CNI International Article

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၄

ယူကရိန်း အရေးနှင့်ပတ်သက်ပြီး မကြာသေးမီက အမေရိကန်နှင့် ရုရှားကြား သံတမန်ရေးရာ ထိတွေ့ဆက်ဆံ မှုများတွင် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒကို ချမှတ်သည့် အီလစ်များ၏ အားနည်းချက်များအား  မြင်တွေ့ခဲ့ရ သည်။

တစ်ခါတစ်ရံတွင် အမေရိကန်ခေါင်းဆောင်များသည် စစ်မှန်ပြီး ရေရှည်တည်မြဲသည့် မဟာဗျူဟာကို ကိုင်စွဲခဲ့ သော်လည်း ရလဒ်များက လူထုအား ဇဝေဇဝါဖြစ်စေခဲ့သည်။

မတ်လအတွင်းက အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်များတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ရုရှားသမ္မတ ပူတင် (Vladimir Putin) တို့ကြား ဖုန်းဆက်သွယ် ဆွေးနွေးမှုများသည် သံတမန်ရေးရာ ဆန်းပြားမှုကို မြင်တွေ့ခဲ့ရရုံသာမက ရှုပ်ထွေးပွေလီသည့် ပထဝီနိုင်ငံရေး ပဋိပက္ခများကို ဖိအားများနှင့် မက်လုံး များပေးပြီး ဖြေရှင်းလိုသော အမေရိကန်၏ ရည်ရွယ်ချက်ကိုလည်း မြင်တွေ့ခဲ့ရသည်။

မကြာသေးမီက ထရမ့်နှင့် ပူတင်တို့ အလက်စကာတွင် ပြုလုပ်ခဲ့သော အစည်းအဝေးသည် ကြီးမားသည့် တိုးတက်မှု ဖြစ်ခဲ့သော်လည်း ခိုင်မာသည့် သဘောတူညီချက်များ မရရှိခဲ့ပေ။

ထိုအချက်က စစ်အေးကာလ ပြီးကတည်းက ရုရှားအပေါ် ထားရှိသည့် အမေရိကန်၏ မူဝါဒကြောင့် နှစ်နိုင်ငံကြား အခြေခံ နားလည်မှုလွဲနေသော ဥပမာဖြစ်သည်။

ခေါင်းဆောင်များကြား ပုဂ္ဂိုလ်ရေးရင်းနှီးမှုဖြင့် နက်နဲသည့် ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဆိုသော အယူအဆသည် ပထဝီနိုင်ငံရေး ဖြစ်ရပ်မှန်များထက် ပုဂ္ဂိုလ်ရေးရင်းနှီးမှုကို ပိုမိုယုံကြည်သည့် အမေရိကန်၏ အယူအဆကို ပေါ်လွင်စေခဲ့သည်။

ဥရောပသမဂ္ဂခေါင်းဆောင် တစ်ဦးနဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်

သို့သော် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် နယ်နိမိတ် အငြင်းပွားမှုများနှင့် သမိုင်းကြောင်းကို ပုဂ္ဂိုလ်ရေး ရင်းနှီးမှု ရှိရုံဖြင့် ဖြေရှင်းနိုင်ခြင်း မရှိသည့် အချက်ကို ထရမ့်က နားလည်သွားခဲ့ပုံပေါ်သည်။

ထို့ကြောင့် ထရမ့်သည် ယူကရိန်း၏ နယ်နိမိတ်များကို လိုချင်နေသည့် ပူတင်နှင့် အပစ်အခတ်ရပ်စဲရေး အဆိုပြု ချက်ကို စွန့်လွှတ်ခဲ့ခြင်း ဖြစ်နိုင်သည်။

ထိုအချက်ကို အမေရိကန်က နားလည်ပုံ ပေါ်ခဲ့သည့်တိုင် ပြိုင်ဘက်များအား ခြိမ်းခြောက်မှုများနှင့် မက်လုံးများ အသုံးပြုပြီး အမေရိကန်၏ အလိုဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်စေသည့် နည်းလမ်းကို ဆက်လက် ကိုင်စွဲထားဆဲ ဖြစ်သည်။ 

