစိုးရနှင့် ပြန်လည် ထိတွေ့ဆက်ဆံလိုသည့် ဆန္ဒကို ပေါ်လွင်စေခဲ့သည်။
အဆိုးရွားဆုံးမှာ လွန်ခဲ့သည့် ငါးနှစ်တာ ကာလအတွင်း ထိုင်းနယ်စပ်နှင့် ထိစပ်နေသည့် အချို့သော ဒေသများ သည် တရားဥပဒေစိုးမိုးမှုမရှိသည့် နယ်မြေများ ဖြစ်လာခဲ့ပြီး၊ ထိုဒေသများတွင် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်း များက ကျားဖြန့်ဂိုဏ်းများ၊ မူးယစ်ဆေးဝါးများ၊ တရားမဝင် သစ်ခုတ်ခြင်းနှင့် သတ္တုတူးဖော်ခြင်း အပါအဝင် တရားမဝင် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေကြခြင်း ဖြစ်သည်။
လက်ရှိတွင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေမှာလည်း မတည်မငြိမ် ဖြစ်နေသော်လည်း ထိုင်းနိုင်ငံအတွင်း ခိုလှုံနေကြသည့် မြန်မာပြည်သူ ၆ သန်းကျော် ရှိနေခြင်းကြောင့် အစိုးရအနေဖြင့် ထိုင်း-မြန်မာ ပြဿနာများကို အရေးပေါ် ကိစ္စရပ်များအဖြစ် ဦးစားပေး လုပ်ဆောင်နေသည်။
ထိုင်းတွင် ခိုလှုံနေသည့် မြန်မာပြည်သူများအနက် လူဦးရေ ၂ ဒသမ ၃ သန်းခန့်သာ တရားဝင် မှတ်ပုံတင်ထားပြီး ထိုင်းနိုင်ငံ၏ လူမှုဖူလုံရေး ကွန်ရက်အောက်သို့ ရောက်ရှိထားကြသည်။
ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံသည် အမျိုးသားပြန်လည်သင့်မြတ်ရေးဆီသို့ တဖြည်းဖြည်းချင်း ဦးတည်ရွေ့ လျား သွားနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

အာဆီယံ အစည်းအဝေးမှာ လွတ်နေတဲ့ မြန်မာကိုယ်စားလှယ်နေရာကို တွေ့ရစဉ်
မြန်မာအစိုးရနှင့်သာမက နယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသား လူနည်းစု အဖွဲ့အစည်းများနှင့်ပါ ဆက်သွယ်ရေး လမ်းကြောင်းများကို ဆက်လက် ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူများက အလေးအနက် ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံနှင့် အာဆီယံအကြား ဆက်ဆံရေး တိုးမြှင့်မှုသည် ကန့်သတ်ချက်များ (သို့မဟုတ်) သတ်မှတ်ချက်များ အပေါ်တွင်သာ မူတည်ကြောင်း ထိုင်းနိုင်ငံက ရှင်းလင်းစွာ ပြောကြားထားသည်။
အာဆီယံဥက္ကဋ္ဌကမူ မြန်မာခေါင်းဆောင်များ အနေဖြင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင် အထည်ဖော်ရန် ပိုမိုလုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့သည်။
စီဗူးမြို့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ အာဆီယံခေါင်းဆောင်အချို့က မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အလေးအနက်ထား အကောင်အထည်ဖော်သည်ကို မြင်တွေ့လိုကြသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက်က လာမည့် ဇူလိုင်လတွင် ကျင်းပမည့် အာဆီယံ နှစ်ပတ်လည် အစည်း အဝေး၏ သီးခြား အစီအစဉ်အဖြစ် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် အလွတ်သဘော အစည်းအဝေးတစ်ခု ပြုလုပ်ရန် အာဆီယံခေါင်းဆောင်များကို တိုက်တွန်းနှိုးဆော်ထားသည်။
သို့သော် အဆိုပြုထားသည့် အစည်းအဝေးကို လူကိုယ်တိုင် တွေ့ဆုံမည်လော သို့မဟုတ် ဗွီဒီယိုဆက်သွယ်မှုဖြင့် ပြုလုပ်မည်လော ဆိုသည်ကိုမူ အာဆီယံဘက်က ဆုံးဖြတ်ရခြင်း မရှိသေးပေ။
ဇွန်လ ၁၇ ရက်မှ ၁၉ ရက်အထိ ရုရှားနိုင်ငံ၊ ကာဇန် (Kazan) မြို့၌ ရုရှားနှင့် အာဆီယံကြား ဆွေးနွေးဖက်အဖြစ် ထိတွေ့ဆက်ဆံမှု ၃၅ နှစ်ပြည့် အထိမ်းအမှတ်ကို ကျင်းပရန်ရှိနေသဖြင့် ထိုအခြေအနေသည် အခြားသော သံတမန်ရေးရာ စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်သည်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) သည် မြန်မာနိုင်ငံ၏ သမ္မတဦးမင်းအောင်လှိုင် အပါအဝင် အဖွဲ့ဝင် ၁၁ နိုင်ငံစလုံးထံ ဖိတ်ကြားစာများ ပေးပို့ထားကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
ထိုအခြေအနေသည် အာဆီယံခေါင်းဆောင် အများအပြား တက်ရောက်မည့် အရေးအပေါ် သက်ရောက်မှု ရှိလာနိုင်သည်။
ထိုင်း-မြန်မာနယ်စပ်သည် ထိုင်းနိုင်ငံ၏ နယ်စပ်လုံခြုံရေးဆိုင်ရာ မဟာဗျူဟာတွင် အားအနည်းဆုံး အစိတ် အပိုင်းအဖြစ် ရှိနေဆဲဖြစ်သည်။
ထိုင်း-မြန်မာ ဆက်ဆံရေးသည် ပိုမိုရင်းနှီးပြီး ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာသည်နှင့်အမျှ တစ်ဖက်တွင်လည်း ကီလိုမီတာ ၂၄၀၁ ရှည်လျားသော နယ်စပ်တစ်လျှောက်ရှိ အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် မကြာသေးမီ လများအတွင်း ပိုမိုအတင့်ရဲလာကြသည်။
ထို့ကြောင့် မြန်မာအစိုးရအနေဖြင့် ထိတွေ့ဆက်ဆံမှုဆိုင်ရာ တိကျပြတ်သားသော မူဝါဒတစ်ရပ်ကို ရှာဖွေနေ ချိန်တွင် ထိုင်းနိုင်ငံသည် ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအားလုံး ပါဝင်သည့် ပြည့်စုံကျယ်ပြန့်သော ဆွေးနွေးပွဲများ မရှိပါက နိုင်ငံရေးအရ အဖြေရှာနိုင်ရန် ခက်ခဲနေဦးမည် ဖြစ်သည်။
