CNI Sport Article

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၁

နိုဝင်ဘာလ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရတဲ့ နိုင်ငံအသင်းတွေ အများ အပြား ထွက်ပေါ်လာခဲ့ပြီး ပူးတွဲအိမ်ရှင် ၃ နိုင်ငံ အပါအဝင် ခြေစစ်ပွဲ အောင်မြင်တဲ့ အသင်းအရေအတွက်က ၄၂ သင်းအထိ ရှိလာခဲ့ပါတယ်။ 

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းပေါင်း ၄၈ သင်းနဲ့ ကျင်းပမှာဖြစ်လို့ လက်ကျန်ဝင်ခွင့် နေရာအတွက် ၆ နေရာသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ 

လက်ကျန် ၆ နေရာအတွက် ဥရောပဇုန် ပလေးအော့ဖ် ပွဲတွေကနေ ၄ နေရာနဲ့ Inter-confederation ပလေးအောဖ့်ကနေ ၂ နေရာရရှိမှာပါ။

ဒီပွဲစဉ်တွေကို ၂၀၂၆ ခုနှစ်၊ မတ်လမှာ ယှဉ်ပြိုင်ပြီးရင်တော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိမယ့် အသင်းအရေအတွက်အားလုံး ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ 

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရထားတဲ့ အသင်း ၄၂ သင်းကို ပြောပြပေးချင်ပြီး ဒီအထဲမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံး ယှဉ်ပြိုင်ခွင့်ရရှိတဲ့ အသင်းတွေလည်း ပါဝင်ခဲ့ပါတယ်။ 

အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါအသင်းတို့ဟာ ဒီပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်လို့ ခြေစစ်ပွဲ ယှဉ်ပြိုင်စရာ မလိုဘဲ အလိုအလျောက် ဝင်ခွင့်ရခဲ့ပါတယ်။ 

အာရှဇုန်ကနေ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ အသင်းတွေကတော့ ဂျပန်၊ အီရန်၊ ဥဇဘတ်ကစ္စတန်၊ တောင်ကိုရီးယား၊ ဂျော်ဒန်၊ သြစတြေးလျ၊ ကာတာနဲ့ ဆော်ဒီအသင်းတို့ပါ။ 

ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်သွားတဲ့ အသင်းကို တွေ့ရစဉ် 

ဥဇဘတ်ကစ္စတန်နဲ့ ဂျော်ဒန်အသင်းတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။

တောင်အမေရိကဇုန်မှာတော့ လက်ရှိ ချန်ပီယံ အာဂျင်တီးနား၊ ဘရာဇီးလ်၊ အီကွေဒေါ၊ ကိုလံဘီယာ၊ ဥရုဂွေး၊ ပါရာဂွေး အသင်းတို့ ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ 

အာဖရိကဇုန်မှာတော့ အီဂျစ်၊ ဆီနီဂေါ၊ တောင်အာဖရိက၊ ကိတ်ဗာဒီ၊ မော်ရိုကို၊ အိုင်ဗရီကို့စ်၊ အယ်လ်ဂျီးရီးယား၊ တူနီးရှား၊ ဂါနာအသင်းတို့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။ 

ကိတ်ဗာဒီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ 

ကွန်ကာကပ်ဖ်ဇုန်မှာဆိုရင် ပနားမား၊ ကူရာဆာအိုနဲ့ ဟေတီအသင်းတို့ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ကူရာဆာအို အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ 

သမုဒ္ဒရာပိုင်းဇုန်မှာတော့ နယူးဇီလန်အသင်း တစ်သင်းတည်းသာ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့် ရခဲ့ပါတယ်။ 

ဥရောပဇုန်မှာတော့ ဂျာမနီ၊ ဆွစ်ဇာလန်၊ စကော့တလန်၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ နယ်သာလန်၊ သြစတြီးယား၊ နော်ဝေ၊ ဘယ်လ်ဂျီယံ၊ အင်္ဂလန်နဲ့ ခရိုအေးရှားအသင်းတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။ 

