CNI International News
မြူးနစ်၊ ဖေဖော်ဝါရီ ၁၈
ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy)က မဟာမိတ်များ၏ ထောက်ပံ့ကူညီမှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သော်လည်း ယူကရိန်းနိုင်ငံအတွက် အနာဂတ် လုံခြုံရေး အာမခံချက်များနှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာများ ကျန်ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဂျာမနီနိုင်ငံတွင် ကျင်းပသည့် မြူးနစ်လုံခြုံရေးဖိုရမ်တွင် ဇာလန်းစကီးက လျှပ်စစ်ဓာတ်အားပေး စက်ရုံများ ကဲ့သို့သော အခြေခံ အဆောက်အအုံများကို ကာကွယ်နိုင်ပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးနေသည့် လေကြောင်းရန် ကာကွယ်ရေးစနစ်များ ထောက်ပံ့ပေးမှုအတွက် အမေရိကန်နှင့် ဥရောပမဟာမိတ်များကို ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။
စစ်ပွဲကို အဆုံးသတ်ရန်အတွက် အမေရိကန် ဦးဆောင်သည့် ဘုံသဘောတူညီချက် ရှာဖွေခဲ့သော ကြိုးပမ်းမှုများ သည် ရုရှားတပ်ဖွဲ့များ အဓိက သိမ်းပိုက်ထားသည့် ယူကရိန်းနိုင်ငံ၊ ဒွန်ဘတ်စ် (Donbas) ဒေသ၏ အနာဂတ် ကဲ့သို့သော ခက်ခဲသည့် ပြဿနာများကို ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။
ထို့နောက် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဇာလန်းစကီးက ငြိမ်းချမ်းရေး ရရှိရန်အတွက် ဒွန်းဘက်စ် ဒေသကို လက်လွှတ်ရမည်ဆိုသည့် ရုရှား၏ တောင်းဆိုချက်၊ လွတ်လပ်သော ကုန်သွယ်မှုဇုန်အဖြစ် အမေရိကန်၏ အဆိုပြုချက်တို့သည် အလုပ်ဖြစ်မည် ဟုတ်၊ မဟုတ် မေးခွန်းထုတ်ခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်
အမေရိကန်အနေဖြင့် ငြိမ်းချမ်းရေးကို အမြန်ဆုံး ရရှိစေချင်ပြီး ယူကရိန်းနှင့်ပတ်သက်သော သဘောတူညီချက် အားလုံးကို တစ်ပြိုင်တည်း လက်မှတ် ရေးထိုးချင်သော်လည်း ယူကရိန်းဘက်ကမူ နိုင်ငံ၏ အနာဂတ်လုံခြုံရေး အာမခံချက်များကိုသာ အရင်ဆုံး လက်မှတ်ရေးထိုးချင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယူကရိန်း၏ အနာဂတ်လုံခြုံရေးကို အာမခံရန်အတွက် ဗြိတိန်နှင့် ပြင်သစ် အပါအဝင် ဥရောပနိုင်ငံများက ယူကရိန်းသို့ တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြောကြားထားပြီး ထိုအစီအစဉ်တွင် အမေရိကန်လည်း ပါဝင်လာရန် မျှော်လင့်ထားသည်။
ရုရှားသမ္မတ ပူတင် (Vladimir Putin) သည် ယူကရိန်းကို နောက်တစ်ကြိမ် တိုက်ခိုက်မည့် အခွင့်အရေးကို ရရှိချင်သဖြင့် ယူကရိန်းတွင် ပြည်ပတပ်ဖွဲ့ဝင်များ ရှိနေမည့် မည်သည့် အစီအစဉ်ကိုမဆို ရုရှားအရာရှိများက ကန့်ကွက်နေကြခြင်းဖြစ်သည်ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
အမေရိကန်က ကြားဝင်စေ့စပ်ပေးသည့် နောက်ထပ် ဆွေးနွေးပွဲများ မစတင်မီ ရုရှားအစိုးရက ၎င်းတို့၏ ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်ကို အစားထိုး လဲလှယ်ခဲ့သည့်အပေါ် မိမိအနေဖြင့် အံ့အားသင့်မိကြောင်း၊ ထိုလုပ်ရပ် မှာ ဆွေးနွေးပွဲများကို နှောင့်နှေးကြန့်ကြာအောင် တမင်တကာ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
Source: အေပီ