မြန်မာအစိုးရက ပဋိပက္ခဖြစ်ပွားနေသော တိုင်းရင်းသားအဖွဲ့အစည်း အားလုံးကို ဇူလိုင်လ ၃၁ ရက် နောက်ဆုံး ထားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရန် ကမ်းလှမ်းထားသော်လည်း ယခုအချိန်အထိ မည်သည့် အဖွဲ့ အစည်းကမျှ ရှေ့ထွက်လာခြင်း မရှိသေးပေ။
၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့သာ ပါဝင် လက်မှတ်ရေးထိုးခဲ့သည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကဲ့သို့သော အဓိက လက်နက်ကိုင်အဖွဲ့ကြီးများက လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့ကြသည်။
အခြားသော လက်နက်ကိုင်အဖွဲ့ငယ်များကလည်း တပ်မတော်နှင့် ဆက်လက် တိုက်ပွဲဖြစ်ပွားနေပြီး၊ တပ်မတော် ဘက်က နယ်မြေ ပိုမိုစိုးမိုးနိုင်ရေးနှင့် လုံခြုံရေးဆိုင်ရာ အသာစီး ရရှိစေရေးအတွက် လေကြောင်း တိုက်ခိုက် မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခဲ့သည်။
ထိုင်းအစိုးရသည် မြန်မာ့ပဋိပက္ခတွင် ပါဝင်ပတ်သက် နေသူများအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက် အောင် စီစဉ်ဆောင်ရွက်ပေးရန် ကမ်းလှမ်းထားသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ မားကို့စ်နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်ကို တွေ့ရစဉ်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် အများအပြားကမူ ၎င်းတို့၏ လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုထားကြသည်။
ထိုင်းနိုင်ငံ၏ အဆိုပြုချက်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများထံမှ ပိုမိုကျယ်ပြန့်သော ထောက်ခံမှုရရှိရန် အလွန်အရေး ကြီးသည်။
သို့မဟုတ်ပါက အာဆီယံနှင့် နေပြည်တော်ကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံ၏ ကြိုးပမ်း အားထုတ်မှုများသည် ပျက်ပြားသွားနိုင်ဖွယ် ရှိနေသည်။
အာဆီယံ၏ လာမည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီ မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ကြားဝင်စေ့စပ် ညှိနှိုင်းမှုများ ပိုမိုအရှိန်အဟုန် မြင့်တက်လာမည် ဖြစ်သည်။
အာဆီယံအနေဖြင့် မြန်မာနိုင်ငံအား အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပိုမိုပေးအပ်ခွင့်ပြုရန်၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်နှင့် ဘက်စုံပါဝင်နိုင်သော ဆွေးနွေးပွဲများကို ဆက်လက် လုပ်ဆောင်ရန် အစဉ်တစိုက် တောင်းဆိုခဲ့သည်။
လက်ရှိတွင် နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှတ်ပေးခဲ့လျှင်မူ မြန်မာ အစိုးရအတွက် အလွန်အကျိုးရှိစေမည့် အခွင့်အလမ်းတစ်ရပ် ဖြစ်လာပေလိမ့်မည်။
၂၀၂၆ ခုနှစ်၊ ဧပြီလတွင် သမ္မတရာထူးကို ရယူပြီးနောက် လွှတ်တော်သို့ ပြောကြားခဲ့သည့် ၎င်း၏ ပထမဦးဆုံး မိန့်ခွန်းတွင် သမ္မတဦးမင်းအောင်လှိုင်က ၎င်းတို့အစိုးရအနေဖြင့် အာဆီယံနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လိုပြီး အာဆီယံမိသားစုဝင်အဖြစ် ပြန်လည်ဝင်ရောက်လိုကြောင်း လူသိရှင်ကြား အရိပ်အမြွက် ပြောကြားခဲ့သည်။
သို့သော် အာဆီယံ-မြန်မာ ဆက်ဆံရေး တိုးတက်လာမည့် လမ်းစမှာ ပိုမိုကျဉ်းမြောင်းလာပြီဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် သက်တမ်းအတွင်း မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အစည်း အတွင်း ၎င်း၏ ထိုင်ခုံနေရာကို ပြန်လည် မရယူနိုင်ခဲ့ပါက ပြန်လည်ပူးပေါင်းနိုင်မည့် မျှော်လင့်ချက်မှာ လုံးဝ ပျက်သုဉ်းသွားနိုင်ခြေရှိနေသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: ဆောင်းပါး
- Hits: 419
CNI Sport Article
၂၀၂၆ ခုနှစ်၊ မေလ ၂၂
စပိန်လူမျိုးနည်းပြ အူနှိုင်းအမ်မရီဟာ အက်စတွန်ဗီလာအသင်းကို ယူရိုပါလိဂ်ဖလား ရယူပေးပြီး နှစ်ပေါင်း ၃၀ ကြာ ဆုဖလားလက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်ပေးကာ ၄၄ နှစ်အကြာမှ ပထမဆုံး ဥရောပဆုဖလား ပြန်လည် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
အူနှိုင်းအမ်မရီဟာ အက်စတွန်ဗီလာအသင်းကို ဆုဖလား အောင်မြင်မှု ပြန်ပြီး ရယူနိုင်အောင် ကြီးကြီးမားမား ပြောင်းလဲမှု ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။
အူနှိုင်းအမ်မရီဟာ အက်စတွန်ဗီလာအသင်းကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှာ စတင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး ဒီအချိန် မှာ အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာ ရပ်တည်နေပြီး တန်းဆင်းဇုန်ထဲက အသင်းနဲ့ ၁ မှတ်သာ ကွာဟတာပါ။
