CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၂၅

ရုရှားနိုင်ငံတွင် မြောက်ကိုရီးယားစစ်သား ၃၀၀၀ ခန့် ရောက်ရှိနေသည့် အထောက်အထားများ တွေ့ရှိကြောင်း အမေရိကန်က အောက်တိုဘာ ၂၃ ရက်တွင် ပထမဆုံးအကြိမ် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုလုပ်ဆောင်မှုသည် ယူကရိန်းနှင့် ဖြစ်ပွားနေသည့် စစ်ပွဲသည် သိသိသာသာ အရှိန်အဟုန် မြင့်တက်လာနိုင်သော လှုပ်ရှားမှုတစ်ခုဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ယူကရိန်းတွင် ရုရှားဘက်မှ တိုက်ပွဲဝင်ရန် မြောက်ကိုရီးယားတို့က ပြင်ဆင်နေလျှင် အခြေအနေ အလွန်ဆိုးရွား လာလိမ့်မည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်(Lloyd Austin)က ရောမ (Rome) မြို့တွင် ပြောကြားခဲ့သည်။

သို့သော် မြောက်ကိုရီးယား စစ်သားများသည် ရုရှားတွင် မည်သို့ လုပ်ဆောင်သွားမည့်အကြောင်း ဆက်လက် စောင့်ကြည့်နေဆဲဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

"ရုရှားမှာ မြောက်ကိုရီးယား စစ်သားတွေ ရှိနေတယ်ဆိုတဲ့ အထောက်အထားတွေ ရရှိထားပါတယ်"ဟု အော်စတင် က သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကို တွေ့ရစဉ်

မြောက်ကိုရီးယားစစ်သား ၃၀၀၀ ထက်မနည်းသည် ရုရှားအရှေ့ပိုင်းရှိ စစ်အခြေစိုက် စခန်းသုံးခုတွင် စစ်သင်တန်း များ လေ့ကျင့်နေသည်ဟု အမေရိကန်အနေဖြင့် ယူဆကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ( John Kirby)က အောက်တိုဘာ ၂၃ ရက်နှောင်းပိုင်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အောက်တိုဘာလ အစပိုင်းမှ လလယ်ပိုင်းကြားတွင် မြောက်ကိုရီးယား၏ ဝန်ဆန်(Wonsan)ဒေသမှ ရုရှားအရှေ့ ပိုင်း ဗလာဒီဗော့စတော့(Vladivostok )မြို့သို့ ၎င်း၏စစ်သားများကို သင်္ဘောဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဂျွန်ကာဘီက ပြောကြားခဲ့သည်။

ထို့နောက် မြောက်ကိုရီးယား စစ်သားများကို စစ်သင်တန်း လေ့ကျင့်ရေးစခန်း သုံးခုဆီ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဂျွန်ကာဘီက ဆက်ပြောသည်။

"မြောက်ကိုရီးယား စစ်သားတွေကို ယူကရိန်းနဲ့ တိုက်ခိုင်းမယ်ဆိုရင် ဒီစစ်သားတွေက တရားဝင်မှုရှိတဲ့ စစ်ရေး ပစ်မှတ်တွေ ဖြစ်လာပါလိမ့်မယ်။ ယူကရိန်းအနေနဲ့ ရုရှားစစ်သားတွေကို ခုခံတိုက်ခိုက်သလိုမျိုး မြောက်ကိုရီးယား စစ်သားတွေကို ခုခံတိုက်ခိုက်သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။

Source: Reuters