ယူကရိန်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲက ငြင်းပယ်မရသော အမှန်တရားကို ထွက်ပေါ်စေခဲ့သည်။

ထိုအမှန်တရားမှာ ယူကရိန်းကို အနိုင်ရစေရန်အတွက် လိုအပ်သည့် ပါဝါနှင့် အဓိက အကျိုးစီးပွားများသည် အမေရိကန်၏ လက်ထဲတွင် မရှိသော အချက်ဖြစ်သည်။

ထို့ကြောင့် အမေရိကန်သည် ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်များ အကြောင်းကို ပြောနေပြီး အမေရိကန် လက်နက်များကို ယူကရိန်းအား ပိုမိုရောင်းချပေးနေသည်။

အမေရိကန်သည် နိုင်ငံတကာပဋိပက္ခများကို နည်းလမ်း တစ်ခုတည်းဖြင့်သာ တုံ့ပြန်ဆောင်ရွက်နေပြီး ထိုနည်းလမ်းမှာ ငွေကြေးထောက်ပံ့ခြင်း၊ လက်နက်များ ထောက်ပံ့ခြင်း၊ လက်နက်များ ရောင်းခြင်းတို့ ပြုလုပ်ခဲ့ ကာ မိမိကိုယ်ကိုယ် ကမ္ဘာကြီးအား ဦးဆောင်သူအဖြစ် ပုံဖော်ခြင်းဖြစ်သည်။

ထိုချဉ်းကပ် ဆောင်ရွက်မှုက ကာကွယ်ရေးပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများကို အမြတ်ထွက်စေခဲ့သည်။

ထို့ပြင် နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူများကလည်း ထိုချဉ်းကပ်မှုကို အောင်မြင်ကြောင်း ပြောဆိုနေကြပြီး အမေရိကန်သည် အားနည်းသည့်ဘက်မှ ရပ်တည်ပေးနေသည့် ပုံစံဖြင့် လူထုကို ယုံကြည်သက်ဝင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

ယူကရိန်းအလံကို တွေ့ရစဉ်

သို့သော် ထိုအစီအစဉ်သည် ပြသနာကို ဖြေရှင်းသည့် စစ်မှန်သော အစီအစဉ် မဟုတ်ပေ။

ရုရှားက ယူကရိန်းကို အနောက်နိုင်ငံများနှင့် ပူးပေါင်းနေသည့် ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ထားချိန်တွင် အမေရိကန်က ရုရှား၏ လုံခြုံရေးအတွက် အာမခံချက်ပေးရန် ပျက်ကွက်ခဲ့သည်။

ထရမ့်၊ ဇာလန်းစကီး၊ နေတိုးအဖွဲ့ အကြီးအကဲနှင့် ဥရောပ ခေါင်းဆောင်များ အတူတကွ အစည်းအဝေး ပြုလုပ် ခဲ့ခြင်းသည်လည်း အမေရိကန်၏ နောက်ထပ် ယုံကြည်ချက်တစ်ခုကို ဖော်ပြရာရောက်ခဲ့သည်။

အမေရိကန်က ၎င်းမပါဘဲ ကမ္ဘာ့ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ဘဲ ၎င်း၏ အခန်းကဏ္ဍ ပါဝင်မှသာ ကမ္ဘာ့ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယူဆထားသည်။

ထိုအယူအဆသည် အမေရိကန်အတွက် ၎င်း ကိုင်တွယ် ဖြေရှင်းနိုင်တာထက်ပိုပြီး တာဝန်ယူ လုပ်ဆောင်ပေး ရမည့် အနေအထားသို့ ရောက်ရှိစေခဲ့သည်။

ထို့ပြင် ဥရောပနိုင်ငံများကိုလည်း အမေရိကန်အား ခေါင်းဆောင်တင်ရမည့် အနေအထားကို ရောက်ရှိစေခဲ့သည်။

ယူကရိန်းစစ်ပွဲသည် ဥရောပ၏ လုံခြုံရေးပြဿနာ ဖြစ်သော်လည်း ဥရောပနိုင်ငံများသည် ထိုပဋိပက္ခကို  လက်ရှောင်ခဲ့ကြပြီး အမေရိကန်ကိုသာ ကိုင်တွယ်ဖြေရှင်းခိုင်းခဲ့သည်။