အဲ့ဒါကြောင့် အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားနိုင်မယ့် အခြေအနေမှာ ရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အူနှိုင်းအမ်မရီဟာ အက်စတွန်ဗီလာအသင်းကို ရလဒ်ကောင်းတွေ ဆက်တိုက် ရယူပေးနိုင်ခဲ့ပြီး ရာသီကုန်ဆုံးချိန်မှာ အဆင့် ၇ နေရာနဲ့ အဆုံးသတ်အောင် ကိုင်တွယ်ပေးနိုင်ခဲ့တာပါ။
အူနှိုင်းအမ်မရီဟာ အက်စတွန်ဗီလာအသင်းကို အချိန်တိုအတွင်းမှာ တန်းဆင်းဇုန်နဲ့ နီးကပ်တဲ့ နေရာကနေ ဥရောပဝင်ခွင့်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာကြောင့် ချီးကျူးမှု အများအပြား ရရှိခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်း ယူရိုပါလိဂ်ဖလား ရရှိသွားစဉ်
၂၀၂၃-၂၄ ရာသီမှာတော့ အူနှိုင်းအမ်မရီဟာ အက်စတွန်ဗီလာအသင်းကို ရာသီ အပြည့်အဝ ကိုင်တွယ်ခွင့်ရတဲ့ အတွက် ပိုပြီးကောင်းတဲ့ ရလဒ်တွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။
အက်စတွန်ဗီလာအသင်းဟာ ဥရောပပြိုင်ပွဲဖြစ်တဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၄ နေရာ ရပ်တည်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။
ဒါဟာ အက်စတွန်ဗီလာအသင်းအတွက် ၁၉၈၂-၈၃ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရခဲ့တာပါ။
အူနှိုင်းအမ်မရီ လက်ထက်မှာ ဥရောပရဲ့ အမြင့်ဆုံးပြိုင်ပွဲကို ပြန်ပြီးယှဉ်ပြိုင်ခဲ့ရတဲ့ အက်စတွန်ဗီလာအသင်းဟာ ကွာတားဖိုင်နယ်အထိ တက်နိုင်ခဲ့ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ PSG အသင်းကို အရေးနိမ့်ခဲ့တာပါ။
၂၀၂၄-၂၅ ရာသီမှာ အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၆ နေရာ ရပ်တည်ခဲ့ပြီး FA ဖလား ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ ရောက်ခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ နည်းပြ အူနှိုင်းအမ်မရီ လက်ထက် ဒီရာသီမှာတော့ ပိုမိုကောင်းမွန်လာခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု ပြေးလမ်းကြောင်းထဲ ရောက်ခဲ့သလို ပြိုင်ပွဲစုံ ၁၁ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင် ခဲ့တာပါ။
အူနှိုင်းအမ်မရီကလည်း အက်စတွန်ဗီလာအသင်း နည်းပြဘဝမှာ ပွဲပေါင်း ၁၀၀ နိုင်ပွဲရခဲ့တဲ့ စံချိန်မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်းကို တွေ့ရစဉ်
အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ် ရာသီမကုန်မီမှာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူနိုင်ခဲ့ သလို ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဖရိုင်းဘတ်အသင်းကို အနိုင်ရပြီး နှစ်ပေါင်းများစွာကြာ ဆုဖလားနဲ့ဝေးကွာနေ တာကို အဆုံးသတ်နိုင်ခဲ့တာပါ။
နည်းပြအူနှိုင်းအမ်မရီဟာ အက်စတွန်ဗီလာအသင်းကို ဆုဖလား ရယူနိုင်တဲ့ အသင်းဖြစ်အောင် ပြောင်းလဲပေးခဲ့ သလို သူကိုယ်တိုင်လည်း ယူရိုပါလိဂ်ဘုရင်ဘွဲ့ကို ရယူနိုင်ခဲ့ပါတယ်။
အူနှိုင်းအမ်မရီဟာ သူ့ရဲ့နည်းပြဘဝမှာ ယူရိုပါလိဂ် ချန်ပီယံဆုကို ၅ ကြိမ်အထိ ရယူနိုင်ခဲ့ပြီး ဒါက ယူရိုပါလိဂ် ပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ဘယ်နည်းပြထက်မဆို သာလွန်ခဲ့တာပါ။
အူနှိုင်းအမ်မရီအနေနဲ့ လာမယ့်ရာသီမှာ အက်စတွန်ဗီလာအသင်းကို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု စိန်ခေါ်နိုင်အောင် ကိုင်တွယ်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 451
CNI International Article
၂၀၂၆ ခုနှစ်၊ မေလ ၁၆
မျက်မှောက်ခေတ် ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုများကို စစ်ရေး စွမ်းဆောင်ရည် သို့မဟုတ် စီးပွားရေး အင်အားဖြင့် သာမက အကြောင်းအရာ၊ သတင်းစကားများကို ပုံဖော်ဖန်တီးနိုင်စွမ်းဖြင့်ပါ ဖြေရှင်းလာကြပြီဖြစ်သည်။
ယနေ့ခေတ်တွင် နိုင်ငံများသည် သံတမန်ရေး၊ သတင်းအချက်အလက်နှင့် စိတ်ဓာတ်ရေးရာ ကဏ္ဍများအားလုံး၌ တစ်ပြိုင်နက်တည်း ပြိုင်ဆိုင်နေကြရသည်။
ပြည်သူလူထုနှင့် နိုင်ငံတကာ၏ အတွေးအမြင်၊ သဘောထားသည် တရားဝင်မှု (Legitimacy) အပေါ် အလွန် လွှမ်းမိုးလာနိုင်သည်။
ယခုကဲ့သို့ ပြောင်းလဲလာသော အခြေအနေတွင် သတင်းအချက်အလက် စစ်ဆင်ရေးသည် မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုများနှင့် ထဲထဲဝင်ဝင် ပတ်သက်ဆက်နွှယ်လာခဲ့သည်။
