CNI International News
ဝါရှင်တန်၊ ဩဂုတ် ၂၁
အမေရိကန်နှင့် နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံများသည် ယူကရိန်းအတွက် စစ်ပွဲအလွန် လုံခြုံရေး အာမခံချက်များ ကို စတင်ရေးဆွဲနေပြီဖြစ်ကြောင်း အမေရိကန်အရာရှိများက ဩဂုတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ယူကရိန်း-ရုရှား စစ်ပွဲကို အဆုံးသတ်မည့် သဘောတူညီ ချက်တွင် ယူကရိန်းအား ကာကွယ်ရာ၌ ကူညီပေးမည်ဟု ကတိပေးခဲ့ပြီးနောက် လုံခြုံရေး အာမခံချက်များကို ရေးဆွဲနေခြင်းဖြစ်သည်။
ဩဂုတ် ၁၈ ရက်က အိမ်ဖြူတော်တွင် ထရမ့်၊ ယူကရိန်းနှင့် ဥရောပမဟာမိတ်များ အစည်းအဝေး၌ ထရမ့်က ယူကရိန်းကို ကာကွယ်ပေးမည်ဟု ကတိပြုခဲ့သော်လည်း အဖြေမရှာနိုင်သေးသည့် မေးခွန်းများ ဆက်ရှိနေဆဲ ဖြစ်သည်။
အမေရိကန်သည် ယူကရိန်းကို လက်နက် ထောက်ပံ့မှုများထက်ပိုသည့် ထောက်ပံ့ရေး အစီအစဉ်များနှင့် ပတ်သက်ပြီး ပင်တဂွန်က အစီအစဉ်များအား ရေးဆွဲနေခြင်းဖြစ်သည်ဟု အရာရှိများက ပြောကြားခဲ့သည်။
သို့သော် အမေရိကန်နှင့် ဥရောပ စစ်ရေး အစီအစဉ် ရေးဆွဲသူများသည် ရုရှားအစိုးရက လက်ခံနိုင်မည့် အစီအစဉ်များကို ရေးဆွဲရန် စဉ်းစားနေသဖြင့် အချိန်ယူရဖွယ်ရှိကြောင်း ထိုအရာရှိများက ပြောသည်။
ယူကရိန်းနိုင်ငံ တိုက်ခိုက်ခံရစဉ်
ဖြစ်နိုင်ခြေရှိသည့် အချက်တစ်ချက်မှာ ယူကရိန်းသို့ ဥရောပတပ်ဖွဲ့များ ပို့ဆောင်ရေး ဖြစ်သော်လည်း ထိုဥရောပ တပ်ဖွဲ့များကို အမေရိကန်က ကြီးကြပ်ကွပ်ကဲမည်ဟု နီးစပ်သည့် သတင်းရင်းမြစ် နှစ်ခုက ရိုက်တာကို ပြောကြား ခဲ့သည်။
ထိုစစ်သားများသည် နေတိုးတပ်ဖွဲ့၏ အလံအောက်တွင် အမှုထမ်းမည် မဟုတ်ဘဲ ၎င်းတို့၏ သက်ဆိုင်ရာ နိုင်ငံ များ၏ အလံများအောက်၌ စစ်ဆင်ရေး ပြုလုပ်မည်ဟု ဆိုသည်။
ထိုအစီအစဉ်များနှင့် ပတ်သက်ပြီး ရိုက်တာသတင်းဌာန၏ မှတ်ချက်တောင်းခံမှုကို အမေရိကန်နှင့် နေတိုးအဖွဲ့က ချက်ချင်း တုံ့ပြန်ခဲ့ခြင်းမရှိပေ။
အိမ်ဖြူတော်ကမူ ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်များပေးရန် အမေရိကန်က ကူညီပြီး ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အထောက်အကူပြုရန် ယူကရိန်းတွင် နေတိုးတပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားမည့် အစီအစဉ်အား ငြင်းဆိုထားသည်။
Source: ရိုက်တာ