စကော့တလန်၊ နော်ဝေနဲ့ သြစတြီးယားအသင်းတို့ဟာ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ပြန်လည်ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။ 

ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်နိုင်ငံတွေကို တွေ့ရစဉ်

 ၂၀၂၆ ကမ္ဘာ့ဖလား ဝင်ခွင့်အတွက် ကျန်ရှိနေတဲ့ လက်ကျန် ၆ နေရာကို ဘယ်အသင်းတွေ ရယူသွားနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ဒီဝင်ခွင့်အတွက် ကစားရမယ့် ပလေးအော့ဖ် ပွဲတွေကို မဲခွဲမှုပြုလုပ်ခဲ့ပါတယ်။ 

ဥရောပဇုန်ဝင်ခွင့် ၄ နေရာအတွက် လမ်းကြောင်း ၄ ခုခွဲခဲ့ပြီး လမ်းကြောင်းတစ်ခုစီမှာ အနိုင်ရတဲ့အသင်းတွေဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်ရမှာပါ။ 

ပထမလမ်းကြောင်းရဲ့ ဆီမီးဖိုင်နယ်အဖြစ် အီတလီနဲ့ မြောက်အိုင်ယာလန်၊ ဝေးလ်စ်နဲ့ ဘော့စနီးယားတို့ တွေ့ဆုံ နေပါတယ်။ 

ဆီမီးဖိုင်နယ်မှာ အနိုင်ရတဲ့ အသင်းတွေဟာ ဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရမှာပါ။ 

ဒုတိယလမ်းကြောင်းရဲ့ ဆီမီးဖိုင်နယ်အဖြစ် ယူကရိန်းနဲ့ဆွီဒင်၊ ပိုလန်နဲ့ အယ်လ်ဘေးနီးယား၊ တတိယ လမ်း ကြောင်းရဲ့ ဆီမီးဖိုင်နယ်အဖြစ် ဆလိုဗက်ကီးယားနဲ့ ကိုဆိုဗို၊ တူရကီနဲ့ ရိုမေးနီးယား၊ စတုတ္ထ လမ်းကြောင်းရဲ့ ဆီမီးဖိုင်နယ်မှာ ချက်နဲ့အိုင်ယာလန်၊ ဒိန်းမတ်နဲ့ မြောက်မက်ဆီဒိုးနီးယားတို့ ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။ 

ဒီလမ်းကြောင်းတစ်ခုစီမှာ အနိုင်ရတဲ့ အသင်းတွေဟာ ၂၀၂၆ ကမ္ဘာ့ဖလား ဝင်ခွင့်နေရာကို ရရှိမှာပါ။ 

Inter-confederation ပလေးအော့ဖ်မှာတော့ နယူးကာလီဒိုးနီးယားနဲ့ ဂျမေကာအသင်းတို့ ဆီမီးဖိုင်နယ်ကစားပြီး အနိုင်ရတဲ့အသင်းဟာ ကွန်ဂိုနဲ့ ဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး ဘိုလီးဗီးယားနဲ့ ဆူရီနမ်အသင်းတို့ရဲ့ဆီမီးဖိုင်နယ်မှာ အနိုင်ရတဲ့အသင်းဟာ အီရတ်အသင်းနဲ့ ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ်။

ဗိုလ်လုပွဲမှာ အနိုင်ရတဲ့ အသင်း ၂ သင်းဟာ ကမ္ဘာ့ဖလားဝင်ခွင့် ၂ နေရာကို ပိုင်ဆိုင်မှာပါ။ 

အဲ့ဒါကြောင့် ၂၀၂၆ ကမ္ဘာ့ဖလား ဝင်ခွင့်လက်ကျန် ၆ နေရာအတွက် ပလေးအော့ဖ် ပွဲစဉ်တိုင်းဟာ ဗိုလ်လုပွဲလို ပြိုင်ဆိုင်မှု ပြင်းထန်မှာဖြစ်ပါတယ်။ 

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်မယ့် အသင်းအရေအတွက် အားလုံးပြည့်မယ့် လက်ကျန် ၆ နေရာကို ဘယ် အသင်းတွေ ရယူသွားနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။