မကြာသေးမီက ပါကစ္စတန်၊ အီရန်နိုင်ငံတို့နှင့် ပတ်သက်သည့် ဖြစ်စဉ်များအပြင် အရှေ့အလယ်ပိုင်းနှင့် တောင်အာရှ တစ်ခွင်တွင် ပေါ်ပေါက်လာနေသော သံတမန်ရေးရာ အခင်းအကျင်း အပြောင်းအလဲများကို နားလည် သဘောပေါက်ရန် အရေးကြီးသည်။
လူတစ်ဦးချင်းစီအလိုက် ကြည့်မည်ဆိုပါက ယခုဖြစ်ရပ်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်မှု မရှိသယောင် ထင်ရနိုင်သည်။
သို့သော် အားလုံးကို ခြုံငုံကြည့်လိုက်ပါက အနောက်နိုင်ငံများ ဦးဆောင်သည့် မူဘောင်များ၏ အပြင်ဘက်တွင် အခြားရွေးချယ်စရာ သံတမန်ရေးရာ အစီအမံများက အရေးပါလာသည့် အခါမျိုးတွင် သတင်းစကားများဖြင့် ဖိအားပေးမှုသည် ပိုမို ပြင်းထန်လာတတ်ကြောင်းကို ပြသနေသည်။
ဖြစ်စဉ်များကို အစီအစဉ်အတိုင်း သုံးသပ်ရမည်ဆိုပါက အလွန်မှတ်သားစရာ ကောင်းလှသည်။

အီရန်နဲ့အမေရိကန် ဆွေးနွေးပွဲ ပါကစ္စတန်မှာ ကျင်းပရန် ပြင်ဆင်နေစဉ်
ပါကစ္စတန်နိုင်ငံ၏ နူးရ်ခန်း လေတပ်အခြေစိုက်စခန်း (Nur Khan Airbase) တွင် အီရန်လေယာဉ်များ ရပ်နားထား သည်ဟူသော စွပ်စွဲချက်များကို CBS News သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။
ထိုစွပ်စွဲချက်များကို အချိန်နှင့်တစ်ပြေးညီ အတည်ပြုရန် ခက်ခဲနေချိန်တွင် ထိုသတင်းသည် အွန်လိုင်းပေါ်၌ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ထိုအချိန်နှင့် မရှေးမနှောင်းမှာပင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) က ပါကစ္စတန်သည် Bot farms ကွန်ရက်ဖြင့် လူမှုမီဒီယာများပေါ်တွင် အစ္စရေးဆန့်ကျင်ရေး အကြောင်းအရာများကို မြှင့်တင်ပေးနေသည့် အကောင့်တုများစွာဖြင့် လှုပ်ရှားနေကြောင်း အင်တာဗျူးတစ်ခု၌ စွပ်စွဲပြောဆိုခဲ့သည်။
Bot farms ဆိုသည်မှာ လူမှုကွန်ရက်များနှင့် အင်တာနက်ပေါ်တွင် လူကိုယ်တိုင် အသုံးပြုနေသကဲ့သို့ ဟန်ဆောင် ကာ အလိုအလျောက် လုပ်ဆောင်သော ဆော့ဖ်ဝဲများ သို့မဟုတ် ဖုန်း/ကွန်ပျူတာ အများအပြားကို ချိတ်ဆက်၍ စုပေါင်းအသုံးပြုသည့် စနစ်တစ်ခု ဖြစ်သည်။
မကြာမီ အချိန်အတွင်းမှာပင် အမေရိကန် အထက်လွှတ်တော် ကြားနာပွဲတစ်ခု၌ အမေရိကန် အထက်လွှတ်တော် အမတ် လင်းဆေး ဂရေဟမ် (Lindsey Graham)က အမေရိကန်နှင့် အီရန်ကြား ကြားဝင်စေ့စပ်ပေးနေသည့် ပါကစ္စတန်၏ အခန်းကဏ္ဍအပေါ် လူသိရှင်ကြား မေးခွန်းထုတ်ခဲ့သည်။
အိမ်ဖြူတော် သတင်းထောက် တစ်ဦးကလည်း အမေရိကန် အနေဖြင့် ပါကစ္စတန်၏ သံတမန်ရေးရာ အသုံးဝင်မှု ကို ပြန်လည်သုံးသပ်နေခြင်း ရှိ၊မရှိ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အား မေးမြန်းခဲ့သည်။
တစ်ချိန်တည်းမှာပင် ရိုက်တာသတင်းဌာနက ဆော်ဒီအာရေဗျသည် အီရန်နိုင်ငံအတွင်း လူသိရှင်ကြား ကြေညာ မထားသည့် တိုက်ခိုက်မှု အချို့ကို လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲထားသည့် သတင်းများကို ထုတ်ပြန်ခဲ့သည်။
ထိုသတင်းသည် ဒေသတွင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် ပထဝီနိုင်ငံရေးအရ ကြီးမားသော သက်ရောက် မှုများ ရှိလာနိုင်သည့် နောက်ထပ် ထုတ်ဖော်ချက် တစ်ခုလည်း ဖြစ်သည်။
ယခုဖြစ်စဉ်များအနက် မည်သည့် အချက်ကမှ စနစ်တကျ ပူးပေါင်း လုပ်ဆောင်ထားသည့် သတင်းမှား ဖြန့်ဝေမှု လမ်းကြောင်းတစ်ခု ရှိနေသည်ကို သီးခြားစီ ခွဲထုတ်ပြီး သက်သေမပြနိုင်ပေ။
လေးနက်သော ပထဝီနိုင်ငံရေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်ရာတွင် ခိုင်လုံသော သက်သေ အထောက် အထား မရှိဘဲ စိတ်မှန်း ဖြစ်နိုင်ခြေအဖြစ် ကောက်ချက်ချခြင်းကို သတိပြု ရှောင်ကြဉ်ရန် လိုအပ်သည်။
သို့သော် ကမ္ဘာ့နိုင်ငံရေးတွင် သတင်းစကားများကို ဟန်ချက်ညီညီ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာစေခြင်းသည် တစ်ခါတစ်ရံတွင် တရားဝင် ပူးပေါင်းဆောင်ရွက်မှုများကဲ့သို့ပင် ပထဝီနိုင်ငံရေး ရလဒ်များကို ထိရောက်စွာ ပုံဖော် ပေးနိုင်သည်။

ပါကစ္စတန် သတင်းဌာန တစ်ခုကို တွေ့ရစဉ်
¤ အခြားရွေးချယ်စရာ သံတမန်ရေးရာ မဟာမိတ်များ ပေါ်ထွက်လာခြင်း
မကြာသေးမီ နှစ်များအတွင်း ပါကစ္စတန်၊ တူရကီနှင့် ဆော်ဒီအာရေဗျကဲ့သို့သော နိုင်ငံများသည် ဒေသတွင်း တည်ငြိမ်ရေး၊ မဟာဗျူဟာမြောက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် သံတမန်ရေးအရ တင်းမာမှုများ လျှော့ချရေးတို့ အတွက် စိတ်ပါဝင်စားမှုများ ရှိနေကြောင်း ပြသလာခဲ့ကြသည်။
မည်သို့ပင်ဆိုစေ တရားဝင် မဟာမိတ်ဖွဲ့ခြင်းမျိုး မဟုတ်သလို ၎င်းတို့၏ အကျိုးစီးပွားများကလည်း အမြဲတမ်း ထပ်တူကျနေခြင်း မရှိပေ။