ထို့ကြောင့် အမေရိကန်သည် ကမ္ဘာ့ခေါင်းဆောင်ဆိုသည့် အယူအဆကို ဆက်လက် ထိန်းသိမ်းရာ ရောက်ခဲ့သော် လည်း အမေရိကန်၏ ပါဝါကိုလည်း တဖြည်းဖြည်း ဆုတ်ယုတ်လာစေခဲ့သည်။

အမေရိကန်၏ သဘောထားမှာ ယူကရိန်းစစ်ပွဲမှ အစပြုပြီး ဥရောပတွင် ကြီးမားသည့် ပဋိပက္ခပျံ့နှံ့သွားမည့် အခြေအနေကို တားဆီးရန်ဖြစ်သည်။

ယူကရိန်းနဲ့ နေတိုးအဖွဲ့ကိုတွေ့ရစဉ်

ထို့ပြင် အမေရိကန်သည် ဥရောပနှင့်ရော ရုရှားနှင့်ပါ တည်ငြိမ်သည့် ဆက်ဆံရေး ထားရှိရန် လိုလားသည်။ 

သို့သော် အမေရိကန်သည် ယူကရိန်း၏ နယ်မြေများ သို့မဟုတ် နိုင်ငံရေးစနစ်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ရာတွင် ကြီးမားသည့် စိတ်ဆန္ဒမရှိခဲ့ပေ။

လက်ရှိတွင် အမေရိကန်၏ မူဝါဒသည် ယူကရိန်း၏ အချုပ်အခြာ အာဏာနှင့် ပြဿနာများကို မဖြေရှင်းနိုင်မည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များအကြား ယိမ်းထိုးနေဆဲဖြစ်သည်။

ယူကရိန်း အကျပ်အတည်းသည် အမေရိကန်၏ ကြီးမားသော မဟာဗျူဟာတွင် နက်နဲသော ပြဿနာကို ဖော်ပြရာရောက်ခဲ့သည်။

အမေရိကန်သည် ပဋိပက္ခတိုင်း အားလုံးနီးပါးကို ဝင်ရောက်စွက်ဖက်ပြီး နိုင်ငံတကာ၏ ယုံကြည်အားကိုးမှုကို ရရှိရန် ကြိုးပမ်းလေ့ရှိသည်။

သို့သော် အီရတ်၊ လစ်ဗျားနှင့် အာဖဂန်နစ္စတန် အရေးကိစ္စများတွင် ထိုကြိုးပမ်းမှုများ အောင်မြင်ခဲ့ခြင်း မရှိခဲ့သည် ကို မြင်တွေ့ခဲ့ရသည်။ 

ယခု ယူကရိန်းပဋိပက္ခတွင်လည်း အမေရိကန်၏ ကြိုးပမ်းမှုများ အောင်မြင်နိုင်ခြင်း ရှိ၊ မရှိကို စောင့်ကြည့်ရမည် ဖြစ်သည်။

ခြုံငုံသုံးသပ်ရမည်ဆိုပါက အမေရိကန်နှင့် ရုရှားကြား ဆွေးနွေးပွဲများ ဆက်လက် ပြုလုပ်ဖွယ်ရှိသော်လည်း ရလဒ်ကို ရှင်းလင်းစွာ သိရဦးမည် မဟုတ်ပေ။

ယူကရိန်း၏ အနာဂတ်သည်လည်း ရုရှား၏ လုံခြုံရေး အာမခံချက် တောင်းဆိုချက်နှင့်အတူ အလျှော့ပေး ရဖွယ်ရှိသည်။

စစ်ပွဲ ရေရှည်ဖြစ်ပွားနေခြင်းကလည်း ယူကရိန်းအတွက်ရော အမေရိကန်အတွက်ပါ ကောင်းကျိုးရှိမည် မဟုတ် ပေ။

အမေရိကန်ခေါင်းဆောင်များ အနေဖြင့် ထိုအမှန်တရားကို လက်ခံမည်ဆိုပါက စစ်မှန်သည့် သံတမန် အားထုတ် ကြိုးပမ်းမှုများကို စတင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။

Source: Asia Times