သို့သော် ထိုနိုင်ငံများသည် ပိုမို ကျယ်ပြန့်သော ဒေသတွင်း ပဋိပက္ခများ မကြီးထွား လာစေရန်နှင့် ပြိုင်ဘက် အင်အားစုများအကြား ဆက်သွယ်ရေး လမ်းကြောင်းများ ဆက်လက် ရှိနေစေရန်အတွက် ကြားဝင်စေ့စပ် သူများအဖြစ် ဆောင်ရွက်လာကြသည်။
ယခုကဲ့သို့ ပြောင်းလဲတိုးတက်လာသော သံတမန်ရေးရာ ဆုံမှတ်သည် နိုင်ငံတကာစနစ်အတွင်း ပိုမိုကျယ်ပြန့်သော အသွင်ကူးပြောင်းမှုကို ထင်ဟပ်နေသည်။
ကမ္ဘာ့အာဏာ တည်ဆောက်ပုံမှာ ပိုမိုကွဲပြားလာသည်နှင့်အမျှ အလယ်အလတ် အဆင့်ရှိ အင်အားကြီးနိုင်ငံများ (Middle powers) သည် ပုံမှန် အစဉ်အလာဖြစ်သည့် ပထဝီနိုင်ငံရေး အုပ်စုများအပေါ် မှီခိုခြင်း မရှိတော့ဘဲ မိမိတို့ဘာသာ သီးခြားခွဲထွက်ပြီး စေ့စပ်ညှိနှိုင်းသည့် အခန်းကဏ္ဍကို ရယူလာကြသည်။
မကြာသေးမီက ဒေသတွင်း သံတမန်ရေးရာ လှုပ်ရှားမှုများသည် ထိုအပြောင်းအလဲကို ပုံဖော်ပြသနေသည်။
ဒေသတွင်း တင်းမာမှုများ မြင့်တက်နေသည့် ကာလများအတွင်း ဒေသတွင်း အလယ်အလတ်အဆင့်ရှိ အင်အား ကြီး နိုင်ငံများသည် အနောက်နိုင်ငံများ ဦးဆောင်သည့် သံတမန်ရေးရာ မူဘောင်ကို အားကိုးခြင်း မရှိဘဲ ရလဒ် များကို ကိုယ်တိုင်ပုံဖော်ရန် ကြိုးပမ်းလာခဲ့သည်။
အနောက်နိုင်ငံများ ဦးဆောင်သည့် သံတမန်ရေးရာ မူဘောင်အောက်မှ သီးခြား ခွဲထွက်လာသည့် အလယ်အလတ် အဆင့်ရှိ အင်အားကြီး နိုင်ငံများသည် ဆက်သွယ်ရေး လမ်းကြောင်းများကို ချောမွေ့အောင် ကူညီပေးခြင်းဖြင့် ဖြစ်စေ၊ ပြိုင်ဘက် အင်အားကြီး နိုင်ငံများအကြား ဆက်ဆံရေးကို ဟန်ချက်ညီအောင် ထိန်းညှိပေးခြင်းဖြင့်ဖြစ်စေ သို့မဟုတ် တံခါးပိတ် ဆွေးနွေးပွဲများမှတစ်ဆင့် တင်းမာမှု လျှော့ချရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုများကို အားပေး ခြင်းဖြင့်ဖြစ်စေ ကူညီပေးလာခဲ့ကြသည်။
ထိုကဲ့သို့ ပြောင်းလဲလာမှုသည် မဟာဗျူဟာမြောက် သက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။

CBS သတင်းဌာနကို Paramount Skydance ကုမ္ပဏီ စီအီးအို ဒေးဗစ် အယ်လီဆင်ကို တွေ့ရစဉ်
ဤနေရာတွင် သတင်းစကားများဖြင့် စစ်ဆင်ရေးသည် ပိုမို၍ အရေးပါလာခဲ့သည်။
အသစ်ပြောင်းလဲလာသည့် သံတမန်ရေးရာ အပြောင်းအလဲများကို တိုက်ရိုက် ဆန့်ကျင်ရန် နိုင်ငံရေးအရ ခက်ခဲ လာသည့်အခါ၊ ကြားဝင်စေ့စပ်ပေးသည့် နိုင်ငံများ၏ ယုံကြည်စိတ်ချရမှုကို ဖျက်ဆီးခြင်းသည် ပိုမို ထိရောက်သော မဟာဗျူဟာတစ်ခု ဖြစ်လာနိုင်သည်။
အကယ်၍ ကြားဝင် ဖျန်ဖြေပေးနေသည့် နိုင်ငံများကို ယုံကြည်စိတ်ချ၍ မရသူများ၊ လှည့်ဖြားတတ်သူများ သို့မဟုတ် ပြိုင်ဘက်များ၏ အစီအစဉ်များနှင့် တိတ်တဆိတ် ပူးပေါင်းနေသူများအဖြစ် သတင်းစကားများဖြင့် ပုံဖော်နိုင်ခဲ့ပါက ကြားဝင်ဖျန်ဖြေပေးသည့် နိုင်ငံ၏ အခန်းကဏ္ဍကို ထိရောက်စွာ အားနည်းသွားစေနိုင်သည်။
ပါကစ္စတန်၏ ဖြစ်စဉ်သည် ထိုအချက်ကို ထင်ရှားစွာ ပုံဖော်ပြသနေသည်။
သမိုင်းကြောင်းအရ ကြည့်မည်ဆိုပါက ပါကစ္စတန်နိုင်ငံသည် ကျယ်ပြန့်သော ကမ္ဘာလုံးဆိုင်ရာ မီဒီယာလွှမ်းမိုးမှု နှင့် ဩဇာအာဏာရှိသည့် ဒေသတွင်း အင်အားကြီး နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နိုင်ငံတကာ သတင်းစကားများကို ထိရောက်စွာ ပုံဖော်ဖန်တီးနိုင်ရန် ရုန်းကန်ရလေ့ရှိသည်။
ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေး ပြောဆိုမှုများကို လွှမ်းမိုးနိုင်သည့် ခေတ်မီ ဆန်းပြားသော Bot farm စွမ်းရည်များ ပါကစ္စတန်တွင် ရုတ်တရက် ရှိနေပြီဆိုသည့် စွပ်စွဲချက်များသည် ပါကစ္စတန်၏ အရှိတရားနှင့်တော့ ကိုက်ညီမှု မရှိပေ။
ပါကစ္စတန်သည် အစိုးရ၏ ထုတ်ပြန်ချက်များကိုပင် နိုင်ငံတကာထံ စဉ်ဆက်မပြတ် ရောက်ရှိအောင် လုပ်ဆောင် ရန် အမြဲတမ်း အခက်အခဲရှိနေဖြင့် Bot farm စွမ်းဆောင်ရည် ရှိသည်ဆိုသည့်အချက်မှာ လက်တွေ့နှင့် ကိုက်ညီမှု မရှိပေ။
ပို၍ အရေးကြီးသည်မှာ အစ္စရေး၏ စစ်ရေး လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး အွန်လိုင်းပေါ်မှ ဝေဖန်မှု အများစုသည် ပါကစ္စတန်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုဝေဖန်မှုများသည် ပါကစ္စတန်အစိုးရက နောက်ကွယ်မှ ညွှန်ကြားသည့် လှုပ်ရှားမှုများကြောင့် မဟုတ်ဘဲ ပါကစ္စတန် ပြည်သူများ၏ စစ်မှန်သည့် ရင်တွင်း ခံစားချက်များအတိုင်း ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန် အပါအဝင် အစ္စလာမ်နိုင်ငံများတွင် နေထိုင်သည့် ပြည်သူများသည် ဂါဇာအရေးတွင် အစ္စရေးကို ပြင်းထန်စွာ ဝေဖန်နေခြင်းဖြစ်သည်။
ထို့ကြောင့် အစ္စရေးကို ဝေဖန်ရန်အတွက် ပါကစ္စတန် အပါအဝင် ကျန်အစိုးရများ အနေဖြင့် အခြေခံလူထုကြား တွင် သတင်းစကားများကို လုပ်ကြံဖန်တီးနေစရာပင် မလိုအပ်ပေ။

ဝင်ရိုးစုံ သံတမန်ရေးရာ နိုင်ငံ့ခေါင်းဆောင်တွေကို တွေ့ရစဉ်
¤ မီဒီယာ ဂေဟစနစ်များနှင့် မဟာဗျူဟာမြောက် ဘောင်သွင်းပုံဖော်မှုများ
မီဒီယာနှင့် ပတ်သက်၍ ပိုမိုကျယ်ပြန့်သော ကဏ္ဍကိုလည်း သေချာစွာ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
မီဒီယာကို ပိုင်ရှင်များက ကြိုးကိုင်ခြယ်လှယ် နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့်သာ တစ်ဖက်တည်း မကြည့်သင့်ပေ။
အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ် ကမ္ဘာ့အဓိက မီဒီယာအဖွဲ့အစည်း ကြီးများသည် သီးခြား လွတ်လပ်စွာ ရပ်တည်နေခြင်း မဟုတ်ဘဲ ဘီလျံနာများနှင့် ကော်ပိုရေးရှင်းကြီးများက ပိုင်ဆိုင်ထားသဖြင့် ထိုမီဒီယာများမှ ထွက်လာသည့် အကြောင်းအရာများသည် ပိုင်ရှင်များ၏ အကျိုးစီးပွားများနှင့် ကင်းကွာမှုမရှိသည့် အချက်ကို နားလည်ထားသင့်သည်။
ကော်ပိုရိတ် ပိုင်ဆိုင်မှု၊ နိုင်ငံရေး ကွန်ရက်များနှင့် ပထဝီနိုင်ငံရေး သတင်း စကားများအကြား ဆက်စပ်မှုကို ပိုမို ကျယ်ပြန့်စွာ ငြင်းခုံဆွေးနွေး လာသည်နှင့်အမျှ မီဒီယာများ၏ အကြောင်းအရာကို ဘောင်သွင်းပုံဖော်မှု(Media framing) နှင့် ပတ်သက်သည့် မေးခွန်းများလည်း ထွက်ပေါ်လာခဲ့သည်။
ဥပမာအားဖြင့် CBS သတင်းဌာနကို Paramount Skydance ကုမ္ပဏီ စီအီးအို ဒေးဗစ် အယ်လီဆင် (David Ellison) က ပိုင်ဆိုင်ပြီး Oracle Corporation ၏ စီအီးအိုလာရီ အယ်လီဆင် (Larry Ellison) ကလည်း ရှယ်ယာများ ထည့်ဝင်ထားသည်။
၎င်းတို့နှစ်ဦး စလုံးသည် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိသူများဖြစ်သည်။
ထိုဆက်ဆံရေးများကြောင့် သတင်းထုတ်လွှင့်မှုများ၊ တင်ဆက်မှုများတွင် ပူးပေါင်းကြံစည်မှုများ ရှိနေသည်ဟု ကျိန်းသေ သတ်မှတ်ထား၍မရပေ။
သို့သော် ပိုင်ဆိုင်မှုပုံစံ တည်ဆောက်ပုံ၊ အယူဝါဒ ပိုင်းဆိုင်ရာ နီးစပ်မှုများနှင့် ထိပ်တန်း နိုင်ငံရေး ကွန်ရက်များ သည် နိုင်ငံတကာ မီဒီယာကြီးများအတွင်း သတင်းတည်းဖြတ်မှု ဦးစားပေးချက်များ၊ အကြောင်းအရာကို ဘောင်သွင်းပုံဖော်မှု အလားအလာများနှင့် မဟာဗျူဟာမြောက် အလေးပေး ဖော်ပြမှုများကို ပုံဖော်ပေးနိုင်သည်။
ဒေသအသီးသီးရှိ မီဒီယာ အဖွဲ့အစည်းများသည် ၎င်းတို့လည်ပတ်ရာ နိုင်ငံရေးနှင့် ကော်ပိုရိတ် ရပ်ဝန်းများကို ထင်ဟပ်လေ့ရှိကြသည်။
ထို့ကြောင့် သီးခြား သတင်းထုတ်ပြန်ချက်များသည် လုပ်ကြံဖန်တီးထားခြင်း ဟုတ်၊ မဟုတ် ဆိုသည့်အချက်သည် အရေးကြီးသည့် အချက်မဟုတ်သေးပေ။
ထိုထက် ပိုအရေးကြီးသည့် အချက်မှာ ထိခိုက်လွယ်သော ပထဝီနိုင်ငံရေး အခိုက်အတန့်များအတွင်း ဒေသတွင်း ကြားဝင်စေ့စပ်ပေးသည့် နိုင်ငံများ၏ ပုံရိပ်ကို ထိခိုက်စေရန် သတင်းစကားများဖြင့် လုပ်ဆောင်နိုင်သည်ဆိုသည့် အချက်ဖြစ်သည်။

ပါကစ္စတန် သတင်းရုပ်သံလိုင်းတွေကို တွေ့ရစဉ်
¤ ဝင်ရိုးစုံ သံတမန်ရေးရာနှင့် တရားဝင်မှုအတွက် ရုန်းကန်ရမှု
ထိုကဲ့သို့ သတင်းစကားများဖြင့် ပြင်းထန်စွာ တိုက်ခိုက်နေကြခြင်းသည် ပြောင်းလဲလာနေသော ပထဝီနိုင်ငံရေး အခင်းအကျင်းကို ထင်ဟပ်ပြသနေခြင်းလည်း ဖြစ်နိုင်သည်။
အကယ်၍ ပါကစ္စတန်၊ တူရကီနှင့် ဆော်ဒီအာရေဗျ ကဲ့သို့သော နိုင်ငံများသည် အနောက်နိုင်ငံများ၏ သံတမန် ရေးရာ မူဘောင်ကို မှီခိုခြင်းမရှိဘဲ ဆွေးနွေးညှိနှိုင်းမှုများကို လွတ်လပ်စွာ ပိုမို ကူညီဆောင်ရွက် ပေးနိုင်လာလျှင်၊ နိုင်ငံတကာစနစ်အတွင်း အနောက်နိုင်ငံများ၏ သံတမန်ရေးရာ ကြီးစိုးမှုအတွက် စိန်ခေါ်မှု ဖြစ်လာမည်ဖြစ်သည်။
ဝင်ရိုးစုံ သံတမန်ရေးရာ (Multipolar diplomacy) သည် ကြားဝင်စေ့စပ်ပေးမှုများနှင့် ဒေသတွင်း ဩဇာလွှမ်းမိုး မှုများကို တစ်ဦးတည်းက အပိုင်စီးထားသည့် အခြေအနေကို တဖြည်းဖြည်း လျော့ပါးသွားစေသည်။
သတင်းအမှား အန္တရာယ်များအပြင် သံတမန်ရေးရာ ကဏ္ဍများ ထိရောက်စွာ လည်ပတ်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သော ယုံကြည်မှု တဖြည်းဖြည်းချင်း ပျက်စီးယိုယွင်းလာသည့် အခြေအနေမျိုး ဖြစ်နေသည်။
ကြားဝင်စေ့စပ်ပေးသည့် နိုင်ငံများကို နောက်ကွယ်မှ တိတ်တဆိတ် ကြိုးကိုင်သူများ၊ ယုံကြည်စိတ်ချ၍ မရသော မိတ်ဖက်များ သို့မဟုတ် လျှို့ဝှက် အစီအစဉ်များ၏ လက်ကိုင်တုတ်များအဖြစ် ထပ်တလဲလဲ ပုံဖော်ခံရသည့်အခါ သံတမန်ရေးရာ နယ်ပယ်သည် ကျဉ်းမြောင်းသွားပြီး၊ ဆွေးနွေးညှိနှိုင်းမှုများတွင် ယုံကြည်မှုအစား သံသယများ အစားထိုး ဝင်ရောက်လာကာ သဘောထားကွဲလွဲမှုများ ပိုမိုနက်ရှိုင်းလာစေမည်ဖြစ်သည်။
ထို့ကြောင့် ပိုမိုကျယ်ပြန့်သော သတင်းစကား စစ်ဆင်ရေး ပြိုင်ဆိုင်မှုသည် အနာဂတ် ကမ္ဘာ့နိုင်ငံရေး၏ တည်ဆောက်ပုံအပေါ် ပိုမိုကြီးမားသော အားပြိုင်မှုတစ်ခု ဖြစ်နေခြင်းကို ထင်ဟပ်နေသည်။
ဝင်ရိုးစုံစနစ် ပိုမို အားကောင်းလာနေသော ကမ္ဘာကြီးတွင် သံတမန်ရေးရာ သတင်းစကားများကို ပုံဖော်ဖန်တီး နိုင်ရန် ရုန်းကန်ရခြင်းသည် လက်တွေ့ သံတမန်ရေးရာ ဆောင်ရွက်မှုများကဲ့သို့ပင် အကျိုးသက်ရောက်မှု ကြီးမားလာသည်ကို သတိပြုရမည်ဖြစ်သည်။
- By CNI
- Category: ဆောင်းပါး
- Hits: 416
CNI Sport Article
၂၀၂၆ ခုနှစ်၊ မေလ ၁၅
ရီးရယ်လ်မက်ဒရစ်အသင်းဟာ ဒီရာသီအကုန်မှာ နည်းပြဟောင်း မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ပြန်လည် ခန့်အပ်မယ်လို့ အားကစားသတင်းတွေ အများအပြားမှာ ဖော်ပြထားပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရပြီး အသင်းရဲ့ အဝတ်လဲခန်းထဲမှာ အဆင်မပြေမှုတွေ အများအပြားရှိနေတာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီ ထွက်ခွာပြီးနောက် နွေရာသီမှာ ကစားသမား ဟောင်း အလွန်ဆိုကို နည်းပြသစ်အဖြစ် တာဝန်ပေးခဲ့တာပါ။
အလွန်ဆိုရဲ့ လက်ထက်မှာ ရီးရယ်လ်အသင်းဟာ ရလဒ်ပိုင်း မတည်မငြိမ်မှုတွေ ရှိခဲ့သလို ဗီနီစီးယက်စ်၊ ဘယ်လင်ဂမ် အပါအဝင် ကစားသမားတချို့ဟာ သူနဲ့ဆက်ဆံရေး အဆင်မပြေမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။
ဗီနီစီးယက်စ်ဆိုရင် သူ့ကို လူစားလဲတဲ့ အချိန်မှာ နည်းပြအလွန်ဆိုကို လက်ဆွဲ နှုတ်ဆက်မှု ပြုလုပ်ခြင်းမရှိဘဲ ထွက်ခွာခဲ့တာတွေ ဖြစ်ခဲ့တာပါ။

အလွန်ဆိုနဲ့ ဘတ်ပီကို တွေ့ရစဉ်
ရီးရယ်လ်အသင်းဟာ စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းကို အရေးနိမ့်ပြီးနောက် နည်းပြအလွန်ဆိုနဲ့ လမ်းခွဲဖို့ ဖြစ်ခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ အလွန်ဆိုရဲ့ နေရာမှာ နောက်ထပ် ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ အာဘီလိုအာကို ရာသီကုန်အထိ နည်းပြအဖြစ် တာဝန်ပေးခဲ့တာပါ။
အလွန်ဆိုရဲ့ လက်ထက်မှာ ရုန်းကန်ရမှုတွေရှိခဲ့တဲ့ ဗီနီစီးယက်စ်ဟာ အာဘီလိုအာ လက်ထက်မှာ အကောင်းဆုံး ပုံစံတွေ ပြသနိုင်ခဲ့ပေမယ့် အလွန်ဆို ကိုင်တွယ်ချိန်မှာ ခြေစွမ်းပြသခဲ့တဲ့ ဘာပေကတော့ ခြေစွမ်းကျဆင်းသွားပြီး ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။
အာဘီလိုအာရဲ့ လက်ထက်မှာလည်း ရီးရယ်လ်အသင်းဟာ ရလဒ်ကောင်းတွေရဖို့ ခက်ခဲခဲ့ပြီး လာလီဂါနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေကို လက်လွှတ်ခဲ့ရတာပါ။
အာဘီလိုအာ ကိုင်တွယ်ချိန်မှာ ရီးရယ်လ်အသင်းရဲ့ အဝတ်လဲခန်း အခြေအနေဟာ ပိုဆိုးရွားခဲ့ပြီး သူနဲ့ အသင်း ခေါင်းဆောင် ကာဗာဟယ်လ်၊ ဆီဘယ်လော့စ်တို့ အကြားမှာ တင်းမာမှုတွေရှိခဲ့ပြီး နောက်ခံလူ ရူဒီဂါနဲ့ ကာရီရက်စ်တို့အကြား ရန်ပွဲ၊ ဗယ်လ်ဗာဒီနဲ့ ချူအာမန်နီတို့အကြားမှာ ကြီးမားတဲ့ ရန်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီလို အဝတ်လဲခန်း အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် သြဇာကြီးမားတဲ့ နည်းပြတွေကို ခန့်အပ်ဖို့ လိုပြီဆိုတာကို သိရှိခဲ့ပါတယ်။
အန်ဆယ်လော့တီ လက်ထက်တုန်းက ရီးရယ်လ်အသင်းဟာ ဒီလို အခြေအနေတွေ မဖြစ်ခဲ့တဲ့အတွက် အသင်းဟာ သြဇာကြီးမားတဲ့ မော်ရင်ဟိုနဲ့ ကလော့ပ်တို့ထဲက တစ်ဦးကို ခန့်အပ်နိုင်ဖို့ ပစ်မှတ်ထားလာခဲ့တာပါ။ ဘင်ဖီကာအသင်းကို ကိုင်တွယ်နေတဲ့ မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းကို ကိုင်တွယ်ခဲ့ဖူးပြီး အသင်းရဲ့ အကြောင်း ကိုလည်း သိတာကြောင့် သူ့ကိုခန်အပ်ဖို့ အသင်းဘက်က ဆုံးဖြတ်လာဖို့ ရှိနေပါတယ်။

ရီးရယ်လ်အသင်းကို တွေ့ရစဉ်
မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းကို ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ ကိုင်တွယ်ခဲ့တဲ့ ပထမအကြိမ်မှာ လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလားတို့ကိုသာ ရယူပေးနိုင်ခဲ့တာပါ။
မော်ရင်ဟိုဟာ ဥရောပထိပ်သီး ကလပ် အများအပြားကို ကိုင်တွယ်ခဲ့ပေမယ့် နောက်ဆုံး ၁၁ နှစ်အတွင်း အမှတ်ပေးလိဂ်ကို ရယူနိုင်ခဲ့ခြင်း မရှိသလို နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ အသင်းတွေမှာ ထုတ်ပယ်ခံရတာက များနေပါတယ်။
အဲ့ဒါကြောင့် ရီးရယ်လ်အသင်းကို မော်ရင်ဟို ပြန်ပြီးကိုင်တွယ်မယ့်အပေါ် ထောက်ခံမှုတွေလည်း ရှိသလို ကန့်ကွက်မှုတွေလည်း ရှိနေကြပါတယ်။
မော်ရင်ဟိုဟာ ထိပ်တန်း ကစားသမား အများအပြားနဲ့ လက်တွဲ အလုပ်လုပ်ဖူးခဲ့တာကြောင့် ရီးရယ်လ်အသင်းက စူပါစတားတွေနဲ့ လက်တွဲ အလုပ်လုပ်ရမှာက သူ့အတွက်တော့ ခက်ခဲမှာမဟုတ်ပါဘူး။
မော်ရင်ဟိုဟာ စည်းလုံးမှုပြိုကွဲနေတဲ့ ရီးရယ်လ်အသင်းကို စည်းလုံးမှုရှိအောင် လုပ်ပေးရမှာ ဖြစ်သလို ဆုဖလား လက်မဲ့ ဖြစ်နေတာတွေကိုလည်း အဆုံးသတ်ပေးရမှာပါ။
အဲ့ဒါကြောင့် မော်ရင်ဟို အနေနဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံရမယ်ဆိုရင် ရီးရယ်လ်အသင်းရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 446
CNI Sport Article
၂၀၂၆ ခုနှစ်၊ မေလ ၈
၂၀၂၅-၂၆ ရာသီဟာ အာဆင်နယ်အသင်းရဲ့ အကောင်းဆုံးရာသီ တစ်ခုဖြစ်ပြီး အသင်းရဲ့သမိုင်းမှာ အကြီးမားဆုံး အောင်မြင်မှု ရယူနိုင်ဖို့ အခွင့်အရေးဟာ လက်တစ်ကမ်းအကွာကို ရောက်ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ ၂၂ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ပြန်လည် ရယူနိုင်ဖို့နဲ့ နှစ်ပေါင်း ၂၀ အကြာမှ ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီတွေမှာ ဆုဖလား ရယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေကနေ လက်လွှတ်ခဲ့ ရတာကြောင့် ဒီရာသီမှာ အသင်းကို ကြီးကြီးမားမား ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ နည်းပြအာတီတာရဲ့ ဦးဆောင်မှုအောက်မှာ ရာသီ တစ်လျှောက်လုံး တည်ငြိမ်တဲ့ အနေအထားရှိခဲ့ပြီး ဆုဖလား ၄ ခုစလုံး ရယူနိုင်ဖို့ ပစ်မှတ်ထားခဲ့ပါတယ်။
တကယ်လည်း အာဆင်နယ်အသင်းရဲ့ ခြေစွမ်းဟာ နေရာစုံမှာ အားကောင်းမှုကြောင့် ဆုဖလားတွေ အားလုံး ရယူနိုင်တဲ့ အခြေအနေမှာ ရှိခဲတာပါ။

အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
ဒါပေမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ မန်စီးတီးအသင်းကို အရေးနိမ့်မှု၊ FA ဖလားကွာတားဖိုင်နယ်မှာ ဆောက်သမ်တန်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ဆုဖလား ၂ ခုကို လက်လွှတ်ခဲ့ရပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားကိုသာ အာရုံစိုက်ခဲ့ရပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ဘုန်းမောက်နဲ့ မန်စီးတီးအသင်းတို့ကို ၂ ပွဲဆက် အရေးနိမ့်ခဲ့ပြီးနောက် အဆင့် ၁ နေရာကနေ ဆင်းပေးခဲ့ရပြီး အမှတ်ပေးဖလားကိုပါ ထပ်မံ ဆုံးရှုံးရမလားဆိုပြီး စိုးရိမ်စရာတွေရှိခဲ့တာပါ။
ဒါပေမယ့် အာဆင်နယ်အသင်းဟာ တည်တည်ငြိမ်ငြိမ်နဲ့ နောက်ဆုံး ၂ ပွဲကို ပေးဂိုး မပေးရဘဲ နိုင်ပွဲရယူပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုပဲ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ အက်သလက်တီကိုအသင်းကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၄ ပွဲ ကစားထားပြီး ၁၁ ပွဲအထိ အနိုင်ရကာ ၃ ပွဲသရေနဲ့ ရှုံးပွဲမရှိခဲ့တာ ဖြစ်ပါတယ်။
လန်ဒန်ကလပ်ဟာ ဒီပွဲတွေမှာ ၉ ပွဲအထိ ပေးဂိုးမပေးရဘဲ စွမ်းဆောင်ရည် အလွန်ကောင်းမွန်ခဲ့တာပါ။
အခုအချိန်မှာ အာဆင်နယ်အသင်းနဲ့ ပရိသတ်တွေကတော့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ အိပ်မက် မက်နေကြပြီ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ဒီအောင်မြင်မှုကို ရယူချင်တယ်ဆိုရင် လက်ကျန် ၄ ပွဲကို အမှားအယွင်းမရှိ ကျော်ဖြတ် ပြရတော့မှာပါ။ ၂၂ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ပြန်ရယူနိုင်ဖို့အတွက် လက်ကျန် ၃ ပွဲစလုံးကို အနိုင်ယူရမှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်း နည်းပြ အာတီတာနဲ့ ဖလား ၂ လုံးကို တွေ့ရစဉ်
ဒီလိုပဲ အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်ဖလားအတွက် လက်ရှိချန်ပီယံ PSG အသင်းကို အနိုင် ယူရတော့မှာပါ။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် လက်ကျန် ၃ ပွဲအဖြစ် ဝက်စ်ဟမ်း၊ ဘန်လေ၊ ခရစ္စတယ်ပဲလေ့စ် အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ တန်းဆင်းဇုန်ထဲကနေ လွတ်မြောက်အောင် ရုန်းကန်နေလို့ ဒီပွဲဟာ အာဆင်နယ်အသင်း အတွက် အကြီးမားဆုံး စမ်းသပ်မှုဖြစ်တာပါ။
ပရီးမီးယားလိဂ်ကနေ တန်းဆင်းပြီးဖြစ်တဲ့ ဘန်လေအသင်းနဲ့ပွဲ၊ နောက်ဆုံးပွဲအဖြစ် ကစားရမယ့် ခရစ္စတယ်ပဲ လေ့စ် အသင်းနဲ့ပွဲကိုလည်း အာဆင်နယ်အသင်းဟာ ဗိုလ်လုပွဲလို ကစားရမှာ ဖြစ်ပါတယ်။
ဒါမှ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်မှာပါ။ ဒီပွဲပြီးရင်တော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အာရုံစိုက်ပြီး ပြင်ဆင်ရမှာဖြစ်ပါတယ်။
အဲ့ဒါကြောင့် အာဆင်နယ်အသင်းဟာ ဒီ ၄ ပွဲကို အကောင်းဆုံး ကျော်ဖြတ်ပြီး အသင်းသမိုင်းမှာ အကြီးမားဆုံး ဆုဖလား ၂ ခုကို တစ်ရာသီအတွင်း ရယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Page 1 of 19
